ကလေးလေးတစ်ယောက်လူ့လောကထဲရောက်ကာစမှာ မိဘတွေရင်ခုန်ပျော်ရွှင်နေကြပေမယ့် တကယ်တမ်းမွေးဖွားပြီးနောက်ပိုင်းမှာ ပိုတာဝန်ကြီးလာပါတယ်။ လသားကလေးအတွက် အိမ်မှာပဲ အသေးစိတ်ဂရုစိုက်စောင့်ရှောက်ရတယ်ဆိုပေမယ့် ကလေးကနည်းနည်းအရွယ်ကြီးလာတာနဲ့ အရင်လိုအိမ်မှာပဲထားလို့မရတော့ပါဘူး။ တစ်နှစ်ဝန်းကျင် သိနားလည်တဲ့အရွယ်ရောက်တဲ့အခါ ကလေးကို မုန့်ဆိုင်ခေါ်သွားတာ၊ အပြင်ခေါ်သွားတာတွေ လုပ်လို့ရနေပါပြီ။ဖေဖေမေမေအပြင်သွားရင် သားတို့ မီးတို့လည်းလိုက်မယ်ပေါ့။
တစ်နှစ်အရွယ်ပဲဖြစ်ဖြစ် သုံးနှစ်ပဲဖြစ်ဖြစ်ပြဿနာက ကလေးဆိုတာ လိုချင်တာမရရင် ဂျီကျတတ်တဲ့အရွယ်လေးတွေမို့ လူကြားထဲရောက်ရင် မိဘတွေ အခက်ကြုံရတတ်ပါတယ်။ဈေးဝယ်တာ၊ အခမ်းအနားပွဲတက်တာ၊ အိမ်အလည်သွားတာ စတဲ့ သွားစရာကိစ္စရှိလာတိုင်း မခေါ်ဘဲထားခဲ့လို့လည်းမရ၊ခေါ်သွားရမှာလည်း တထိတ်ထိတ်နဲ့ဖေဖေမေမေတို့အဖြစ်က ချီတုံချတုံရယ်ပါ။ ကလေးနဲ့အတူ သွားလာရရင်တော့ ကလေးလည်းပျော် မိဘတွေလည်းပျော်ရပါတယ်။ ဒါပေမယ့်ဘေဘီတို့အပျော်က တာရှည်မခံပါဘူး၊ စိတ်မကြည်စရာတွေ့တာနဲ့၊ လိုချင်တာမရတာနဲ့ ပြန်မယ်တကဲကဲ ငိုတော့တာပါပဲ။
အဲဒီမှာပြဿနာစပါတယ်။ အိမ်မှာဆိုရင် ပြောဆိုတားမြစ်လို့ရတဲ့ကိစ္စတွေ၊လုပ်ရပ်တွေကိုတောင် လူရှေ့သူရှေ့မှာ စကားနားမထောင်တော့ပါဘူး။ တခါတလေ လူအများရှေ့မှာမို့ ဆူလို့မရ၊ချော့လို့မရအောင် လုပ်ချင်ရာလုပ်နေတဲ့အခါမျိုးဆို မိဘတွေအနေနဲ့ ဘယ်လိုထိန်းကြမလဲ။ စကားနားမထောင်တဲ့ ဒါမှမဟုတ် ငိုနေတဲ့ ကလေးကိုအကြမ်းနည်းသုံးလို့မရပါဘူး။ ရုတ်တရက်မို့ကြောက်လန့်ပြီး ခဏတာ စကားနားထောင်လိုက်မှာဖြစ်ပေမယ့် ကလေးရဲ့စိတ်မှာဒဏ်ရာရစေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဖြေရှင်းနိုင်မယ့်နည်းလမ်း ၄သွယ်ကိုအောက်မှာဖော်ပြလိုက်ပါတယ်။
(၁) ကလေးကို အာရုံပြောင်းပါ
ကလေးတွေက လိုချင်တာမရဘူး၊ စိတ်မကျေနပ်ဘူးဆိုတာနဲ့ ဝူးဝူးဝါးဝါးထငိုတာ၊ ဂျစ်တိုက်တာတွေလုပ်တာ သိပ်မြန်ပါတယ်။ ကလေးက မဖြစ်နိုင်တာကိုတောင်းဆိုနေတာမျိုး ဒါမှမဟုတ် တခြားကလေးတစ်ယောက်ရဲ့လက်ထဲကတစုံတခုကို လိုချင်နေတာမျိုးဆိုရင် သူ့ကို တခုခုဆီ အာရုံလွှဲပေးလိုက်ပါ။ တခုခုကိုလုပ်နေရရင် သူအလိုမကျဖြစ်နေတဲ့အရာကိုမေ့သွားတတ်တာ ကလေးသဘာဝပါ။
(၂) သတိပေးစကားနဲ့ ဟန့်ပါ
ကလေးငယ်တွေဆိုတာ မိဘအုပ်ထိန်းသူတွေရဲ့ သတိပေးဆုံးမမှုတွေလိုအပ်တဲ့အရွယ်ဖြစ်ပါတယ်။ မလုပ်ရဘူးလို့ မိဘက စည်းကမ်းချထားတဲ့အရာတစ်ခုခုကို ကလေးက ချိုးဖောက်တော့မယ်ဆိုရင် ဒါမှမဟုတ် ခပ်ဆိုးဆိုးအပြုအမူတစ်ခုခုလုပ်တော့မယ့် အရိပ်အယောင်မြင်ရင် ကိုယ်ကလှမ်းပြီးသတိပေးလိုက်ပါ။ သားရေ မလုပ်ရဘူးနော်၊ သမီးရေ မေမေဘာပြောထားလဲ စသည်ဖြင့်ပေါ့။ သတိပေးတဲ့အခါမှာ ‘တကယ်လို့ နားမထောင်ရင်….’ဆိုတဲ့စကားလေးထည့်ပြောပေးပါ။ဥပမာ စကားနားမထောင်ရင် သားလိုချင်တဲ့အရုပ်ဝယ်မပေးတော့ဘူးနော်၊ သားကိုကစားကွင်းလိုက်မပို့တော့ဘူးနော်ဆိုတာမျိုး။ ဒါမှ ထပ်ဆိုးမယ်ဆိုရင် အကျိုးဆက်တစ်ခုခုကြုံတွေ့ရတော့မယ်ဆိုတာ ကလေးကနားလည်လာပါလိမ့်မယ်။
(၃) စကားတိုတို၊ အသံချိုချိုနဲ့ရှင်းပြပါ
ကလေးက စကားသင်ကာစအရွယ်ဖြစ်လို့ သူတို့ရဲ့အမှားတွေ၊ အကျိုးဆက်တွေအကြောင်းကို သိပ်ရှည်ရှည်ဝေးဝေးမရှင်းပြပါနဲ့။ ကလေးနားလည်လောက်မယ့် စကားလုံးတွေကို တိုတိုနဲ့လိုရင်း ရှင်းပြပါ။ သူတို့လုပ်နေတာမှားတဲ့အကြောင်း၊ ဒီလိုလုပ်ရင် ဘာ့ကြောင့် အပြစ်ပေးခံရမှာလဲဆိုတဲ့အကြောင်းရင်းလောက်ပဲရှင်းပြပါ။ ကလေးကို ခပ်ကြမ်းကြမ်းမဆက်ဆံပါနဲ့။
(၄) သူတို့ကိုရွေးချယ်စရာလေးတွေပေးလိုက်ပါ
ကလေးဆိုတာအရွယ်လေးကြီးလာတာနဲ့အမျှ ဘာမဆို ကိုယ့်ဘာသာလုပ်ချင်လာတတ်တဲ့သူတွေဖြစ်ပါတယ်။ ဥပမာ – လမ်းလျှောက်ရင်မိဘကလက်တွဲထိန်းပေးတာမလိုချင်တာမျိုး၊ ထမင်းကိုယ့်ဘာသာစားမယ်ဆိုတာမျိုး၊ဘေးကလုပ်ပေးတာတွေတွန်းထုတ်ပြီး ကိုယ့်လက်နဲ့လုပ်ရကိုင်ရမှကျေနပ်နေတာမျိုး စဖြစ်လာတတ်ပါတယ်။ ဒီလိုအရွယ်မှာ ကလေးက သူအလိုမကျတာရှိလို့ စကားနားမထောင်တော့ဘူး၊ပေါက်ကရလုပ်လာပြီဆိုရင်ရွေးချယ်စရာတစ်ခုခုပေးလိုက်ပါ။ သူစဉ်းစားမိသွားဖို့အာရုံပြောင်းသလိုဖြစ်တဲ့အပြင် ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာလေး သူနားလည်မိလာပါလိမ့်မယ်။
- ဥပမာ ကလေးကရေမချိုးချင်ဘူးခြေဆောင့်ငိုနေမယ်ဆိုရင်ရေချိုးပြီးအပြင်လိုက်ပို့တာကိုရွေးမလား ဒါမှမဟုတ်ရေမချိုးရင် ကစားကွင်းလိုက်မပို့တော့ဘူးဆိုတာမျိုး။
- ဒါမှမဟုတ် ကလေးက ဖိနပ်စီးဖို့ငြင်းနေတာမျိုး၊ ဂျစ်တိုက်နေတာမျိုးဆို သူ့အဝတ်အစားနဲ့ဘယ်အရောင်လေးလိုက်မလဲ၊ ဘယ်အရောင်ကိုရွေးမလဲမေးကြည့်ပါ။ အနီလေးလှမလား၊ အပြာလေးလှမလား၊ ဒီအရုပ်လေးကသားနဲ့လိုက်တယ်စီးကြည့်ပါလား စသည်ဖြင့်ရွေးချယ်ခွင့်ပေးပါ။
- ကလေးက အနွေးထည်ဝတ်ဖို့ အဝတ်မခံဘူးဆိုရင်တော့ ဝတ်မှာလား ဒါမှမဟုတ် ကာတွန်းကားမပြတော့ဘူး တီဗီပိတ်ထားမယ် ဆိုတာမျိုး ကြိုက်ရာလမ်းကိုပေးရွေးလိုက်ပါ။ သူနှစ်သက်တဲ့အရာတွေ ဆုံးရှုံးနစ်နာရမှာစိုးတဲ့စိတ်ကလေးကြောင့် ကလေးက လမ်းမှန်ကိုရွေးမိလာပါလိမ့်မယ်။ ဆုပေးဒဏ်ပေးသဘောမျိုးဆန်တယ်ဆိုပေမယ့် ကိုယ်သတ်မှတ်လိုက်တဲ့ အပြစ်ဒဏ်ကတော့ ကလေးအတွက် မပြင်းထန်စေနဲ့ပေါ့။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]