backup og meta

မိုးရာသီရောဂါတွေကို ကိုယ့်ကလေးရဲ့ အဝေးမှာ ထားကြစို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 09/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးရာသီရောဂါတွေကို ကိုယ့်ကလေးရဲ့ အဝေးမှာ ထားကြစို့

    မိုးရာသီရောဂါတွေကို ကိုယ့်ကလေးရဲ့ အဝေးမှာ ထားကြစို့

    မြန်မာနိုင်ငံလို အီကွေတာရပ်ဝန်းနဲ့ နီးကပ်တဲ့နေရာမျိုးမှာတည်ရှိတဲ့ တိုင်းပြည်မျိုးမှာ မိုးရာသီဆိုတာ ကူးစက်နိုင်တဲ့ ရောဂါဘယပေါင်းစုံ ထကြွသောင်းကျန်းတတ်တဲ့ ရာသီမျိုးပါ။

    ဒီလိုရာသီမျိုးမှာဆိုရင် တုပ်ကွေး၊ ရာသီတုပ်ကွေး၊ ငှက်ဖျား၊ တိုက်ဖွိုက်၊ သွေးလွန်တုပ်ကွေး၊ ကာလဝမ်းရောဂါ၊ အသည်းရောင်အသားဝါရောဂါနဲ့ အရေပြားရောဂါတွေဟာ ကလေးတွေကို ဒုက္ခပေးဖို့ ချောင်းမြောင်းနေတတ်ပါတယ်။ ခုကာလမှာဆိုရင် COVID-19 ကိုပါ ထည့်သွင်းပူပန်ရမှာပါ။

    နုနယ်တဲ့ကလေးတွေဟာ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရတဲ့အခါ လူကြီးတွေထက် ပိုမိုထိခိုက်ခံစားရတတ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ ကလေးတွေကြောင့် လူကြီးမိဘတွေကိုယ်၌လည်း စိတ်ပင်ပန်းဆင်းရဲရပြန်တယ်မဟုတ်လား။

    ဒီလိုပြဿနာတွေကို တားဆီးဖို့ဆိုရင် ကလေးတွေကို ပိုမိုဂရုစိုက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ ဂရုစိုက်ကြမှာလဲ။

    မိုးရာသီရောဂါတွေကို ကိုယ့်ကလေးရဲ့ အဝေးမှာ ထားကြစို့

    ကလေးတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေရဲ့ ရန်ကို လျှော့ချဖို့၊ ကာကွယ်တားဆီးဖို့ဆိုရင် အောက်ပါ နည်းလမ်းတွေကို လိုက်နာပြီး စီမံနိုင်ပါတယ်။

    တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ

    မိုးရာသီဟာ စိုထိုင်းဆမြင့်မားတဲ့ကာလမျိုးမို့ အရေပြားရောဂါတွေ၊ မှိုရောဂါတွေ၊ ကူးစက်ရောဂါတွေ ကပ်ငြိနိုင်ခြေမြင့်မားလှပါတယ်။ ဒါကြောင့် ကလေးရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ပေးဖို့ လိုအပ်မှာဖြစ်ပြီးတော့ နေ့စဉ် ရေချိုးပေးချိန်မှာလည်း ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့ ဆပ်ပြာမျိုးကို အသုံးပြုပေးသင့်ပါတယ်။

    အဝတ်အစား ရွေးချယ်မှု မှန်ကန်ပါစေ

    မိုးတွင်းကာလရောက်လာပြီဆိုရင် ဘယ်လောက် ထီးတွေ မိုးကာတွေနဲ့ ကာကွယ်သည်ဖြစ်စေ မိုးမိနိုင်တာ၊ မိုးရေစိုနိုင်တာကတော့ သဘာဝပါပဲ။ ဒါကြောင့် မိမိတို့ရဲ့ ရင်သွေးတွေကို ပေါ့ပါးပြီး အလျှင်အမြန် ရေခြောက်နိုင်တဲ့ အဝတ်အထည်မျိုးတွေ အဓိက ဆင်မြန်းပေးသင့်ပါတယ်။ နေအိမ်ထဲမှာပဲရှိနေပြီး မိုးအရမ်းသည်းနေချိန်တွေမှာဆိုရင်လည်း ထူထူထဲထဲနဲ့ နွေးထွေးမှုရှိစေမယ့် အဝတ်အထည်မျိုးတွေ ဝင်ဆင်စေသင့်ပါတယ်။

    အခန်းအပူချိန်ကို အမြဲမပြတ် သတိထားပါ

    တစ်ခါတလေ ပြင်ပမှာ မိုးသည်းထန်လွန်းတာကြောင့် အခန်းရဲ့ အပူချိန်ဟာ ကျဆင်းလာတတ်ပါတယ်။ ဒီလိုကာလမျိုးတွေမှာ ပြတင်းတံခါးတွေ၊ အခန်းတံခါးတွေပိတ်ထားတာမျိုး၊ ကလေးကို စောင်နဲ့ ထွေးပွေ့ထားတာမျိုးတွေလုပ်ပေးသင့်ပါတယ်။ အခန်းအပူချိန်ကျဆင်းတာမျိုးက လူကြီးတွေအတွက် မသိသာပေမယ့် နုနယ်တဲ့ ကလေးတွေအတွက်ဆိုရင်တော့ ထိခိုက်မှုရှိနိုင်ပါတယ်။

    ကလေးခန္ဓာကိုယ်ပေါ် ရေစိုနိုင်ခြေကို လျှော့ချပါ

    ကလေးတွေ ရေစိုနေရင် ချက်ခြင်း ခြောက်အောင် စီမံပေးဖို့ လိုအပ်ပါတယ်။ မိုးရေထွက်ချိုးတာမျိုးက ပြဿနာမဟုတ်ပေမေယ့် အချိန်အကြာကြီး ရေထဲမှာနေတာ၊ အချိန်အကြာကြီး မိုးရေချိုးတာမျိုးကိုတော့ ရှောင်ကြဉ်စေရပါမယ်။ ရေချိုးပြီးရင်လည်း ချက်ချင်း ခြောက်သွေ့ပြီးနွေးထွေးနေအောင် ပြုလုပ်ပေးရပါမယ်။

    လိုအပ်တဲ့ ပစ္စည်းတွေကို စုံလင်စွာ သိုမှီးထားပါ

    ထီး၊ မိုးကာ၊ မျက်နှာသုတ်ပဝါ၊ သဘက်၊ ဖိနပ်ရှည်စတာတွေကို မိုးရာသီမစခင်ကတည်းက ကြိုတင်ပြင်ဆင်ဝယ်ယူထားသင့်ပါတယ်။ ဒါတွေက ရင်သွေးအတွက် အထူးလိုအပ်ပါတယ်။ ကျောင်းတက်ချိန်၊ အပြင်သွားချိန်တွေမှာဆိုရင်လည်း ထီး၊ မိုးကာ၊ ဖိနပ်ရှည်တွေ ပြည့်ပြည့်စုံစုံနဲ့ပဲ သွားလာစေသင့်ပါတယ်။

    လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအစာတွေလည်း သိုမှီးထားပါ

    ဗီတာမင်တွေ၊ ကလေးလိုအပ်တဲ့ အစားအစာတွေ၊ ဖျားရင်နာရင် သောက်ရမယ့်ဆေးတွေကို ကြိုတင် ဆောင်ထားဖို့ လိုအပ်ပါတယ်။ မိုးတွင်းကာလမှာ အချိန်မရွေးဖျားတာနာတာမျိုးက ဖြစ်လာနိုင်ပါတယ်။ ရာသီဥတုကလည်း အမြဲမပြတ်ပြောင်းလဲနေတတ်တာမို့ ဆေးဝါးတွေ၊ ဓာတ်စာတွေ စုစည်းထားတာက နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

    အင်းဆက်တွေနဲ့ ဝေးရာမှာနေစေပါ

    မိုးရာသီနဲ့ အင်းဆက်တွေဆိုတာက မိတ်ဘက်တွေလိုပါပဲ။ ခြင်တွေ၊ ယင်တွေ၊ ပိုးဟပ်တွေဟာ နေအိမ်တွေမှာ ရှိနေနိုင်ပါတယ်။ ဒီအင်းဆက်တွေအားလုံးဟာ ရင်သွေးတွေကို ထိခိုက်စေနိုင်၊ ရောဂါပိုးမွှားတွေ ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ခြင်မကိုက်အောင်၊ ယင်မနားအောင် သေချာဂရုစိုက်ပေးရပါမယ်။

    ကျန်းမာရေးဆိုင်ရာ လက္ခဏာတွေကို သတိမမူပဲ မနေပါနဲ့

    တစ်ခါတလေကျရင် မိဘတွေက ကလေးနှာစေး၊ ချောင်းဆိုးလေးဖြစ်လာရင် ရပါတယ်၊ လက်လှမ်းမှီရာ ဆေးမြီးတိုလေးတိုက်လိုက်ရင် ပျောက်သွားမှာပါဆိုပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပေတေ ကုသတတ်ကြပါတယ်။ မိုးတွင်းကာလမှာဆိုရင် ကလေးတွေရဲ့ ပတ်ဝန်းကျင်မှာ တုပ်ကွေးအပါအဝင် ကူးစက်နိုင်တဲ့ ရောဂါမျိုးစုံရဲ့ အန္တရာယ်တွေရှိနေပါတယ်။

    နှာချေတာ၊ ချောင်းဆိုးတာ၊ နှာခေါင်းဖျားတွေ နီရဲတာတွေဟာ သာမာန်အဖျားဝေဒနာဖြစ်နိုင်သလို တုပ်ကွေးလို ရောဂါမျိုးတွေလည်းဖြစ်နိုင်တာမို့ ကလေးမှာ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် မပေါ့ဆဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 09/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement