backup og meta

ယောက်ျားလေးကိုယ်ဝန်ရမလား၊ မိန်းကလေးကိုယ်ဝန်ရမလား ဆိုတာ စားသောက်မှုပုံစံနဲ့ ဆိုင်သလား

ယောက်ျားလေးကိုယ်ဝန်ရမလား၊ မိန်းကလေးကိုယ်ဝန်ရမလား ဆိုတာ စားသောက်မှုပုံစံနဲ့ ဆိုင်သလား …….. ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ဖန်ပြွန်သန္ဓေဆောင်ခြင်း၊ သုက်ပိုးထည့်သွင်းပြီး ကိုယ်ဝန်ဆောင်စေခြင်းစတဲ့ နည်းပညာကို အသုံးပြုပြီး ကိုယ်ဝန်ဆောင်ရင်တော့ ယောက်ျားလေးကိုယ်ဝန်ရမလား၊ မိန်းကလေးကိုယ်ဝန်ရမလားဆိုတာ ရွေးလို့ ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် သဘာဝအတိုင်း ကိုယ်ဝန်ဆောင်မယ် ဆိုရင်တော့ ယောက်ျားလေးမွေးမလား၊ မိန်းကလေးမွေးမလား ဆိုတာ ကံကြမ္မာအရပါပဲ။

တချို့လေ့လာချက်တွေမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့  စားသောက်မှုပုံစံက ဘာလေးမွေးမလဲ ဆိုတာအပေါ် သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါကို တိတိပပတော့ သက်သေမပြနိုင်ပေမယ့် ဗဟုသုတအနေနဲ့တော့ လေ့လာထားသင့်ပါတယ်။

ယောက်ျားလေးကိုယ်ဝန်ရမလား၊ မိန်းကလေးကိုယ်ဝန်ရမလား ဆိုတာ နဲ့ စားသောက်မှုပုံစံ

Sir Jules Thorn Charitable Trust ထူထောင်ခဲ့တဲ့ ဗြိတိန်က သုတေသနတစ်ခုမှာ သားဦး ကိုယ်ဝန်ဆောင်သူ ၇၂၁ဦးကို သူတို့ရဲ့ ကိုယ်ဝန် မဆောင်မီနဲ့ ကိုယ်ဝန်ဆောင် ပထမ၃လအတွင်း စားသောက်မှုပုံစံတွေကို စာရင်းပြုစုခဲ့ပါတယ်။ ပုံမှန်စားနေကျ အစားအစာတွေအပြင် ကိုယ်ဝန်ဆောင်ကာလမှာ စားသုံးမှုများကိုပါ မှတ်တမ်းတင်စေခဲ့ပါတယ်။

သုတေသီများက အမျိုးသမီးများကို အုပ်စု ၃ စု ခွဲခြားပြီး စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးချက်အရ တစ်နေ့ကို ကယ်လိုရီ ၂၂၀၀ နဲ့အထက် စားသုံးသူ အမျိုးသမီးများဟာ ပုံမှန်ပမာဏ ၁၈၅၀ ခန့်သာ စားသုံးတဲ့ အမျိုးသမီးများထက် သားယောက်ျားလေး မွေးဖွားနိုင်ခြေ ၁၁% ပိုမို မြင့်မားပါတယ်။

“အမျိုးသမီးတွေက ပိုပြီးစားတဲ့အခါ ယောက်ျားလေး ကိုယ်ဝန်ပိုရနိုင်ခြေ ရှိပါတယ်” လို့ အောက်စဖို့ဒ် တက္ကသိုလ်မှ Dr. ဖီအိုနာက ဆိုပါတယ်။

“ဒီအချက်က ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မိန်းကလေးတွေ အနေနဲ့ ကိုယ်အလေးချိန် ထိန်းဖို့ ကယ်လိုရီနည်းတဲ့ အစာတွေကို ရွေးချယ်လာကြတာကြောင့် သားယောက်ျားလေး မွေးဖွားနှုန်း ကျဆင်းလာတယ်ဆိုတဲ့ အချက်နဲ့ ကိုက်ညီမှု ရှိပါတယ်” လို့ သူမက ထပ်မံရှင်းပြပါတယ်။

ဒါပေမယ့် ဒီသုတေသနမှာ မိခင်ရဲ့ BMI ညွှန်းကိန်းနဲ့ မွေးကင်းစကလေးများရဲ့ ကျား/ မ ကွဲပြားမှုရဲ့ ဆက်စပ်မှု ရှိ မရှိ ပြောမထားပါဘူး။

ဒီတွေ့ရှိချက်တွေအရ လူအများဟာ ယောက်ျားလေးလိုချင်လား၊ မိန်းကလေး လိုချင်လား ဆိုတာပေါ် မူတည်ပြီး စားသုံးမှုပုံစံတွေ ပြောင်းလဲလာကြပါတယ်။

ဘာလေးလိုချင်လဲဆိုတာပေါ်မူတည်ပြီး စားသင့်တဲ့ စားသောက်မှု ပုံစံ

အထက်ပါ လေ့လာချက်ကို အခြေခံပြီးတော့ ကလေးရဲ့ လိင်ကို ရွေးချယ်နိုင်ဖို့ အမျိုးသမီးတွေက သူတို့ စားသောက်မှု ပုံစံကို ပြောင်းလဲလာကြပါတယ်။ အကြမ်းအားဖြင့်တော့

  • ယောက်ျားလေးရလိုသူများ စားသုံးမှုပုံစံ

ဒီစားသုံးမှုမှာ ကယ်လိုရီမြင့်တဲ့ အစားအစာတွေ ပါဝင်ပါတယ်။ ပိုတက်ဆီယမ်နဲ့ ဆားများတဲ့ အစာတွေဖြစ်တဲ့ ဆီရီယယ်၊ ငှက်ပျောသီး၊ အသား၊ ကော်ဖီ စတာတွေ ပါဝင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်ခန္ဓာကို တတ်နိုင်သလောက် အယ်လ်ကာလိုင်းဓာတ်များ ဖြစ်အောင်လုပ်ပြီး ယောက်ျားလေးမွေးစေမယ့်သုက်ပိုးတွေကို ရှင်သန်နိုင်ခွင့် ပိုမိုများစေဖို့ ဖြစ်ပါတယ်။

  • မိန်းကလေး ရလိုသူများ စားသောက်မှုပုံစံ

မိန်းကလေး ကိုယ်ဝန်ရချင်ရင်တော့ အထက်မှာ ပြောခဲ့တဲ့ အချက်တွေနဲ့ ဆန့်ကျင်ဘက်တွေကို ရွေးချယ်စားသုံးဖို့ပါပဲ။ ကယ်လိုရီနည်းတဲ့ အစာတွေ၊ အက်ဆစ်ဓာတ်ကဲတဲ့ အစားအစာတွေဖြစ်တဲ့ နို့ထွက်ပစ္စည်းနဲ့ ဘယ်ရီသီးတွေ ပါဝင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်ခန္ဓာရဲ့ အက်ဆစ်ဓာတ်ကို မြင့်တက်စေပြီး ယောက်ျားလေးသုက်ပိုးတွေ ရှင်သန်နိုင်မှု ခက်ခဲစေဖို့ပါပဲ။

ဒါပေမယ့် ဒီစားသောက်မှုပုံစံတွေကို ကိုယ်ဝန်မရခင် လအနည်းငယ်မှာပဲ စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီးချိန်မှာတော့ ကျန်းမာရေးကောင်းမွန်ဖို့ အာဟာရဓာတ်မျှတဲ့ အစားအသောက်တွေ စားသုံးဖို့ လိုအပ်ပါတယ်။

ခုပြောခဲ့တဲ့ စားသောက်မှုပုံစံတွေက ဘာလေးမွေးမလဲဆိုတာကို လွှမ်းမိုးနိုင်တယ်ဆိုတာ မှန်ကန်ကြောင်း သက်သေပြဖို့ လေ့လာချက်တွေ အများကြီး လိုပါသေးတယ်။ ကိုယ်ဝန်မဆောင်ခင်မှာရော၊ ကိုယ်ဝန်ဆောင်ပြီးချိန်မှာရော ကယ်လိုရီနဲ့ တခြားအာဟာရတွေ ပြည့်ဝမျှတဖို့ အရေးကြီးပါတယ်။

ဥပမာ ယောက်ျားလေး မွေးချင်ဇောနဲ့ ကယ်လိုရီနဲ့ ဆားများတာတွေ စားတဲ့အခါ အဝလွန်ပြီး သွေးတိုးတာ ဖြစ်တတ်ပါတယ်။ ဒီကြောင့် ဒီအစားအစာတွေကို သိပ်အစွဲအလမ်း မထားပါနဲ့။ ပုံမှန်တော်သင့်ရုံသာ စားပေးပါ။ ကလေးနဲ့ မိခင်ရဲ့ ကျန်းမာရေးကို ဦးစားပေးဖို့ အကြံပြုလိုပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diet before pregnancy can affect baby’s sex, new research suggests http://www.telegraph.co.uk/news/science/science-news/3340540/Diet-before-pregnancy-can-affect-babys-sex-new-research-suggests.html Accessed February 23, 2017

The Gender Selection Diet http://www.everydayfamily.com/the-gender-selection-diet/ Accessed February 23, 2017

University of Exeter press release Accessed February 23, 2017

https://royalsocietypublishing.org/journal/rspb Accessed February 23, 2017

ယခုပုံစံ

10/01/2023

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရင်သွေးလေးကို မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတိုင်းအတွက်။ ။

သင့်ရင်သွေးလေး သားသားလား၊ မီးမီးလား ဘယ်တော့ခွဲခြားနိုင်ပြီလဲ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/01/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement