backup og meta

ချိုချိုချဉ်ချဉ် ရှောက်ချိုသီးလေး စားရအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချိုချိုချဉ်ချဉ် ရှောက်ချိုသီးလေး စားရအောင်

    ရှောက်ချိုသီးလေး ကို အကွင်းလိုက်လေးလှီး။ ဆားလေးနည်းနည်း၊ သကြားပါတယ်ဆိုရုံလေးထည့်၊ ငရုတ်သီးအရောင်တင်မှုန့်လေးနဲ့ မွှေပြီးစားရတာကိုကြိုက်တယ်ဟုတ်။ ဖျော်ရည်ဖျော်သောက်ရင်လည်း ချိုချိုချဉ်ချဉ်လေးနဲ့ တော်တော်လေးခံတွင်းရှင်းစေတယ်နော်။ ဒီစားကောင်းတဲ့ ရှောက်ချိုသီးလေးကို စားသာစားနေရတယ်။ ဘာအကျိုးကျေးဇူးတွေများပေးလဲဆိုတာ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

    ရှောက်ချိုသီး ဆိုတာ

    ရှောက်ချိုသီး ဆိုတာက ရှောက်သီး၊ သံပုရာသီး၊ လိမ္မော်သီးတို့နဲ့ မျိုးရင်းတူတဲ့ အသီး တစ်မျိုးပါ။ အခွံက အစိမ်းရောင် ရင့်ရင့်၊ အစိမ်းရောင်ဖျော့ဖျော့ နဲ့ အဝါရောင် သန်းတာအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။

    အပေါ်ခွံအောက်မှာ ကျွဲကောသီးလိုမျိုး ဂွမ်းသား နည်းနည်းပါတတ်ပြီး အဖြူရောင် ဂွမ်းသားကို ဖယ်လိုက်ရင်တော့ လိမ္မော်သီးလိုမျိုး ပုံစံကို တွေ့ရမှာပါ။ ရှောက်ချိုသီး ကလည်း အမွှာလေးတွေနဲ့ပဲ ဆိုပေမယ့် လိမ္မော်သီးလို ခွာစားလို့ မရပါဘူး။ အကွင်းလိုက် လှီးပြီး ဒါမှမဟုတ် အစိတ်လေးတွေ စိတ်ပြီး စားရတာပါ။

    ရှောက်ချိုသီးက အိန္ဒိယ မျိုးရင်းပင်ဖြစ်ပြီး အရှေ့တောင် အာရှနေရာတော်တော်များများမှာ ပေါက်ရောက်ပါတယ်။

    ရှောက်ချိုသီးမှာ ပါတဲ့ အာဟာရ

    ချိုချိုချဉ်ချဉ်နဲ့ စားရတာ အရသာရှိလှတဲ့ ရှောက်ချိုသီးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

    • ကယ်လ်လိုရီ
    • ပိုတက်ဆီယမ်
    • အမျှင်ဓာတ်
    • သံဓာတ်
    • ကယ်လ်ဆီယမ်
    • ဖော့စဖရပ်
    • ပရိုတင်း
    • ဗီတာမင် C
    • ဗီတာမင် A
    • ဖလေဗာနွိုက် တို့ ပါဝင်နေပါတယ်။

    ချိုချိုချဉ်ချဉ်ရှောက်ချိုသီးလေးက ပေးတဲ့ကျန်းမာရေး……..

    ဖျော်ပဲသောက်သောက်၊ ဒီအတိုင်းပဲစားစား စားလို့ကောင်းပြီး အရသာရှိတဲ့ရှောက်ချိုသီးလေးက ခွာရတာ နည်းနည်းအလုပ်ရှုပ်ပေးမယ့် အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေရစေနိုင်ပါတယ်။

    အစာခြေစနစ်ကျန်းမာစေတယ်

    ရှောက်ချိုသီးက သံပရာမျိုးရင်းအပင်တစ်မျိုးဖြစ်ပြီး အစာခြေစနစ်ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အစာခြေရည်ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပြီး အူနံရံတွေကို အာဟာရတွေစုပ်ယူမှုကောင်းအောင် ထောက်ပံ့ပေးသလို အစာခြေစနစ်တလျှောက်မှာရှိတဲ့ အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်၊ ဗိုက်ရစ်နာတာ၊ မအီမလည်ဖြစ်နေတာတွေကို သက်သာစေဖို့အတွက်လည်း ရှောက်ချိုသီးကို စားပေးလို့ရပါတယ်။

    ဗီတာမင် C ချို့တဲ့မှုမဖြစ်အောင် ကာကွယ်ပေးတယ်

    ဗီတာမင် C ချို့တဲ့လာတဲ့အခါ အအေးမိတာ၊ တုပ်ကွေးဖြစ်တာနဲ့ သွားဖုံးတွေ ရောင်ရမ်းတာမျိုးဖြစ်စေနိုင်သလို ခံတွင်းနဲ့ လျှာထဲမှာ အနာတွေဖြစ်တာမျိုး ဖြစ်လာစေနိုင်ပါတယ်။ ဒီပြဿနာတွေကင်းစေဖို့နဲ့ သက်သာဖို့အတွက်ဆိုရင် ရှောက်ချိုသီးဖျော်ရည် သောက်ပေးလို့ရပါတယ်။

    ကိုယ်ခံအားကောင်းစေနိုင်တယ်

    ရှောက်ချိုသီးမှာ ကင်ဆာကို တိုက်ဖျက်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝသလို ဘက်တီးရီးယားတွေကို တိုက်ဖျက်လို့ အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တဲ့ flavonoids limonin glucoside ပါဝင်နေပါတယ်။ ဒီလိုကြွယ်ဝမှုကြောင့်ပဲ ခန္ဓာကိုယ်ကို ကူးစက်ရောဂါတွေ၊ ခံတွင်းအနာတွေမဖြစ်အောင်ကာကွယ်ပေးသလို သွေးစီးဆင်းမှုကောင်းပြီး ကိုယ်ခံအားကိုလည်း အကောင်းဆုံးအနေအထားဖြစ်အောင် တည်ဆောက်ပေးထားပါတယ်။

    ဆံသားကျန်းမာစေတယ်

    ဗောက်ပြဿနာ၊ ဆံသားခြောက်တာတို့လိုမျိုး ဦးရေပြားနဲ့ ဆံသားပြဿနာတွေ ကင်းစေဖို့ဆိုရင် ဆံသားအတွက်လိုအပ်တဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ ရှောက်ချိုသီးကို စားပေးပါ။ ဆံပင်အဖျားနှစ်ခွဖြစ်တာကိုလည်း ထိထိရောက်ရောက်သက်သာစေနိုင်မှာပါ။

    အသားအရေ ကျန်းမာစေနိုင်တယ်

    အသားအရေခြောက်နေတာ၊ အသားအရောင်မညီတာ၊ အသားကြမ်းတာတွေ သက်သာစေဖို့ဆိုရင် အရေပြားကျန်းမာရေးအတွက် အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ အာဟာရတွေ ကြွယ်ဝစွာပါဝင်နေတဲ့ ရှောက်ချိုသီးကို စားပေးလို့ရပါတယ်။ အနာကျက်မြန်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ အသားအရေကို အကောင်းဆုံးအစိုဓာတ်ဖြည့်ပေးနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ဝက်ခြံနဲ့ အမျိုးမျိုးသော အရေပြားပြဿနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    ရေဓာတ်ဖြည့်ပေးနိုင်တယ်

    အချိုရည်သောက်ချင်လာတဲ့အခါ သဘာဝအသီးအရသာစစ်စစ်နဲ့ ရှောက်ချိုသီး ဖျော်ရည်လေးကို သောက်ပေးပါ။ ဒီလိုသောက်ပေးတာက လိုအပ်တဲ့ရေဓာတ်ကိုဖြည့်ပေးနိုင်မယ့်အပြင် ခန္ဓာကိုယ်မှာလိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုပြည့်ဝအောင်ဖြည့်ပေးနိုင်မှာပါ။ အပူလျှပ်တာကို သက်သာစေဖို့လည်းသောက်ပေးလို့ရပါတယ်။

    အရိုးကျန်းမာစေနိုင်တယ်

    ရှောက်ချိုသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှုက အဆစ်ရောင်ကြောင့်ဖြစ်တဲ့ အဆစ်တွေရောင်ရမ်းတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ကယ်လ်ဆီယမ်စုပ်ယူမှုကောင်းအောင် အားဖြည့်ပေးနိုင်ပြီး အရိုးဆဲလ်တွေအသစ်ဖြစ်ပေါ်အောင်လှုံ့ဆော်ပေးသလို အရိုးတွေကို သန်မာစေမှာ အသေအချာပါ။

    အမြင်အာရုံကောင်းစေတယ်

    ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝနေသလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့အာနိသင်လည်းပါတာကြောင့် အမြင်အာရုံကို ကျန်းမာစေပြီး အမြင်အာရုံဆိုင်ရာ ပြဿနာတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။

    ဝမ်းမှန်စေတယ်

    ရှောက်ချိုသီးမှာ ပါဝင်တဲ့ အက်ဆစ်က အစာခြေစနစ်လမ်းကြောင်းတလျှောက်က အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်သလို အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက ဝမ်းမှန်စေဖို့ အထိရောက်ဆုံးပံ့ပိုးပေးနိုင်ပါတယ်။ ဝမ်းချုပ်တတ်ရင်တော့ ရှောက်ချိုသီးဖျော်ရည်ကို သောက်ပေးပါလို့ပြောပါရစေနော်။

    ကင်ဆာကာကွယ်ပေးတယ်

    ရှောက်ချိုသီး မှာပါတဲ့ limonoids က ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာကာကွယ်ချင်တယ်ဆိုရင် ရှောက်ချိုသီးလေးစားပေးလို့ရပါတယ်။

    ဝိတ်ကျစေနိုင်တယ် 

    ဝိတ်ချနေရတယ်။ အသီးဖျော်ရည်သောက်ချင်တယ်ဆိုရင် ရှောက်ချိုသီးကို ပျားရည်လေးနဲ့ရောပြီး ရေနွေးနွေးလေးနဲ့ ဖျော်လို့သောက်ပေးပါ။ သွေးတွင်းကိုလက်စထရောကျစေပြီး သွေးပေါင်ထိန်းညှိပေးသလို မလိုချင်တဲ့ ကိုယ်အလေးချိန်အပိုတွေကိုလည်း ကျစေမှာပါ။

    ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေနိုင်တယ်

    ရှောက်ချိုသီးမှာ ပိုတက်ဆီယမ်ပါဝင်နေမှုက ကျောက်ကပ်၊ ဆီးအိမ်တို့ကို ကျန်းမာစေပြီး ဆီးလမ်းကြောင်းမှာပိုးဝင်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေဖို့ဆိုရင် ရှောက်ချိုသီးစားပေးလို့ရပါတယ်။

    ဒါတွေအပြင် ပန်းနာရင်ကျပ်ဂေါက်ရောဂါ နဲ့ ကားမူးတာသက်သာစေဖို့အတွက်လည်း ရှောက်ချိုသီးကို စားသုံးပေးလို့ရပါတယ်။

    ရှောက်ချိုသီးက ကျန်းမာစေသလား

    ရှောက်ချိုသီးလေး က ကျန်းမာစေပါတယ်။
    • အစာခြေစနစ်ကျန်းမာစေတယ်
    • ဗီတာမင် C ချို့တဲ့မှုမဖြစ်အောင်ကာကွယ်ပေးတယ်
    • ကိုယ်ခံအားကောင်းစေနိုင်တယ်
    • ဆံသားကျန်းမာစေတယ်
    • အသားအရေကျန်းမာစေနိုင်တယ်
    • ရေဓာတ်ဖြည့်ပေးနိုင်တယ်
    • အရိုးကျန်းမာစေနိုင်တယ်
    • အမြင်အာရုံကောင်းစေတယ်
    • ဝမ်းမှန်စေတယ်
    • ကင်ဆာကာကွယ်ပေးတယ်
    • ဝိတ်ကျစေနိုင်တယ်
    • ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေနိုင်တယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement