brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

မီဆိုဟင်းရည်ကို လူတော်တော်များများ သိထားပြီးဖြစ်မှာပါ။ အထူးသဖြင့် ဂျပန်စာ ကြိုက်သူလေးတွေပေါ့။ ခံတွင်းရှင်းစေပြီး စားရတာ ခံတွင်းတွေ့လှတဲ့ မီဆိုဟင်းရည်ကို ပုံမှန်စားဖြစ်နေတဲ့မေမေ တစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရော ဆက်သောက်လို့ရမလား! ကိုယ်ဝန်ဆောင် မေမေ မီဆိုသောက်ရင် ဘယ်လို ကောင်းကျိုးလေးတွေ ရနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

မီဆို ဟင်းရည်ဆိုတာ

မီဆိုဟင်းရည်ဆိုတာက အချဉ်ဖောက်ထားတဲ့ ပဲပိစပ်ကို အနှစ်လုပ်ပြီး ပြင်ဆင်ရတဲ့ ဟင်းရည် တစ်မျိုးပါ။ မီဆိုဟင်းရည်ထဲမှာ ပဲပြား၊ တို့ဟူး၊ ရေညှိ၊ ကြက်သွန်မြိတ်စတာတွေကို ထည့်သွင်းပြင်ဆင်လေ့ ရှိကြပါတယ်။ 

မီဆိုက အာဟာရပြည့်ဝပြီး ကယ်လ်လိုရီ ပါဝင်မှု နည်းတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်သလို အစာခြေစနစ် ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်တယ်လို့ လူသိများကြပါတယ်။ 

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား! ဆိုတော့ ရပါတယ်။ တစ်ခုတော့ သတိထားရမှာကတော့ ဆား အများကြီးပါတာမျိုး မဟုတ်ဖို့ပါ။ ဒါကြောင့် မဝယ်ခင်မှာကတည်းက ပါဝင်ပစ္စည်းတွေကို သေချာဖတ်ဖို့ လိုပါတယ်။ 

ကိုယ်ဝန်ဆောင်ချိန်မှာ မီဆိုဟင်းရည် သောက်ပေးတာက အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင်ပါတယ်။ 

အစာခြေစနစ် ကျန်းမာစေတယ်

မီဆိုမှာ အကျိုးပြု ဘက်တီးရီးယားလေးတွေနဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း ကိုယ်ဝန်ဆောင်မေမေကို ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ကိုယ်ဝန်ဆောင်ချိန် လေပွတာ၊ လေထိုးအောင့်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 

ကိုယ်ခံအား ကောင်းစေတယ်

ပဲပိစပ်ကို အချဉ်ဖောက်ထားတဲ့ မီဆိုဟင်းရည်မှာ ပရိုတင်း ပြည့်ဝစွာ ပါဝင်နေတာက ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးသလို ကိုယ်ဝန်ဆောင်ချိန်မှာ အရိုးသိပ်သည်းဆ ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ 

သန္ဓေသား ဖွံ့ဖြိုးမှုကို ထောက်ကူပေးတယ်

မီဆိုဟင်းရည်မှာ ဗီတာမင် E၊ ဗီတာမင် K၊ ဗီတာမင် B နဲ့ ဖောလစ်အက်ဆစ်တို့ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးကိုပါ လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ ရရှိစေပြီး သန္ဓေသားကို ကောင်းစွာ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

အဝမလွန်အောင် ထိန်းပေးတယ်

မီဆိုဟင်းရည်မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံနိုင်စေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

စိတ်ဖိစီးမှု ကင်းစေတယ်

ဗီတာမင် နဲ့ သတ္တုဓာတ် တော်တော်များများ ပါဝင်နေတဲ့ မီဆိုဟင်းရည်က စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး စိတ်ဖိစီးမှု ကင်းစေဖို့နဲ့ ကိုယ်ဝန်ဆောင်ချိန် စိတ်ခံစားမှု ပြောင်းလဲတာတွေကို သက်သာစေနိုင်ပါတယ်။

သွေးလည်ပတ်မှု ကောင်းစေတယ်

မီဆိုဟင်းရည်မှာ ဗီတာမင် K ပါဝင်နေတာက သွေးတိတ်စေဖို့ လုပ်ဆောင်ပေးသလို ကိုယ်တွင်းသွေးလည်ပတ်မှု ကောင်းစေဖို့နဲ့ သွေးတွင်းအောက်ဆီဂျင် တိုးစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။

ဓာတ်ဆားဓာတ်တွေ ပြည့်ဝစေတယ်

မီဆိုဟင်းရည်က ဓာတ်ဆားဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတဲ့ ဟင်းရည် တစ်မျိုးပါ။ ချွေးထွက်များတာ၊ အန်တာတွေကြောင့် ကိုယ်တွင်းက ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတာကို သက်သာစေဖို့ မီဆိုဟင်းရည်ကို သောက်ပေးလို့ ရပါတယ်။ 

ဘာတွေ သတိထားရမလဲ!

ကိုယ်ဝန်ဆောင်မေမေအနေနဲ့မီဆိုသောက်မယ်ဆိုရင် 

  • ဆားပါဝင်မှု နည်းတာကို ရွေးပါ။ 
  • အနီရောင်အစား အဖြူရောင်ကို ရွေးပါ။ 
  • ပဲပိစပ်၊ ပင်လယ်စာတွေနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်ဖူးမယ်ဆိုရင် မသောက်သင့်ပါဘူး။ 
  • သေချာလေး ပိုးသတ်ထားတာမျိုး (Pasturized) ကို ရွေးချယ်ပေးပါ။ 
  • ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပါ။ တချို့တံဆိပ်တွေမှာ ပင်လယ်ငါးကနေ ထုတ်ထားတဲ့အတွက် မာကျူရီပါဝင်မှု ရှိပါတယ်။ မာကျူရီပါရင်တော့ မသောက်သင့်ပါ။

# မီဆိုနဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းများ

  • မီဆိုက morning sickness ကို သက်သာစေလား!
ဒါကတော့ တိတိကျကျ ပြောဖို့ ခက်ပါမယ်။ အချို့မှာ သက်သာနိုင်ပေမယ့် အချို့မှာ မသက်သာတာမျိုး ရှိနိုင်ပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်မေမေ တစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ တုံ့ပြန်ပုံတွေ မတူလို့ပါ။ 
  • မီဆိုကို နေ့တိုင်းသောက်လို့ ရမလား!
အလွန်အကျွံမဟုတ်တဲ့ ပမာဏမဟုတ်ရင်တော့ နေ့တိုင်းသောက်နိုင်ပါတယ်။ ဒါပေမဲ့ တစ်မျိုးတည်းကို နေ့တိုင်းသောက်တာထက် အာဟာရကြွယ်ဝတဲ့ တခြားအစားအစာတွေကိုပါ မျှမျှတတစားပေးဖို့ လိုပါတယ်။ ဆားပါဝင်မှုများတဲ့ မီဆိုဟင်းရည်ဆိုရင် နေ့တိုင်းမသောက်သင့်ပါ။
  • မီဆိုမှာ ဖောလစ်အက်ဆစ်တွေ ကြွယ်ဝသလား!
မီဆိုမှာ ကိုယ်ဝန်ဆောင်မိခင်ရော ကလေးဖွံ့ဖြိုးမှုအတွက်ပါ ထောက်ကူပေးနိုင်မယ့် ဖောလစ်အက်ဆစ်ပမာဏ လုံလောက်စွာ ပါဝင်နေပါတယ်။ 

ဘယ်သူတွေ မစားသင့်ဘူးလဲ!

မေမေက သွေးတိုးတတ်တာမျိုး၊ ဓာတ်မတည့်တာမျိုးတွေ ရှိမယ်ဆိုရင် ဖြစ်ဖြစ်၊ ဂလူတန် ဓာတ်မတည့်တာမျိုး ရှိမယ်ဆိုရင်ဖြစ်ဖြစ် မသောက်သင့်ပါဘူး။ 

# ဘေဘီလေးကို ဘယ်နေ့ မွေးဖွားမလဲဆိုတာကို ကိုယ်တိုင် တွက်ချက်ကြည့်လိုက်ပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/01/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။