backup og meta

ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် မိဘတွေဘက်ကဘာလုပ်ပေးရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 23/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် မိဘတွေဘက်ကဘာလုပ်ပေးရမလဲ

    မိဘတိုင်းက ကိုယ့်ရင်သွေးတွေ ကျန်းမာဖို့၊ ကြီးထွားသန်မာဖို့၊ ညဏ်ကောင်းဖျတ်လတ်ဖို့ ဆိုပြီး အဖို့ဖို့တွေ များစွာနဲ့ သူတို့လေးတွေအတွက် ကောင်းတဲ့အရာရာတိုင်းကို ဖြစ်စေချင်ကြတဲ့သူချည်းပါပဲ။ ကိုယ့်ကလေးကို မပျော်စေချင်တဲ့ မိဘ၊ ညဏ်ထိုင်းစေချင်တဲ့မိဘ ဘယ်မရှိမလဲနော်။ ဒီလို ဥာဏ်ကောင်းပျော်ရွင်တဲ့ ကလေးတွေ ဖြစ်ဖို့ မိဘတွေရဲ့ ပျိုးထောင်မှု၊ ပြုစုစောင့်ရှောက်မှုတွေ က နံပါတ်၁ ထိပ်ဆုံးနေရာက ရပ်တည်နေပါတယ်။ ဒါ့ကြောင့် ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် မိဘတွေဘက်ကဘာလုပ်ပေးရမလဲ ဆိုတာကို ဝေမျှပေးချင်ပါတယ် ။ ။

    ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် မိဘတွေဘက်ကဘာလုပ်ပေးရမလဲ

    ၁ – မျှတပြည့်ဝတဲ့ အာဟာရသည်သာ အရေးအကြီးဆုံးပါ ။ ။

    အစားအသောက်တွေဆိုတာ ကိုယ်ခန္ဓာကြီးထွားဖို့အတွက်သာမဟုတ် ဉာဏ်ရည်ဖွံဖြိုးမှုနဲ့လည်း တိုက်ရိုက်ဆက်စပ်နေတဲ့ အရာတစ်ခုပါ။ ဒါ့ဆို ဉာဏ်ကောင်းထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပျိုးထောင်ပေးတဲ့နေရာမှာ ဘယ်လို အာဟာရဓာတ်တွေ ပါတဲ့ အစားအသောက်တွေကို ရွေးချယ်ကျွေးရမလဲ။

    ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်ဖို့အတွက် အရေးကြီးဆုံး အာဟာရဓာတ်က DHA ဆိုတဲ့ Omega 3 fatty acid ပါ။  DHA ကို ငါးကြီးဆီ၊ ပင်လယ်ငါးတွေဖြစ်တဲ့ တူနာငါး၊ ဆော်လ်မွန်ငါးတွေကနေရပါတယ်။

    ၂ – စာဖတ်ခိုင်းပါ။

    စာဖတ်တဲ့အလေ့အထကိုပျိုးထောင်ပေးတာက ကလေးတွေအတွက်အရေးပါတဲ့ အလေ့အထတွေထဲက တစ်ခုဖြစ်ပါတယ်။ စာကောင်းကောင်းဖတ်တဲ့ကလေးတွေက လောကကြီး အကြောင်းကိုပိုသိသလို အခက်အခဲတွေကိုလည်းဖြေရှင်းနိုင်စွမ်းရှိတဲ့အပြင် အလိမ္မာစာမှာရှိဆိုတဲ့အတိုင်း ယဉ်ကျေးလိမ္မာမှုအကြောင်းကို စာပေတွေကနေ သင်ယူနိုင်ဦးမှာပါ။

    ဒါကလည်း ဉာဏ်ကောင်းထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပျိုးထောင်ရာမှာ အရေးကြီးလှတဲ့ အလေ့အကျင့်တစ်ခုပါ။ ။

    ၃ – ကလေးကို နွေးနွေးထွေးထွေးဆက်ဆံပေးပါ။ ချစ်ကြောင်းပြပါ။

    နူးညံ့ပြီး ခံစားလွယ်တဲ့ ကလေးတစ်ယောက်အတွက်တော့ မိဘတွေရဲ့ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာက ဘယ်အရာနဲမှ လဲလို့မရအောင် တန်ဖိုးကြီးပါတယ်။ မိဘတစ်ယောက်ဖြစ်ရတာ အလုပ်ရှုပ်ပြီး ဖိစီးမှုများတာတော့သိပါတယ်။ ဒါပေမယ့် ဒီ စိတ်ရှုပ်မှုတွေကို ကိုယ့်ကလေးအပေါ် ပုံမချလိုက်သ့င်ပါဘူး။

    ဘယ်လောက်ပဲ အလုပ်ရှုပ်နေနေ ကိုယ့်ကလေးကို တော့ နွေးနွေးထွေးထွေးဆက်ဆံပေးပါ။ အချိန်ပေးပါ။ ချစ်ကြောင်းပြသပါ။ ချစ်ခြင်းမေတ္တာလောက် အားကြီးတဲ့ အရာ ကမ္ဘာပေါ်မှာမရှိပါဘူး။ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကိုခံယူရတဲ ကလေးတွေအတွက် နေ့ရက်တိုင်းဟာ ပျော်ရွင်စရာဖြစ်နေမှာပါ။

    ၄ – လောကကြီးအကြောင်း သင်ပေးပါ။

    အဖြူရောင်ရှိတဲ့ ကလေးစိတ်ကို အရောင်ဆိုးခိုင်းတာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်အကြောင်းနားလည်ထားဖို့၊ အရာရာကို အကောင်းမြင်တတ်ဖို့၊ ရိုးသားမှုရှိဖို့နဲ့ ကိုယ်ကျင့်တရားတွေ အကြောင်းပေါ့။

    ၅ – ကလေးကို လွတ်လပ်စွာဆော့ခွင့်ပေးပါ။ ။

    တချို့ မိဘတွေရှိပါတယ်။ ကလေးကို ချစ်လွန်းလို့ အပြင်ထွက်မကစားခိုင်းဘဲ အိမ်ထဲမှာပဲ ထည့်ထားပြီး ငြိမ်ရင်ပြီးရော ဖုန်းဂိမ်းတွေကစားခိုင်းတတ်ကြပါတယ်။ ဒီလိုလုပ်တာဟာ အင်မတန်မှားတဲ့အရာတစ်ခုပါ။

    အပြင်ထွက်ဆော့တဲ့ ကလေးတစ်ယောက်က တခြားပတ်ဝန်းကျင်က အရာတွေကို လေ့လာသင်ယူနိုင်မယ်။ သူငယ်ချင်းအသစ်တွေတိုးပြီးပေါင်းသင်းဆက်ဆံရေးအကြောင်းနားလည်လာမယ်။ လှုပ်ရှားမှုတွေ လုပ်ရတဲ့အတွက် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းလာမယ်။ စိတ်လည်းပျော်ရွှင်လာမယ်။ ဒါကြောင့် ကလေးကို ချစ်ရင် အတိုင်းအတာတစ်ခု အထိ လွတ်လပ်ခွင့်ပေးပါ။

    ၆ – စိတ်ကူးစိတ်သန်းကောင်းမွန်စေမယ့် ကစားနည်းတွေပေးကစားပါ

    ကလေးတွေက ဘယ်အရွယ်ပဲဖြစ်နေဖြစ်နေ ကစားရတာကို နှစ်သက်ကြပါတယ်။ ကလေးတွေက အဓိပ္ပာယ်ပြည့်ဝတဲ့ ကစားနည်းအတွေ့အကြုံတွေကနေ အကောင်းဆုံးသင်ယူမှုတွေကို ရရှိကြတာဖြစ်ပါတယ်။ ဒီအတွေ့အကြုံတွေကပဲ ကလေးရဲ့ ဖန်တီးနိုင်စွမ်းကို တိုးလာစေသလို၊ ပြဿနာကိုဖြေရှင်းနိုင်စွမ်းနဲ့ လူမှုဆက်ဆံရေးကို တိုးတက်စေနိုင်ပါတယ်။

    ကစားတာက ကလေးရဲ့ လှုပ်ရှားမှုဆိုင်ရာ ကြွက်သားတွေဖွံဖြိုးမှုကို တိုးတက်ကောင်းမွန်စေသလို ကစားချိန်က ကလေးရဲ့စိတ်ခံစားမှုကို တိုးတက်အောင်လုပ်ဆောင်ပေးနိုင်တဲ့အပြင် ဉာဏ်ရည်ထက်မြက် စေဖို့လည်း အားပေးပါသေးတယ်။

    ၇ – ကလေးကို အားပေးပါ။

    ကလေးကို ချီးကျူးဖို့လုံးဝ မတွန့်တိုပါနဲ့။ ကလေးတစ်ယောက် လုပ်နိုင်တဲ့အားက လူကြီးတစ်ယောက်အတွက်တော့ အသေးအဖွဲ ဖြစ်နေချင် ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သူ့အရွယ်လေးနဲ့ လုပ်နိုင်တဲ့ ဖန်တီးနိုင်စွမ်းတွေကို အသိအမှတ်ပြု ချီးကျူးဖို့တော့ မမေ့ပါနှင့်။

    ကလေးတွေကို ဖယောင်းနဲ့ခိုင်းနှိုင်းလေ့ရှိပါတယ်။ ငယ်တုန်းအရွယ်မှာ ပုံသွင်းထားရင် ကြီးလာတဲ့အခါ မိဘတွေ ဖြစ်စေချင်သလို ဖြစ်လာတယ်ဆိုတာမျိုးပေါ့။ ဒါ့ပေမယ့် ဒီလို ပုံသွင်းတိုင်းလည်းကောင်းတာမဟုတ်ပါဘူး။ ကလေးတွေက ပင်ကိုယ်လွတ်လပ်တာကို ကြိုက်ကြတဲ့အတွက် နေရာတိုင်းလိုက်ကြပ်တာမျိုးမဟုတ်ဘဲ ဘေးက လိုက်ပျိုးထောင်ကြည့်ရှုပေးရုံလောက်ပဲ ကောင်းပါတယ်။

    ရေးသားသူ- Dr Thin Yadanar @ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 23/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement