backup og meta

ကလေးတွေ တစ်နေ့ကို ဘယ်နှနာရီပဲ ဖုန်းသုံး သင့်သလဲ။

ကလေးတွေ တစ်နေ့ကို ဘယ်နှနာရီပဲ ဖုန်းသုံး သင့်သလဲ။

ခုခေတ်မှာ ကလေးတိုင်းနီးပါးရဲ့ လက်ထဲမှာ ဖုန်းသုံး လိုက်ဂိမ်းလေးဆော့လိုက်၊ ကာတွန်းကားလေး ကြည့်လိုက်နဲ့ ငြိမ်နေကြတာကို တွေ့ရမှာပါ။ မိဘတွေကလည်း ငြိမ်ရင်ပြီးရောဆိုပြီး လွှတ်ထားတတ်ပါတယ်။ ဒီလို အီလက်ထရောနစ်ပစ္စည်းတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ သုံးတာက ကလေးမှာ ကောင်းကျိုးထက် ဆိုးကျိုးပိုများစေပါတယ်။ ဒါကြောင့် ကလေးတွေအတွက် Screen Timeကို ကန့်သတ်ရမယ်ဆိုတာ ဖြစ်လာပါပြီ။

Screen Timeဆိုတာ ဖုန်းအပါအဝင် တီဗွီကြည့်တာ၊ တက်ဘလက်သုံးတာ၊ ဂိမ်းဆော့တာ စတာတွေ အကုန်ပါပါတယ်။ ဒါတွေ အားလုံးကို ကလေးကို ကြည့်ချင်သလို ကြည့်ဆိုပြီး ဆိုပြီး လွှတ်မထားဘဲ အချိန်တစ်ခု ကန့်သတ်ရမှာပါ။

ကလေးတွေကို ဖုန်းသုံး တာ ဘာကြောင့် ကန့်သတ်ထားတာလဲ။

၁နှစ်၊ ၂နှစ် စသဖြင့် မူကြိုတက်တဲ့အရွယ်လေးတွေက အရာရာကို စူးစမ်းတဲ့ အရွယ်ပါ။ ဒီလို စူးစမ်းပြီး သင်ယူနေတဲ့အရွယ်မှာ တတ်နိုင်သမျှ သဘာပတ်ဝန်းကျင်၊ လူ စတာတွေနဲ့ ထိတွေ့တာက ပိုကောင်းပါတယ်။ တစ်နှစ်အောက် ကလေးတွေ ဆိုရင်လည်း ဦးနှောက်က ခပ်မြန်မြန်လေး ကြီးထွားနေတာကြောင့် ဖုန်းသုံးတာထက် ပြင်ပနဲ့ ထိတွေ့ဆက်ဆံတာက ကလေးတိုးတက်မှုကို အများကြီး အထောက်အကူပြုပါတယ်။

ကလေးတွေ တစ်နေ့ကို ဘယ်နှနာရီပဲ ဖုန်းသုံး သင့်သလဲ။

  • ၁နှစ်ခွဲအောက် ကလေးဆိုရင် ဖုန်းအပါအဝင် တခြား အီလက်ထရောနစ် ပစ္စည်းတွေကို လုံးဝခွင့်မပြုသင့်ပါဘူး။ ခြွင်းချက်အနေနဲ့ Video callတော့ ပေးပြောလို့ရပါတယ်။ အဝေးရောက် ဆွေမျိုးတွေ၊ အဘိုးအဘွားတွေနဲ့ အဆက်အသွယ်ရအောင်ပါ။
  • ၁နှစ်ခွဲနဲ့  ၂နှစ်ကြားဆိုရင်တော့ မိဘနဲ့ အတူ ကြည့်နိုင်ပါတယ်။ ရုပ်ထွက်ကောင်းတဲ့ ဗီဒီယိုတွေ၊ ကလေးအတွက် ဗဟုသုတရမယ့် ဗီဒီယိုတွေကို ကြည့်နိုင်ပါတယ်။ (အချိန်ကတော့ ၁နာရီထက် မပိုသင့်ပါ။)
  • ၂နှစ်နဲ့ ၅နှစ်ကြားဆိုရင်တော့ အပျော်အပါး ဗီဒီယိုတွေကို တစ်နေ့ကို ၁နာရီနဲ့ တစ်ပတ်မှာ ၅ရက်၊ စနေ၊ တနင်္ဂနွေလို နေ့မျိုးဆိုရင်တော့ တစ်နေ့ကို ၃နာရီလောက်ထိ ခွင့်ပြုနိုင်ပါတယ်။
  • ကျောင်းစတက်တဲ့အရွယ် ၆နှစ်လောက်ဆိုရင်တော့ တစ်နေ့ကို ၂နာရီလောက် ခွင့်ပြုနိုင်ပါတယ်။

ကလေးတွေ ဖုန်းသုံးတာ များရင် ဘာဖြစ်လာနိုင်သလဲ။

ဖုန်းအပါအဝင် တီဗွီကြည့်တာ၊  ဂိမ်းဆော့တာ များတဲ့အခါ ကလေးတွေက

  • အိပ်ရေးပျက်တာ
  • ကျောင်းစာတွေ မလိုက်နိုင်တာ
  • စာဖတ်နည်းသွားတာ (ဖုန်းသုံးပြီဆိုရင် ဖုန်းနဲ့ စာဖတ်တာထက်၊ တခြား ဆိုရှယ်မီဒီယာကို သုံးတာက ပိုဖြစ်နိုင်ပါတယ်။)
  • မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ထိတွေ့မှု နည်းသွားတာ
  • ကိုယ်လက်လှုပ်ရှားမှု နည်းသွားတာ
  • အဝလွန်လာတာ
  • စိတ်မကြည်တာ
  • ဆိုရှယ်မီဒီယာက ပြုပြင်ထားတဲ့ ပုံတွေ၊ သူများဘဝတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်လာတာ
  • တခြားနည်းနဲ့ လေ့လာသင်ယူမှုတွေ နည်းသွားတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါ့ပြင် ကလေးကြီးတွေမှာ

  • ဆိုရှယ်မီဒီယာတွေကနေတဆင့် အနိုင်ကျင့်ခံရတာ
  • မဟုတ်တဲ့ နည်းလမ်းတွေ အတုမြင် အတတ်သင်တာ
  • လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံရတာ
  • မူးယစ်ဆေး အလွဲသုံးတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

ကလေးတွေ ဖုန်းသုံးတာ နည်းအောင် ဘယ်လိုလုပ်သင့်လဲ။

  • ကလေး ဖုန်းသုံးတိုင်း ကလေး အနားမှာ ရှိနေပါ။ ၁နှစ်ခွဲနဲ့ အထက်ဆိုရင် စပြီး သုံးလို့ရပြီဆိုတော့ ကလေးအတွက် သင့်တော်တဲ့ ဗီဒီယိုတွေ၊ အစီအစဉ်တွေကို မိဘတွေက ရွေးပေးရမှာပဲ ဖြစ်ပါတယ်။
  • ကလေး ဆော့မယ့် ဂိမ်းတွေကို ကိုယ်အရင်ဆော့ကြည့်ပါ။ ကလေး ဆော့မယ့် ဂိမ်းတွေ၊ သုံးမယ့် Appတွေက ကလေးနဲ့ သင့်တော်ရဲ့လားဆိုတာကို မိဘတွေက စစ်ဆေးရပါမယ်။ တချို့ဂိမ်းတွေ၊ Appတွေမှာ အသက်ကန့်သတ်ချက်ရှိပါတယ်။
  • ဖုန်းကြည့်ချိန်၊ ကစားချိန် သတ်မှတ်ပေးပါ။ ဖုန်းက စွဲတတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် ဖုန်းသုံးရမယ့် အချိန်ကို သတ်မှတ်ထားဖို့ လိုသလို တခြားအချိန်တွေမှာ ကလေးအတွက် သင်ကြားရေး အစီအစဉ်တွေ၊ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားဖို့ ခွင့်ပြုပေးဖို့ လိုပါတယ်။ ဒါက တမင်ကို လုပ်ပေးရမှာပါ။ ခုက မိဘတွေက ကလေး ပြေးလွှားနေလို့ ငြိမ်အောင် ဖုန်းပေးထားတာမျိုး ဖြစ်နေပါတယ်။
  • အစာစားတဲ့အချိန်နဲ့ အိပ်ခါနီး ၁နာရီအလိုလောက်မှာ ဖုန်းပေးမသုံးပါနဲ့။ စားတာကို အာရုံစိုက်နိုင်အောင်၊ ကောင်းကောင်း အိပ်ပျော်အောင် ဖုန်းအပါအဝင်၊ တီဗွီ စတာတွေကိုပါ ပိတ်ထားရပါမယ်။ ဒါပေမယ့် မိဘတွေက ကလေး ထမင်းကျွေးရင် ငြိမ်နေအောင် ဆိုပြီး ဖုန်းပြထားတာ၊ တီဗွီဖွင့်ပေးထားတာတွေ တွေ့နေရပါတယ်။ ဖုန်းထဲကို အာရုံရောက်နေတော့ ကလေးက ပါးစပ်ထဲ ဘာထည့်ထည့် ဟပေးတယ်ဆိုပေမယ့် ဒါက ရေရှည်မှာ ကလေးအတွက် မကောင်းပါဘူး။
  • မိဘတွေက စံပြဖြစ်ပါစေ။ တီဗွီ မကြည့်တဲ့အခါ ပိတ်ထားပါ။ ကလးနဲ့ ရှိနေတဲ့အခါ (အထူးသဖြင့် ၁နှစ်ခွဲအောက်) ဖုန်း မသုံးပါနဲ့။ ကလေးအပေါ် အာရုံစိုက်တာ နည်းသွားပါလိမ့်မယ်။ ကလေးက အသစ်အဆန်းမို့ လိုက်ကြည့်ပါလိမ့်မယ်။

ကလေးတွေက မိဘတွေ လုပ်တာကြည့်ပြီး သင်ယူတာဖြစ်တဲ့အတွက် သူတို့ရှေ့မှာ ကိုယ်တိုင်ကလည်း ဖုန်းကို စည်းကမ်းနဲ့ သုံးဖို့ လိုပါတယ်။ ကလေးငယ်လေးတွေကို မိဘတွေ ကိုယ်တိုင်က ဖုန်းပေးသုံးတာမျိုး မလုပ်မိပါစေနဲ့။ ကလေး ငြိမ်အောင်၊ ထမင်းစားအောင်၊ မငိုအောင်၊ မိဘတွေ အလုပ်လုပ်မှာမို့လို့ မနှောင့်ယှက်အောင်၊ ကလေးက ပြေးလွှားပြီး ဆော့နေလို့ ငြိမ်ငြိမ်လေး နေအောင် ဖုန်းပေးသုံးတာမျိုး မလုပ်မိပါစေနဲ့။ ဖုန်းအပါအဝင် Screen timeကို တတ်နိုင်သမျှ လျှော့ပြီး ကလေးကို အပြင်လောကနဲ့ ထိတွေ့ခွင့်ပေးဖို့ လိုအပ်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.aacap.org/AACAP/Families_and_Youth/Facts_for_Families/FFF-Guide/Children-And-Watching-TV-054.aspx

https://www.verywellfamily.com/american-academy-pediatrics-screen-time-guidelines-1094883

https://kidshealth.org/en/parents/screentime-baby-todd.html

https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/screen-time/art-20047952

ယခုပုံစံ

04/08/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေ ဖုန်းအသုံးများ ခြင်းနဲ့ ဦးနှောက်ဉာဏ်ရည်ထိခိုက်မှု

ကလေးငယ်တွေကို ဖုန်း ပေးသုံးသင့်လား။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement