၄ – လေအောင့်ခြင်း။
ကိုယ်ဝန်သည်တွေမှာ လေထစေတဲ့ တရားခံကို စဉ်းစားလိုက်ရင် progesterone ဟော်မုန်းကိုသာ အပြစ်တင်ရပါလိမ့်မယ်။ Progesterone ဟော်မုန်းရဲ့ကြွက်သားတွေကို ပြေလျော့စေတဲ့ အာနိသင်ကြောင့် အူလမ်းကြောင်းက ကြွက်သားတွေ ပြေလျော့သွားပြီး အစာခြေအားနည်းသွားပါတယ်။ ဒီလိုနဲ့ အစာမကြေလေထိုးလေအောင့်တွေ ဖြစ်လာတော့တာပါပဲ။ ။
၅ – Braxton Hicks contractions (အမွေးသင်ခြင်း)
Braxton Hicks ဆိုတာ သားအိမ်ခေါင်းကျယ်လာလို့၊ ကလေးမွေးချင်လို့ ဗိုက်နာပြီးညှစ်တဲ့ ပုံစံမျိုးနဲ့ မတူပါဘူး။ သူက ကိုယ်ဝန်ဆောင်တွေ ဗိုက်နာခြင်းကို ဖြစ်စေတဲ့ ညှစ်အားတစ်မျိုး ဖြစ်ပေမယ့် မွေးခါနီး ညှစ်ချင်တဲ့ ဗိုက်နာမှုမျိုးနဲ့တော့ မတူပါဘူး။ ဗိုက်က ညှစ်နာနေတယ်ဆိုပေမယ့် ရုပ်ရှင်ကြည့်နေနိုင်တယ်၊ ထမင်းစားနိုင်တယ် ၊ စာအေးဆေးဖတ်နေနိုင်သေးတယ်ဆိုရင် မွေးချင်လို့နာတာမျိုး မဟုတ်ဘဲ Braxton Hicks contractions ကြောင့် နာတာပိုဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်ရင် စိုးရိမ်ရလဲ။
ကိုယ်ဝန်ဆောင်ချိန်မှာ တချို့သော ဗိုက်အောင့်ဗိုက်နာတာတွေက အရေးကြီးပါတယ်။ ချက်ချင်းဆေးကုသမှု ခံယူဖို့ လိုပါတယ်။ ဒါတွေကတော့
၁ – နေရာမှား သန္ဓေတည်ခြင်း ( ectopic pregnancy)
သန္ဓေအောင်လာတဲ့ မျိုးဥလေးဟာ သားအိမ်မှာမတည်ဘဲ သားဥပြွန်မှာ သွားပြီး သန္ဓေမှားတည်တတ်ပါတယ်။ ဒီလိုနဲ့ ကိုယ်ဝန်သက် ၆ပတ်ကနေ ၁၀ ပတ်လောက်မှာ ဗိုက်ပြင်းထန်စွာနာပြီး သွေးဆင်းတာတွေ စဖြစ်လာပါတယ်။ ဒီလို နေရာမှား သန္ဓေတည်ရင်ကိုယ်ဝန်သက်ရလာတာနဲ့အမျှ အချိန်မရွေး ပြွန်ကွဲသွားနိုင်ပြီး သွေးဆင်းလွန်တတ်တာကြောင့် သတိထားရမယ့် စိုးရိမ်စရာပြဿနာ တစ်ခုပါ။
၂ – ကိုယ်ဝန်ပျက်ကျခြင်း
ကိုယ်ဝန်အစောပိုင်းကာလမှာဖြစ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းတွေထဲမှာ ကိုယ်ဝန်ပျက်ကျတာကို လုံးဝ ချန်ထားခဲ့လို့မရပါဘူး။ ဗိုက်အောင့်တာကလည်း ပြင်းထန်မယ်၊ သွေးဆင်းလည်းများမယ်ဆိုရင် ဒါ ကိုယ်ဝန်ပျက်ကျတာ ဖြစ်နိုင်ပါတယ်။
၃ – လမစေ့ဘဲ မွေးခြင်း
ကိုယ်ဝန် ၃၇ ပတ်မတိုင်မီမှာ သားအိမ်ညှစ်မှုနဲ့ ခါးနာမှုတွေ ဆက်တိုက်ဖြစ်ပြီး အချိန်မတိုင်မီ ကလေးမွေးနိုင်ပါတယ်။ အခြားလက္ခဏာတွေကတော့ မိန်းမကိုယ်မှ အရည်များ ဆင်းခြင်း (သို့) ပိုများခြင်း၊ မိန်းမကိုယ်မှ သွေးထွက်ခြင်း၊ ရာသီလာစဉ် ဗိုက်နာခြင်းကဲ့သို့ ဗိုက်နာခြင်းတွေပဲ ဖြစ်ပါတယ်။
၄ – ကိုယ်ဝန်ဆိပ်တက်ခြင်း
အရင်က သွေးတိုးမရှိဘဲ ကိုယ်ဝန်ဆောင်တော့မှ သွေးပေါင်တွေတက်လာပြီဆိုရင် ဒါ ကိုယ်ဝန်ဆိပ်တက်တာဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်သက် အပတ် ၂၀ နောက်ပိုင်းဆို စဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆိပ်တက်တဲ့ လက္ခဏာတွေကတော့ ဗိုက်အပေါ်ပိုင်း (အသည်းနေရာ) ပြင်းထန်စွာ အောင့်တာ အပြင် ပျို့အန်တာ၊ ခေါင်းကိုက်တာနဲ့ အမြင်အာရုံ ဝေဝါးတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တာကို ပေါ့ပေါ့ဆဆနေလိုက်ရင် မိခင်ရော ကလေးပါ အသက်ဆုံးရှုံးနိုင်ပါတယ်။
၅ – အချင်းကွာကျခြင်း
ဒါဟာ အသက်အန္တရာယ် ရှိတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အချင်းကွာကျတယ်ဆိုတာ သားအိမ်နံရံကနေ အချင်းစောကွာကျတာကို ဆိုလိုပါတယ်။ တတိယ သုံးလပတ်မှာ အဖြစ်များပါတယ်။ လက္ခဏာအနေနဲ့ ဗိုက်အောင့်တာ၊ ခါးကိုက်တာ၊ သားအိမ်ညှစ်တာတွေ ခံစားရတတ်ပါတယ်။ သွေးဆင်းတာမျိုး ဖြစ်တတ်ပေမယ့် အမြဲတမ်းဖြစ်မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် သွေးမဆင်းပေမယ့် ဗိုက်အောင့်နေတယ်ဆိုရင် ဒါကို သတိထားသင့်ပါတယ်။
ဒါတွေအပြင် ကိုယ်ဝန်ဆောင်ပြဿနာတွေ မဟုတ်တဲ့ အစာအိမ်အောင့်ခြင်း၊ ဆီးလမ်းကြောင်းကျောက်တည်ခြင်း၊ သားအိမ်အလုံးတည်ခြင်း စတာတွေကြောင့်လည်း ဗိုက်အောင့်ဗိုက်နာဖြစ်တတ်ပါသေးတယ်။
ဘယ်အချိန်မှာ ကုသမှု ယူသင့်သလဲ။
အောက်ပါ လက္ခဏာတွေ ရှိလာခဲ့ရင် ဆရာဝန်ကို ချက်ခြင်း အကြောင်းကြားသင့်ပါတယ်။
- မိန်းမကိုယ်မှ ရေဆင်းခြင်း၊ သွေးဆင်းခြင်း၊ အကျိအချွဲဆင်းခြင်း
- တင်ပါးဆုံပိုင်းမှာ ဖိအားများခြင်း
- ဗိုက်အလွန်နာခြင်း
- တစ်နာရီအတွင်း ၆ ကြိမ်ထက်ပိုပြီး သားအိမ်ညှစ်ခြင်း
- ဆီးသွားရ ခက်ခဲခြင်း
- ပျို့အန်ခြင်း
- မူးဝေခြင်း၊ ဖျားခြင်း
- လက်၊ ခြေထောက်၊ မျက်နှာ ရောင်ခြင်း
ဒါတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အောင့်ဗိုက်နာ စေတတ်တဲ့ အကြောင်းတွေဖြစ်ပါတယ်။ ဖြစ်တတ်တဲ့အကြောင်းတွေကိုသိထားတော့ ဘယ်ဟာဆို စိုးရိမ်ရလဲ ခွဲခြားလို့ရသွားပြီး ဆေးကုသမှု စောစောခံယူလို့ရတာပေါ့။ ။
ရေးသားသူ− Dr Thin [email protected] Frances
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။