brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်မေမေ မန်ကျည်းသီး စားလို့ ရလား!

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် ကျန်းမာစေဖို့ ဗိုက်ထဲက ဘေဘီလေး ကျန်းမာစေဖို့ ဘေဘီလေး မွေးဖွားပြီးချိန်မှာ နို့ထွက် ကောင်းစေဖို့ဆိုပြီး အစစအရာရာကို ပုံမှန်ထက် ပိုဂရုစိုက်ကြရပါတယ်။ ဒီလိုကာလမှာ အစားအစာ တစ်မျိုးမျိုးကို ပြင်းပြင်းပြပြ စားချင်တာမျိုးလည်း ရှိလာနိုင်ပါတယ်။ တကယ်လို့ ဒီလိုမျိုး မရမနေ စားချင်တာက မန်ကျည်းသီး ဖြစ်မယ်ဆိုရင် မေမေတို့ ခေါင်းထဲကို ရောက်လာနိုင်တဲ့ အတွေး တစ်ခုက ကိုယ်ဝန်ဆောင်မေမေ မန်ကျည်းသီး စားလို့ ရလား ဆိုတာပေါ့။ ဒီအကြောင်းအရာလေးကို ဆောင်းပါးလေးထဲမှာ ပြည့်ပြည့်စုံစုံ ပြောပြပေးမှာမို့ ကိုယ်တိုင် ဖတ်ကြည့်လို့ ရပါပြီ မေမေတို့ရေ ……….

ကိုယ်ဝန်ဆောင်မေမေ မန်ကျည်းသီး စားလို့ ရလား!

မန်ကျည်းသီး ဆိုတာ

မန်ကျည်းသီးဆိုတာ သစ်မာပင် တစ်မျိုးဖြစ်တဲ့ မန်ကျည်းပင်ရဲ့ အသီးပါ။ အာဖရိက မျိုးရင်းအပင်ဖြစ်ပြီး အိန္ဒိယ၊ ပါကစ္စတန်၊မြန်မာနိုင်ငံနဲ့ အပူပိုင်းဒေသတော်တော်များများမှာပေါက်ရောက်ပါတယ်။

မန်ကျည်းပင်မှာ ပဲတောင့်လိုမျိုး မန်ကျည်းတောင့်တွေ သီးပါတယ်။ အသီးရဲ့အတွင်းပိုင်းမှာ အမျှင်ဓာတ်ပါဝင်တဲ့အသားတွေက အစေ့ကိုငုံထားပါတယ်။

မန်ကျည်းသီးစိမ်းရဲ့ အတွင်းသားက စိမ်းပြီး ချဉ်ပါတယ်။ မှည့်သွားတဲ့အခါမှာတော့ အရည်ရွှမ်းတဲ့အသားဖြစ်လာပြီး အနှစ်လိုမျိုးဖြစ်လာကာ ချိုချိုချဉ်ချဉ် အရသာရှိပါတယ်။

မန်ကျည်းသီးမှာပါတဲ့ အာဟာရဓာတ်တွေ

မန်ကျည်းသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက

  • ကယ်လ်လိုရီ
  • အဆီဓာတ်
  • ဆိုဒီယမ်
  • ကစီဓာတ်
  • အမျှင်ဓာတ်
  • သကြားဓာတ်
  • ပရိုတင်း
  • ဗီတာမင် A
  • ဗီတာမင် C
  • ကယ်လ်ဆီယမ်
  • သံဓာတ် တို့ပါဝင်နေပါတယ်။

ကိုယ်ဝန်ဆောင်မေမေ မန်ကျည်းသီး စားလို့ ရလား!

ကိုယ်ဝန်ဆောင်မေမေ မန်ကျည်းသီး စားလို့ ရလား ဆိုတော့ ရပါတယ်။ အလွန်အကျွံ မဟုတ်ရင်တော့ ဘေးကင်းပါတယ်။ မန်ကျည်းသီးက ဝမ်းချုပ်တာကို သက်သာစေနိုင်သလို အရောင်ကျစေနိုင်ပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝစွာ ပါဝင်နေတာကလည်း ဝမ်းပျက်တာကို သက်သာစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မန်ကျည်းသီး စားပေးတာက အခုလို အကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ပါတယ်။

  • အရောင်ကျစေနိုင်တယ် – အရောင်ကျစေနိုင်တဲ့ အာနိသင် ရှိတာကြောင့် ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံး ရက်သတ္တပတ်တွေမှာ ဖြစ်လေ့ရှိတဲ့ ခြေချင်းဝတ်မှာ ရောင်ရမ်းတာကို သက်သာစေသလို လေပွတာ၊ ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင် ဆီးချို ကာကွယ်ပေးတယ် – မန်ကျည်းသီးမှာ ဖလေဗာနွိုက် နဲ့ polyphenols ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
  • သွေးပေါင်ချိန် ထိန်းညှိပေးတယ် – မန်ကျည်းသီးမှာ ဆိုဒီယမ် အနည်းငယ်နဲ့ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် သွေးတိုးမဖြစ်စေဖို့ စားပေးလို့ ရပါတယ်။
  • ဝမ်းချုပ်မှု ကင်းစေတယ် – မန်ကျည်းသီး မှည့်က အမျှင်ဓာတ် ပါဝင်တာကြောင့် ဝမ်းမှန်စေဖို့ ထောက်ကူပေးပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။
  • ဝမ်းကိုက်တာကို သက်သာစေတယ် – မန်ကျည်းသီးက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးသလို ဝမ်းကိုက်တာ ဝမ်းပျက်တာတွေကို သက်သာစေဖို့လည်း သုံးဆောင်ပေးလို့ ရပါတယ်။
  • ကင်ဆာ ဖြစ်နိုင်ခြေ လျှော့ချပေးတယ် – မန်ကျည်းသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကလည်း ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန် မအီမသာဖြစ်တာကို သက်သာစေတယ် – ကိုယ်ဝန်ဆောင်ချိန်မှာ အော့အန်တာ၊ မအီမသာ ဖြစ်တာတွေကို သက်သာစေဖို့ဆိုရင် မန်ကျည်းသီး မှည့်လေးကို ဆားလေးနဲ့ စားပေးလို့ ရပါတယ်။

ဘာတွေ သတိထားရမလဲ

မန်ကျည်းသီးက ကိုယ်ဝန်ဆောင်မေမေတွေအတွက် အကျိုးများတယ် ဆိုပေမယ့် အလွန်အကျွံ စားသုံးမယ်ဆိုရင်တော့ ကလေးကို ထိခိုက်စေနိုင်သလို ကလေးကို လုံလောက်တဲ့ အာဟာရ ရရှိမှုကိုလည်း အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေ ရှိတာက ကလေးဆီ သွေးစီးဆင်းရောက်ရှိမှု ကမောက်ကမဖြစ်စေတာအပြင် သွေးတွင်းသကြားဓာတ် နဲ့ သွေးပေါင်ချိန်ကို ထိခိုက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

# အမှာစကား

မန်ကျည်းသီးက ကိုယ်ဝန်ဆောင်မေမေကိုရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်တယ် ဆိုပေမယ့် အလွန်အကျွံ စားတာက မကောင်းပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးပါ။ ဆေးတစ်ခုခု သောက်နေရတာမျိုး ရှိမယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/06/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။