ပိန္နဲသီးကြိုက်တယ်။မွှေးနေတာပဲ။ စားချင်လိုက်တာ။ ကိုယ်ဝန်ဆောင်ထားရလို့ စားလို့ဖြစ်ပါ့မလား၊လို့ တွေးနေတဲ့ မမဗိုက်တို့ရေ… ဒီဆောင်းပါးလေးဖတ်ကြည့်ပါ။ ဆောင်းပါးလေးထဲမှာ ကိုယ်ဝန်ဆောင်မေမေ ပိန္နဲသီး စားလို့ရမလား ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်မေမေ ပိန္နဲသီး စားလို့ရမလား
ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီး စားလို့ရလားဆိုတော့ မစားဖို့ပြောကြတာရှိသလို စားလို့ရတယ်လို့ပြောကြတာလည်းရှိပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာတော့ အနည်းအကျဉ်းစားလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အစားအသောက်ကို ဂရုစိုက်တာကတော့ အကောင်းဆုံးဖြစ်မှာပါ။လေ့လာချက်တိတိပပ မရှိပေမယ့်တော်တော်များများကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီး မစားတာ အကောင်းဆုံးပါ၊ လို့ ပြောနေကြပါတယ်။
ဒီလိုအခြေအနေတွေကတော့ လုံးဝမစားသင့်ပါဘူး
ကိုယ်ဝန်ဆောင်မေမေ အနေနဲ့ ဒီလိုအခြေအနေ ရှိနေမယ်ဆိုရင်တော့ ပိန္နဲသီး မစားသင့်ပါဘူး။
ဆီးချိုရောဂါ ရှိနေရင် – ပိန္နဲသီးက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် ဆီးချိုရှိတဲ့ မေမေတွေ မစားသင့်ပါဘူးနော်။
သွေးရောဂါ တစ်ခုခုရှိသူတွေ – ပိန္နဲသီးက သွေးခဲစေနိုင်တာကြောင့် သွေးရောဂါ တစ်ခုခု ရှိသူတွေ မစားသင့်ပါဘူး။
အစာခြေစနစ် အားနည်းသူတွေ – ပိန္နဲသီးက အမျှင်ဓာတ်များပြီး အစာကြေခဲတာကြောင့် အစာခြေစနစ် ပြဿနာ ရှိသူတွေ မစားသင့်ပါဘူး။
ပိန္နဲသီးနဲ့ဓာတ်မတည့်သူတွေ – ပိန္နဲသီး စားပြီးတိုင်း အော့အန်တယ်။ ဝမ်းသွားတယ်ဆိုရင် ပိန္နဲသီးနဲ့ ဓာတ်မတည့်တာ ဖြစ်နိုင်တာကြောင့် မစားပါနဲ့။
ကိုယ်ဝန်ဆောင် နဲ့ ပိန္နဲသီး
အပေါ်က အခြေအနေတွေ မရှိဘူးဆိုရင်တော့ ပိန္နဲသီးကို အနည်းအကျဉ်း စားလို့ရပါတယ်။ ပိန္နဲသီး စားသုံးပေးတာက ကိုယ်ဝန်ဆောင်မေမေအတွက် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
သတ္တုဓာတ်တွေရရှိစေနိုင်တယ်
ပိန္နဲသီးက ကယ်လ်ဆီယမ်၊ ဇင့်၊ ၊ ဘီတာ ကယ်ရိုတင်းတို့ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေကို ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။
သွေးပေါင်ကျစေနိုင်တယ်
ကိုယ်ဝန်ဆောင်သွေးတိုးကို ကာကွယ်ပေးသလို သွေးတိုးရှိသူတွေမှာလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ သွေးတိုးကို ကာကွယ်ချင်သူတွေ စားပေးလို့ရပါတယ်။
အင်အားပြည့်စေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ မောပန်းလွယ်တာ၊ မအီမသာ ဖြစ်တာတွေကို လျော့ပါးစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အားပြည့်လန်းဆန်း နေစေမယ့် အစားအစာ တစ်ခုပါ။
ဝမ်းချုပ်တာကိုသက်သာစေနိုင်တယ်
အမျှင်ဓါတ်ပါဝင်နေတာကြောင့် အူတွေကို လှုပ်ရှားမှုကောင်းစေနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။
ဆိုဒီယမ်ပါဝင်မှုနည်းတယ်
အဆီနဲ့ ဆိုဒီယမ်ပါဝင်မှုနည်းတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားလို့ရတဲ့ အသီးတစ်ခုပါ။
သန္ဓေသားကိုကြီးထွားစေတယ်
ဗီတာမင်အေ၊ ဗီတာမင် စီ၊ဖောလိတ်၊ သံဓာတ်တို့ပါဝင်နေတာကြောင့် ပိန္နဲသီး အတန်အသင့်စားသုံးပေးမှုက သန္ဓေသားလေးကြီးထွားဖို့ အထောက်အကူပြုပေးနိုင်မှာပါ။
စိတ်ဖိစီးမှု လျော့ကျစေနိုင်တယ်
ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေကို လျော့ပါးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုက ဘေဘီလေးအတွက် မကောင်းတဲ့ အရာဆိုတော့ ပိန္နဲသီး နည်းနည်းလောက်စားလို့ စိတ်ဖိစီးမှု ကင်းကင်းနေလိုက်ပါ။
ကိုယ်ခံအား ကောင်းစေတယ်
ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအား ကောင်းစေဖို့ လိုအပ်တဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာမှုကင်းပြီး ကိုယ်ခံအား ကောင်းနေစေဖို့ စားပေးသင့်ပါတယ်။
ပိန္နဲသီးမစားပါနဲ့ပြောရတဲ့အကြောင်းအရင်းက
သွေးတွင်းသကြားဓာတ် မြင့်တဲ့သူတွေ၊ ကိုယ်ဝန်ဆောင်ဆီးချို ခံစားနေရသူတွေအနေနဲ့ အချိုဓာတ်ကဲတဲ့ ပိန္နဲသီးကို စားသုံးမှုကြောင့် မလိုလားအပ်တဲ့နောက်ဆက်တွဲ ပြဿနာတွေ မေမေရော ဘေဘီမှာပါ ခံစားနိုင်ရတာကြောင့် မစားဖို့ ပြောရတာပါ။ ပိန္နဲသီးက အခန့်မသင့်ရင် ဝမ်းပျက်စေနိုင်တာကြောင့်လည်း ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ အများကြီး စားဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေ အနေနဲ့ ပိန္နဲသီး ကြိုက်တယ်ဆိုရင် သန့်ရှင်းလတ်ဆတ်တဲ့ အသီးကို နည်းနည်းလောက်ပဲ စားပေးပါလို့ အကြံပြုပါရစေနော်။
ကိုယ်ဝန်ဆောင်ချိန် ပိန္နဲသီး စားလို့ ဖြစ်ပါ့မလား
[embed-health-tool-due-date]