brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်တွေ အန်ပဲအန်နေမယ်ဆိုရင်

ရုပ်ရှင်ထဲမှာ မင်းသမီးအန်နေပြီဆိုရင် ကိုယ်ဝန်ရှိဖို့ ၉၉ရာခိုင်နှုန်းသေချာပါတယ်။ အပြင်မှာလည်း နေလို့မကောင်းဘူး။ အန်တယ်။ ပျို့တယ်ဆိုရင် ကိုယ်ဝန်ရှိနေလားဆိုပြီး အရင်စဥ်းစားကြပါတယ်။ ကိုယ်ဝန်ဆောင်တွေ မှာ ပျို့တာ၊ အန်တာကပုံမှန်ပါပဲ။ ဒါကို Morning sicknessလို့ခေါ်ပါတယ်။ Morning ဆိုပေမယ့် တစ်နေကုန်အန်ချင်လည်း အန်နိုင်ပါတယ်။ ၁ရာခိုင်နှုန်းလောက်ကတော့ အပြင်းအထန်အန်တာ၊ ပျို့တာ ဖြစ်နိုင်ပါတယ်။ ဒါကို Hyperemesis gravidarum (HG)လို့ခေါ်ပါတယ်။ ပြင်းထန်လွန်းလို့အစားမဝင်တာ၊ ရေမဝင်တာအထိဖြစ်တတ်ပါတယ်။ သိပ်ဆိုးရင် ဆေးရုံတက်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ သာမန်နဲ့ အန်တာနဲ့ မတူဘဲ ကိုယ်ဝန်ဆောင်တွေ အန်ပဲအန်နေမယ်ဆိုရင် ဒီပြဿနာကို ထည့်စဉ်းစားရပါတယ်။

ကိုယ်ဝန်ဆောင်တွေ အန်ပဲအန်နေမယ်ဆိုရင်

ကိုယ်ဝန်ဆောင်တွေ အန်ပဲအန်နေရတဲ့ အကြောင်းရင်း

Hyperemesis gravidarumက ဘာကြောင့်ဖြစ်တာလဲဆိုတာ အတိအကျမပြောနိုင်သေးပေမယ့် ဟော်မုန်းအပြောင်းအလဲလို့ကြောင့်လို့ ယူဆကြပါတယ်။ အထူးသဖြင့် အချင်းကထုတ်တဲ့ hCGဟော်မုန်းပါ။ သာမန်ကိုယ်ဝန်ဆောင်တွေ ပျို့အန်တာက ကိုယ်ဝန် ၃၊ ၄လလောက်ဆိုရင် သက်သာသွားတတ်ပေမယ့် HGကတော့ ဒီ့ထက်ပိုကြာတတ်ပါတယ်။ အဖြစ်များတဲ့သူတွေကတော့

  • အရင်ကမိသားစုထဲမှာ HGဖြစ်ဖူးတဲ့သူတွေ
  • အမြွာကိုယ်ဝန်ရှိသူတွေ
  • အဝလွန်သူတွေ
  • သားဦးကိုယ်ဝန်တွေ
  • စပျစ်သီးကိုယ်ဝန်ရှိသူတွေမှာ ပိုတွေ့ရတတ်ပါတယ်။
  • Hyperemesis gravidarum ကြောင့် ဘာလက္ခဏာတွေ ခံစားရမှာလဲ။

    HGက သာမန် morning sicknesseနဲ့ မတူတာက morning sicknessက ကိုယ်ဝန် ၃၊ ၄လလောက်ဆိုသက်သာပေမယ့် HGက ကလေးမမွေးခင်အထိ တောက်လျှောက်ခံစားရတတ်ပါတယ်။ တချို့တွေကတော့ ကိုယ်ဝန်ပတ် ၂၀လောက်ဆို သက်သာသွားတတ်ကြပါတယ်။ လက္ခဏာတွေကတော့

    • တစ်နေကုန်ပျို့နေတာ
    • အစားအသောက်ပျက်တာ
    • တစ်နေ့ကို မကြာခဏအန်တာ
    • ရေဓာတ်ဆုံးရှုံးတာ
    • ဆီးနည်းသွားတာ
    • မအီမသာဖြစ်တာ
    • ခေါင်းမူးတာ
    • သွေးပေါင်ကျတာ
    • အနံ့မခံနိုင်တာ
    • တံတွေးအထွက်များတာ
    • အအန်များ၊ အစားအသောက်ပျက်လို့ ပိန်သွားတာ
    • သတိလစ်သွားတာ စတာတွေပဲဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန် အအန်လွန်တာက ကလေးအတွက် အန္တရာယ်ရှိလား

    အမေကသာ မအီမသာဖြစ်တာ ကလေးအတွက်ကတော့ အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် အမေအစားမဝင်လို့ အားနည်းနေရင် ပေါင်မပြည့်တဲ့ ကလေးမွေးနိုင်ပါတယ်။ တစ်ခါဖြစ်ဖူးရင် နောက်ကိုယ်ဝန်တွေမှာလည်း ဖြစ်တတ်တဲ့အတွက် နောက်ထပ်ကိုယ်ဝန်ယူမယ်ဆိုရင်ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

    ကိုယ်ဝန်ဆောင်တွေ အန်ပဲအန်နေမယ်ဆိုရင် ဘယ်လိုကုသမလဲ။

    အရင်ဆုံး အိမ်မှာနေရင်း လုပ်နိုင်တာတွေကတော့

    • အစားနည်းနည်းနဲ့ ခဏခဏစားပါ။
    • ကိုယ်နဲ့တည့်တာ ဘာပဲဖြစ်ဖြစ် ဝင်အောင်စားပါ။
    • ရေများများသောက်ပါ။ အသီးဖျော်ရည်တွေလည်း သောက်နိုင်ပါတယ်။
    • ပရိုတင်းဓာတ်များပြီး အဆာခံတဲ့ အစားအစာတွေစားပါ။
    • ဘီစကစ်ခြောက်တွေ၊ ကရက်ကာတွေလည်း စားနိုင်ပါတယ်။

    ဒါနဲ့မှ မရဘူး။ ပိုဆိုးလာတယ်ဆိုရင် ဆေးရုံဆေးခန်းသွားပါ။ လိုအပ်ရင် အအန်ပျောက်ဆေးတွေ၊ အစားမဝင်လို့ ပုလင်းကြီးချိတ်တာတွေ လုပ်ရပါမယ်။ ဒါ့ပြင် ပုံမှန်မဟုတ်တဲ့ စပျစ်သီးကိုယ်ဝန်ရှိမရှိကိုလည်း အယ်ထွာဆောင်းရိုက်တာ၊ ဆေးစစ်တာတွေ လုပ်ဖို့ လိုပါတယ်။ စပျစ်သီးကိုယ်ဝန်ကြောင့်ဆိုရင် ဒါကိုပါ ကုသရမှာပါ။

    ကိုယ်ဝန်ဆောင်တွေ အန်ပဲအန်နေမယ်ဆိုရင် နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။

    ကိုယ်ဝန်ဆောင်ချိန်မှာ သားသားမီးမီးလေးတွေကို မျှော်လင့်နေတဲ့ မေမေဟာ ဒီလိုပျို့အန်တာတွေကြောင့် စိတ်ရော ကိုယ်ပါ ပင်ပန်းတတ်ကြပါတယ်။ HGကလည်း မကုဘဲထားမယ်ဆိုရင် ကြာရင် စိတ်ကျတာ၊ ခဏခဏအန်ရလို့ အစာရေမျိုပြွန်ပြဲတာတွေ ဖြစ်တတ်ပါတယ်။ အစားမဝင်၊ အရည်မဝင်တာကြောင့် ခန္ဓာကိုယ်အားနည်းတာ၊ ရှော့ခ်ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလောက်မဆိုးရင်တောင် အားနည်းပြီး အလုပ်မလုပ်နိုင်တာ၊ အိပ်ရာက မထနိုင်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။

    စိတ်ပိုင်းဆိုင်ရာမှာလည်း

    • ခဏခဏအန်နေတာကြောင့် အပြင်ထွက်ရမှာ၊ ဟိုနားဒီနားသွားရမှာကိုတောင် ကြောက်လာပါတယ်။
    • သူကို ဘယ်သူမှနားလည်မပေးနိုင်ဘူးဆိုပြီး စိတ်ဓာတ်ကျလာပါတယ်။ (ကိုယ်ဝန်ဆောင်တွေက နဂိုတည်းကမှ ဟော်မုန်းအပြာင်းအလဲကြောင့် ဝမ်းနည်းပြီး စိတ်ကျလွယ်ပါတယ်။)
    • ဘာလို့ သူ့ကျမှ ဖြစ်ရတာလဲဆိုပြီး အားငယ်တတ်ပါတယ်။
    • ခံစားရတာမသက်သာလို့ ဒီကိုယ်ဝန်တစ်လျှောက်အဆင်ပြေပါ့မလားလို့ စိုးရိမ်တတ်ကြပါတယ်။

    ဒီလိုခံစားရရင် တစ်ယောက်တည်း မမျိုသိပ်ထားပါနဲ့။ ကိုယ့်ရဲ့ ခင်ပွန်း၊ မိသားစုကို ရင်ဖွင့်ပါ။ ဒီလိုဖြစ်ရတာ သင်နဲ့ ဘာမှမဆိုင်ပါဘူး။ သင်တစ်ယောက်တည်းလည်း မဟုတ်ပါဘူး။ ဒါဟာ သဘာဝတရားတစ်ခုပါ။ ကလေးမွေးပြီးရင် သက်သာသွားမှာမို့လို့ သိပ်လည်းမစိုးရိမ်ပါနဲ့။ လိုအပ်ရင် တတ်ကျွမ်းသူနဲ့ ပြသပြီး ကုသမှုခံယူပါ။

    Take home message

    ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တတ်တာ သဘာဝတစ်ခုပါ။ ဒီထက်ပိုဆိုးလာတယ်၊ အချိန်ကြာတာတောင်မသက်သာဘူးဆိုရင် HG ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင်လည်း မကြောက်ပါနဲ့။ တစ်ယောက်တည်း ကြိတ်မခံစားပါနဲ့။ ကိုယ်ခံစားရတာကိုရင်ဖွင့်ပါ။ အိမ်မှာလုပ်နိုင်တဲ့နည်းလမ်းတွေကို လိုက်လုပ်ပါ။ လိုအပ်ရင် ကုသမှုခံယူပါ။ နောက်ဆုံးမှာ ကလေးလေးကို လျောလျောရှူရှူမွေးပြီး အမေရော ကလေးရော ကျန်းမာဖို့က အဓိကပါ။
    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/10/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။