3 ပတ် မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
3 ပတ် မြောက်မှာ သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
မိမိကိုယ်တိုင်ကမသိပေမယ့် ကလေးလေးကတော့ မေမေ့ဝမ်းထဲကနေစပြီး ကြီးထွားဖွံ့ဖြိုးလာနေပြီနော်။ မျိုးအောင်ထားတဲ့ဥလေးက ဆဲလ်စကွဲနေပါပြီ။ မျိုးအောင်ပြီး နာရီ ၃၀အကြာကျရင် ဆဲလ်၂ခုဖြစ်သွားမှာပါ။ ဒီလိုနဲ့ ၂လုံးကနေ ၄လုံး၊ ၄လုံးက ၈လုံး၊ ပြီးတော့ သားဥပြွန်ကနေ သားအိမ်ထဲမရောက်မချင်း ကွဲသွားမှာပါနော်။ ဒီလိုနဲ့ သားအိမ်ဆီကို သန္ဓေသားလောင်းဆဲလ်လေးတွေ ဘောလုံးလေးလို စုပြီးတော့ သွားတာပါ။
သန္ဓေသားလောင်းလေးက အလည်မှာ အခေါင်းပေါက်ဖြစ်လာပြီး အရည်တွေနဲ့ ပြည့်လာတာကို ဘလက်စ်စတိုးစစ်လို့ ခေါ်ပါတယ်။ ဒီအပတ်ကုန်ခါနီးရင် ဘလက်စ်စတိုးစစ်လေးက သားအိမ်နံရံမှာ သွားတွယ်တော့မှာပါနော်။ ဒါကို သန္ဓေသားကပ်တွယ်ခြင်းလို့ ခေါ်ပါတယ်။ သားအိမ်မှာ တွယ်ကပ်လိုက်တာက အရေးပါတဲ့တွယ်ကပ်မှုပါနော်။ ဘာလို့လဲဆိုတော့ သားအိမ်နံရံက အချွဲတွေကနေ သားလောင်းလေးကို အာဟာရတွေထောက်ပံ့ပေးတယ်။ အညစ်အကြေးတွေ ဖယ်ရှားပေးလို့ပါ။ ဒီတွယ်ကပ်ထားတဲ့နေရာကနေ အချင်းဖြစ်လာပြီးတော့ သားသားမီးမီးလေးကို ၉လလုံးလုံး အာဟာရတွေပေးပါလိမ့်မယ်နော်။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်
မျိုးအောင်ထားတဲ့ သန္ဓေသားလေးကို ထောက်ပံ့ပေးဖို့ ခန္ဓာကိုယ်ကနေ ပြောင်းလဲမှုတွေ အများကြီးဆက်ဖြစ်နေပါတယ်။ ဒီချိန်ထိကို မေမေလောင်းလျာလေးက ကိုယ့်ကိုယ်ကို မေမေဖြစ်ပြီဆိုတာ သိဦးမှာမဟုတ်သေးဘူး။ ဒီအပတ်အကုန်လောက်မှာ သွေးနည်းနည်းဆင်းတာကို သတိထားမိမှာပါနော်။ ဒါကတော့ သားအိမ်နံရံကို မျိုးဥသွားတွယ်လို့ဖြစ်ရတာပါ။ ကိုယ်ဝန်ဆောင်မိခင်တိုင်းတော့ မဖြစ်ပါဘူး။ တချို့က ဒါကိုရာသီသွေးဆင်းတာနဲ့ မှားတတ်ကြပါတယ်။
သိသင့်သိထိုက်တာလေးတွေ
ပျို့အန်ချင်တာ၊ ဆားရည်စိမ်ထားတဲ့ အသီးအနှံတွေကို ရေခဲမုန့်နဲ့စားချင်သလိုမျိုး ချင်ခြင်းတပ်တာတွေက ကိုယ်ဝန်ရှိတဲ့လက္ခဏာဆိုတာ အားလုံးလည်း သိကြမှာပါနော်။ ဒါပေမယ့် လူတိုင်းမှာတော့ မဖြစ်တတ်ပါဘူးတဲ့။ သုတေသနတွေ့ရှိချက်အရဆို ၄ ပုံ ၃ ပုံက မူးမော်ပျို့အန်တာတွေဖြစ်တတ်ပြီးတော့ ကျန်တဲ့တစ်ပုံက မခံစားရပါဘူးတဲ့။ ဒီက မေမေလောင်းလျာလေးတွေက ဒါတွေမခံစားရဘူးဆိုရင် တော်တော်လေး ကံကောင်းတာပါနော်။
ကိုယ်ဝန်ဆောင်မိခင် ၄ ပုံ ၃ ပုံက ပျို့အန်ချင်တာ နေ့တိုင်းခံစားရတတ်ပါတယ်။ ပထမ ၃လမှာ အစာစားချင်စိတ်မရှိဘဲ ကိုယ်အလေးချိန်ကျလာလို့ စိတ်တော့မပူပါနဲ့နော်။ နောက်ပိုင်း အလေးချိန်ပြန်တက်လာတယ်ဆို ကလေးလေးအတွက် ဘေးမဖြစ်စေနိုင်ပါဘူး။ အလေးချိန် ပြန်တက်ဖို့က လွယ်ပါတယ်။ ဘာလို့လဲဆိုတော့ ၁၂ပတ်မြောက် အလယ်လောက်ကစပြီး ၁၄ပတ်အတွင်းမှာ ပျို့အန်ချင်တာတွေ ပျောက်သွားမှာမို့လို့ပါ။
ဆရာဝန်ဆီသွားပြရအောင်
ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ
ကိုယ်ဝန်ရှိပြီလို့ သတိထားမိတာနဲ့ ဆရာဝန်ကို ပြောပြရအောင်နော်။ ဆရာဝန်က ကိုယ်ဝန်ရှိမရှိ စစ်ဆေးပေးပါ့မယ်။ ပြီးရင်တော့ ကိုယ်ဝန်ရက်ချိန်း မှန်မှန်သွားပြဖို့ လိုပါတယ်၊၊
ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်
ကိုယ်ဝန် 3 ပတ်မြောက်ဆိုတာ တကယ်တော့ သန္ဓေအောင်ပြီး ၁ပတ်ပဲ ရှိသေးတာပါ၊၊ ဒါကြောင့် မေမေကိုယ်တိုင်လည်း သတိထားမိမှာ မဟုတ်သလို ဆီးစစ်ကြည့်ရင်လည်း အဖြေက တိကျဦးမှာ မဟုတ်ပါဘူး၊၊ ရာသီလာရမယ့်ရက်မှာ မလာတော့မှ စစ်ကြည့်တာ အကောင်းဆုံးပါ၊၊
ကိုယ်ဝန်ရှိမရှိကို အိမ်မှာပဲ ကောင်းကောင်းစမ်းသပ်ကြည့်လို့ရပါတယ်။ ဆေးဆိုင်တွေမှာ စမ်းသပ်ဖို့ ပစ္စည်းကို လွယ်လွယ်ကူကူ ဝယ်လို့ရပါတယ်။ ရာသီစ မလာတဲ့ ပထမဆုံးရက်မှာ အိပ်ရာက နိုးနိုးချင်း မနက်စောစောလေး ထစမ်းပေးပါနော်။ သေချာအောင်လို့ အများကြီးဝယ်ထားပြီး စမ်းပေးလို့လည်းရပါတယ်။
ဆီးထဲမှာပါလာတဲ့ hCG ဟော်မုန်းပမာဏကို စမ်းပေးတာပါ။ သားအိမ်မှာ မျိုးဥတွယ်လို့ထွက်လာတဲ့ ခန္ဓာကိုယ်တွင်း ဟော်မုန်းတစ်မျိုးပါ။ အချင်းကနေ ထုတ်တာပါ။ စစ်ဆေးတဲ့အခါမှ ကိုယ်ဝန်ရှိရင်အပေါင်း လက္ခဏာ ဒါမှမဟုတ် ပန်းရောင်နှစ်ရစ်ပြပါလိမ့်မယ်။
ကျန်းမာဘေးကင်းအောင်နေကြမယ်
ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ
ဗိုက်ထဲမှာ ၉လလောက် ကလေးလေးကို လွယ်ထားရမယ်ဆိုတာ လွယ်တဲ့ကိစ္စတော့ မထင်ပါဘူးနော်။ နေ့စဉ်ဘဝကို ဘယ်လိုတွေ ပြောင်းလဲစေမလဲ၊ အလုပ်ကိုရော ဘယ်သက်ရောက်စေနိုင်လဲ၊ ဘာလေးတွေစားပေးတာက သားသားမီးမီးလေးတွေအတွက် ကောင်းမလဲဆိုပြီး စဉ်းစားနေကြလောက်ရောပေါ့။
နောက်ထပ်သိထားသင့်တာလေးကတော့ အစားအစာတစ်ခုတည်းမဟုတ်ဘဲ မေမေတွေရဲ့စိတ်ခံစားချက်ကလည်း သားသားမီးမီးလေးရဲ့ဖွံ့ဖြိုးမှုကို သက်ရောက်ပါတယ်။ မေမေက စိုးရိမ်စိတ်တွေများပြီး စိတ်ပင်ပန်းနေရင် ကော်တီစောလို့ ခေါ်တဲ့ စိတ်ဖိစီးမှု ဟော်မုန်းတစ်မျိုးထွက်လာပါတယ်။ ဒီဟော်မုန်းက မေမေ့ရဲ့နှလုံးခုန်နှုန်းကိုမြန်စေပြီး ရောင်ရမ်းမှုကို ပိုဖြစ်စေပါတယ်။ လေ့လာတွေ့ရှိချက် တော်တော်များများက ဘာပြောလဲဆိုရင် ရောင်ရမ်းတာက သားသားမီးမီးလေးရဲ့ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်တဲ့။
မေမေရော သားသားမီးမီးပါ ကျန်းမာဖို့ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုကို တိုက်ဖျက်ဖို့နည်းလမ်းလေးတွေကို အောက်မှာဆက်ပြောပေးမယ်နော်။
- တစ်ယောက်ယောက်နဲ့ စကားပြောကြည့်လိုက်ပါ။ အမျိုးသားနဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို ကိုယ်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေချင်ပေမယ့် မြိုသိပ်ထားတာက ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်မို့ တစ်ယောက်ယောက်နဲ့ တိုင်ပင်ကြည့်ပါနော်။ အဲလို ရင်ဖွင့်လိုက်ရင်တော့ စိတ်သက်သာရာရသွားမှာပါ။
- စိတ်လေးကို အတတ်နိုင်ဆုံး ဖြေလျှော့ထားပြီးတော့ တရားထိုင်တာက အကူအညီဖြစ်စေပါတယ်။ နွားနို့ပူပူလေးတစ်ခွက်နဲ့ အကြိုက်ဆုံးစာအုပ်တစ်အုပ်ကို ဖတ်ကြည့်တာကလည်း စိတ်သက်သာရာရစေပါတယ်။
- သီချင်းလေးတွေ နားထောင်မယ်။ သီချင်းက စိတ်ဖိစီးမှုဟော်မုန်းကို ကျစေနိုင်ပါတယ်။
- လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးလို့လည်း ရပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် ဖွင့်တဲ့ ယောဂသင်တန်းတက်တာမျိုး၊ ရေကူးတာ၊ လမ်းလျှောက်တာမျိုးတွေလည်း ရပါတယ်။ ဒီရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုကို ကျစေတဲ့အပြင် မီးဖွားဖို့အတွက် ခန္ဓာကိုယ်ကို ကြိုတင်ပြင်ဆင်ပေးရာရောက်ပါတယ်။ စိတ်ခံစားမှုတွေကောင်းလာပြီး အင်အားရှိလာသလိုမျိုး ဒီကမေမေလောင်းလေးတွေ ခံစားမိကြမှာပါ။
ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးမှုတွေ ဝင်လာတာက သဘာဝပါပဲ။ အရေးကြီးတာက ကလေးလေးကို မထိခိုက်ခင်မှာ တိုက်ထုတ်ဖို့ပါ။ စတုတ္ထအပတ်မှာ ဘာတွေဆက်ဖြစ်မလဲ။ ဆက်ကြည့်ကြရအောင်။
ရေးသားသူ- Hmwe Sann Eain
[embed-health-tool-due-date]