backup og meta

ကိုယ့်ကလေးကို ချစ်ရင် အချိုစာတွေ လျှော့ကျွေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကလေးကို ချစ်ရင် အချိုစာတွေ လျှော့ကျွေးပါ

    သကြားဓာတ် ပမာဏများများပါဝင်တဲ့ ရေခဲမုန့်တွေ၊ Bubble Tea တွေ၊ အချိုရည်တွေ၊ သကြားလုံးတွေ၊ ဒိုးနပ်တွေလို အချိုစာတွေ ကို ကလေးတွေ သိပ်ကြိုက်နှစ်သက်တတ်ကြတဲ့ အစားအစာမျိုးတွေဖြစ်ပါတယ်။ မိဘတွေကိုယ်တိုင်ကလည်း သားသားမီးမီးတွေ နှစ်သက်တဲ့ ဒီလိုအစားအစာမျိုးတွေကို မကြာခဏဆိုသလို ကျွေးမွေးဖြစ်တတ်ကြပါတယ်။ မိဘဆိုတော့လည်း သားသမီးကို ပျော်စေချင်၊ စိတ်ချမ်းသာစေချင်ကြတယ်မဟုတ်လား။

    ဒီလို အချိုဓာတ်၊ သကြားဓာတ်ကဲတဲ့အစားအစာတွေကို ငယ်ရွယ်နုနယ်သေးတဲ့ ကလေးတွေက အလွန်နှစ်ခြိုက်ကြတာမှန်ပေမယ့် လွန်လွန်ကဲကဲစားသုံးနေမိပြီဆိုရင်တော့ သူတို့လေးတွေရဲ့ ကျန်းမာရေးအခြေအနေကို ထိခိုက်လာစေနိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်။

    ကိုယ့်ကလေးကို ချစ်ရင် အချိုစာတွေ လျှော့ကျွေးပါ

    ကိုယ့်ကလေးကို ချစ်ရင် အချိုစာတွေ လျှော့ကျွေးပါ ။ ကိုယ်က သားသားမီးမီးတွေကို ချိုချိုရဲရဲနဲ့ လျှာအရသာစွဲစေမယ့် မုန့်တွေ ၊ သရေစာတွေ မကြာခဏကျွေးမွေးနေမိပြီလို့ ယူဆရရင် ချက်ချင်းရပ်တန့်လိုက်ပါ။ သေချာ ပြန်လည် ဆန်းစစ်ပါ။

    အချိုအရသာရှိတဲ့ သရေစာတွေကို သားသားမီးမီးတွေက စွဲလမ်းသွားမယ်ဆိုရင် သူ့ရဲ့ ရေရှည်နေထိုင်မှုဘဝမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ သေချာပေါက် ကြုံဆုံလာရနိုင်တာကြောင့် ခုလိုသတိပေးနေရတာဖြစ်ပါတယ်။

    ချိုတိုတိုမို့ စားကောင်းတယ်ဆိုသော်ငြား

    သကြားဟာ ကိုကင်းထက် ၈ ဆပိုပြီး စွဲလမ်းစေနိုင်တယ်ဆိုတာကို သင်သိပါရဲ့လား။ ဒီလိုဆိုရင် ဘာလို့ ကိုယ့်သားသားမီးမီးကို အချိုစာတွေ အလွန်အကြူးကျွေးမွေးနေမှာတုန်း။

    သကြားဓာတ်ဟာ ကြံ၊ Sugar beet နဲ့ တခြားသော သဘာဝဟင်းသီးဟင်းရွက်တွေကနေ ထုတ်လုပ်ထားတာဖြစ်တာမို့ သဘာဝအရင်းအမြစ်တွေကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့် အန္တရာယ်မရှိနိုင်ဘူးလို့ မတွေးမိဖို့ လိုအပ်ပါတယ်။

    ပုံမှန်အားဖြင့် သကြားလို့ ခြုံငုံခေါ်ကြတဲ့အရာကို သဘာဝအရင်းအမြစ် အမျိုးအစားအများအပြားကနေ ရရှိနိုင်ပြီး မျိုးကွဲအမျိုးမျိုးလည်းရှိပါတယ်။ Fructose ၊ Maltose ၊ Lactose ၊ Dextrose ၊ Sucrose နဲ့ Glucose စသဖြင့် အမျိုးမျိုးရှိပါတယ်။

    သကြားဓာတ်ဟာ လူတွေအတွက် လိုအပ်တဲ့ ဓာတ်စာတစ်ခုဖြစ်ပါတယ်။ သားသားမီးမီးတွေအတွက်လည်း အတူတူပါပဲ။ ဒါပေမယ့် လိုအပ်တာထက်ပိုပြီး စားသုံးမိလာရင် ကျန်းမာရေးပြဿနာတွေ ကြုံဆုံလာရမှာဖြစ်ပါတယ်။

    သားသားမီးမီးတွေကို သကြားအများအပြား ကျွေးမွေးတာဟာ အန္တရာယ်များတယ်

    ရေခဲမုန့်၊ မွေးနေ့ကိတ်နဲ့ ကွတ်ကီးတွေဟာ သားသားမီးမီးတွေ နှစ်သက်ကြတဲ့ အစားအစာမျိုးတွေဖြစ်ပါတယ်။ ကလေးတွေအပေါ် မေတ္တာထားကြတဲ့ မိဘတွေဟာ သားသားမီးမီးတွေရဲ့ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ချိုတဲ့ အစားအစာတွေကို မကြာခဏ ကျွေးမွေးကြပါတယ်။ ဒီလို အစားအစာတွေကြောင့် ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ သကြားဓာတ် ၁၆ ရာခိုင်နှုန်း လောက်ပိုနေတတ်တာကို ဘယ်သူမှ သတိမထားမိကြပါဘူး။

    ဒါကြောင့်လည်း သကြားပါဝင်တဲ့ မုန့်အချိုတွေကို လွန်လွန်ကဲကဲစားသုံးလေ့ရှိတဲ့ ကလေးတွေဟာ ငယ်ရွယ်စဉ်မှာ –

    သွားပိုးစားတာ၊

    • ရေစီးကမ်းပြိုလိုက်တာ၊

    ချောင်းဆိုးတာ၊

    • ရင်ကျပ်တာ၊

    • သူငယ်နာဝေဒနာ ခံစားရတာ၊

    • ဓာတ်မတည့်မှုဝေဒနာ ခံစားရတာ၊

    ကိုယ်ခံအားစနစ် ကျဆင်းတာ၊

    • အစားအစာကို အတိုင်းချင့်နဲ့ မစားတတ်တော့တာ၊

    • အဝလွန်တာနဲ့

    အမျိုးအစား ၂ ဆီးချိုဝေဒနာခံစားရတာတွေ ခံစားရလေ့ရှိပါတယ်။

    ဒီလို ကြုံဆုံလာရတာတွေကို အလေးအနက်ထားခြင်းမရှိဘဲ အချိုစာတွေ ထပ်ကာ ထပ်ကာထပ်ကျွေးနေမိမယ်ဆိုရင် တချို့ဝေဒနာတွေဟာ နာတာရှည်ဝေဒနာတွေအဖြစ် ကလေးတွေ ကြီးပြင်းလာချိန်တွေအထိ စွဲကပ်သွားနိုင်ပါတယ်။

    ဒါဟာ သားသားမီးမီးတွေကြောင့်မဟုတ်ဘဲ လူကြီးမိဘတွေရဲ့ မှားယွင်းတဲ့ ကျွေးမွေးမှုပုံစံကြောင့် ကလေးတွေ ရဲ့ ဘဝမှာ ရောဂါဆိုးတွေနဲ့ ကြီးပြင်းဖို့ တွန်းပို့မိသွားတာမျိုး ဖြစ်ပါတယ်။ ဒီလို မပြုမူမိဖို့ဆိုရင် မိမိတို့ရဲ့ သားသားမီးမီးတွေကို အချိုစာတွေ ကျွေးမွေးရာမှာ သတိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

    သားသားမီးမီးတို့ အနာဂတ်အတွက် သကြားလျှော့ကျွေးပါ

    သားသားမီးမီးတွေကို သကြားပမာဏ လျှော့ကျွေးတာဟာ ကလေးတွေရဲ့ ကျန်းမာရေးအတွက်သာမက မိသားစုဝင်တွေရဲ့ စိတ်အေးချမ်းသာမှုကိုပါ ပိုမိုကောင်းမွန်စေပါလိမ့်မယ်။

    WHO ရဲ့ လမ်းညွှန်ချက်တွေအရ မိဘတွေအနေနဲ့ သားသားမီးမီးတစ်ယောက် စားသုံးနေတဲ့ ကယ်လိုရီပမာဏတွေထဲမှာ သကြား ၅ ရာခိုင်နှုန်း ထက် ပိုပြီး မပါဝင်စေဖို့ တိုက်တွန်းထားပါတယ်။ ဒါဟာ သားသားမီးမီးတွေ ကျန်းမာစေဖို့နဲ့ ရေရှည်ဘဝအတွက် အထူးကို အရေးပါတယ်လို့ ဆိုထားပါတယ်။

    အချိုစာတွေ၊ သကြားတွေ အများအပြား ကျွေးမွေးနေမိပြီဆိုရင် လျှော့ချဖို့ မဖြစ်မနေပြုလုပ်ရမှာဖြစ်ပါတယ်။ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကတော့ –

    • သကြားစားထိုးထုတ်ကုန်တွေ သုံးပါ၊

    • သဘာဝ သစ်သီးဖျော်ရည်တွေ အစားထိုး ကျွေးမွေးပါ၊

    • အချိုရည်တွေ တိုက်ကျွေးနေမိရင် ရပ်တန့်လိုက်ပါ၊

    • ကလေးကို ကျွေးမွေးမယ့် အစားအစာတွေမှာ သကြားပမာဏ ဘယ်လောက်ပါသလဲ အရင် ဆန်းစစ်ပါ၊

    • ကလေးရဲ့ ကျန်းမာရေးအခြေအနေကို ဂရုစိုက်ပါ၊

    • ညနေဘက်တွေမှာ ဒိန်ချဉ်တိုက်ကျွေးပါ၊

    • ကလေးက အချိုသိပ်ကြိုက်နေရင် တဖြည်းဖြည်းချင်း လျှော့ချပေးပါ၊

    • အချိုစာတွေ အလွန်အကျွံစားရင် ဆိုးကျိုးရှိတယ်ဆိုတာကို ကလေးတွေ နားလည်အောင် ရှင်းပြပါ၊

    • အာဟာရပြည့်ဝတဲ့ အစားအစာတွေကို နှစ်သက်အောင် သေချာ ပြင်ဆင်ကျွေးမွေးပါ။

    သကြားဓာတ် (Sucrose) ထပ်ဖြည့်ထားခြင်းမရှိတဲ့ ဖော်မြူလာနို့တွေတိုက်ကျွေးလို့ရပါတယ်။ ဒီနည်းလမ်းတွေကို လိုက်နာပြီး ကလေးကို ကျွေးမွေးစောင့်ရှောက်မယ်ဆိုရင် ကျန်းမာပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ သူတို့ရဲ့ သားသားမီးမီးတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ကလေး ကျန်းမာပျော်ရွှင်နေရင် မိဘတွေလည်း စိတ်ချမ်းမြေ့နေကြမှာပဲ မဟုတ်လား။ ကဲ …. ကိုယ့်ကလေးကို ချစ်ရင် အချိုစာတွေ လျှော့ကျွေးပါ လို့ ဘာကြောင့် ပြောရတာလဲဆိုတာကို သိသွားပြီဆိုတော့ ခုပဲ သားသားမီးမီးတွေကို မုန့်ချိုချိုတွေရဲ့ အန္တရာယ်ကို ပြောပြလိုက်တော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement