စိတ်ချ လုံခြုံရတဲ့ အစားအသောက်တစ်ခုဆိုတာ အချက် ၂ ချက်နဲ့ ပြည့်စုံရပါမယ်။ အာဟာရလည်း ပြည့်ဝရမယ်၊ ရောဂါပိုးတွေကနေလည်း ကင်းဝေးရပါမယ်။ ဒီလိုအချက်တွေနဲ့ ပြည့်ဝတဲ့ အစားအသောက်တွေကို ဖန်တီးပြီး ကိုယ့်ကလေးကို ကျန်းမာအောင်လုပ်ဖို့က မေမေတို့ တတ်အပ်တဲ့ ပညာတွေပါ။ ကျန်းမာစေချင်လို့ အစားအသောက်တွေ ပြင်ဆင်ကျွေးမွေးကာမှ ရောဂါပိုးတွေ ကလေးကိုယ်ထဲထည့်ပေးမိသလို မဖြစ်စေဖို့ ခုအကြံပေးထားတဲ့ အချက် ၅ ချက်ကို မေမေတို့ သိထားဖို့လိုတယ်နော်။ ။
အစားအသောက်တွေ ဘာကြောင့်သန့်ရှင်းဖို့ အရေးကြီးတာလဲ။ ။
အစားအသောက်တွေဆိုတာ အပြင်ကပိုးတွေကို ကိုယ်ခန္ဓာထဲ တိုက်ရိုက်ရောက်အောင် ပို့ပေးနိုင်တဲ့ ကြားခံနယ်တစ်ခုပါ။ ရောဂါပိုးတွေက အဲ့ဒီ လမ်းကြောင်းကနေ အများဆုံးဝင်နေတာပါ။ ကိုယ်ကြိုက်လို့စားလိုက်တဲ့ အစားအစားတွေကနေ ရောဂါရတာမျိုး ဘယ်သူမှတော့ မဖြစ်ချင်ကြဘူးလေ။ ဒါကြောင့် ကိုယ့်မိသားစုစားတဲ့ အစားအသောက်တွေ သန့်ရှင်းနေဖို့ဆိုတာ အိမ်ရှင်မတွေဖြစ်တဲ့ မေမေတို့အပေါ် အများကြီးမူတည်နေတဲ့ အရာတစ်ခုပါ။
မသန့်တာတွေ စားမိတဲ့ ကလေးတွေမှာ ဘာတွေဖြစ်နိုင်လဲ။ ။
- ဝမ်းလျှောမယ်။
- ပျို့အန်မယ်။
- ကိုယ်ပူမယ်။
- ဗိုက်အောင့်၊ ဗိုက်နာတာတွေဖြစ်မယ်။ ။
ကျန်းမာရေးမကောင်းတဲ့ ကလေးတစ်ယောက်က တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ကြီးထွားမှု အပိုင်းရော ၊ ဉာဏ်ရည်ဖွံဖြိုးမှု အပိုင်းမှာရော နောက်ကျသွားတတ်ပါတယ်။ ဒါကြောင့် အစားအသောက်တွေသန့်ရှင်းဖို့ ဆိုတာ ကလေးတွေအတွက်တော့ အရမ်းအရေးကြီးတဲ့ အရာတစ်ခုပါ။
အစားအသောက်တွေ သန့်ရှင်းစေဖို့အတွက် သိထားသင့်တဲ့ အချက် ၅ ချက်။ ။
၁။ ဈေးစဝယ်တည်းက ဂရုစိုက်ပါ။ ။
- ဈေးမှာ ဝယ်တဲ့အသားတွေက ရေခဲရိုက်ထားတဲ့အသားတွေထက် ပိုလတ်ဆတ်တယ်ဆိုပြီး မျက်စိမှိတ်ဝယ်လိုက်လို့မရပါဘူး။ အသားတွေအရောင်ပြောင်းနေတာ၊ အနံ့မကောင်းတာမျိုးတွေရှိတတ်တဲ့အတွက် သေချာကြည့်ပြီးမှဝယ်သင့်ပါတယ်။
- ကိုယ်ဝယ်မယ့် ပစ္စည်းတွေရဲ့ သက်တမ်းကုန်ဆုံးရက်ကို သေချာစစ်ကြည့်ဖို့လည်း မမေ့ပါနဲ့။
- အသားတွေကို အိတ်ထဲသေချာထည့်ထားပါ။ အသီးအရွက်တွေနဲ့ ပူးမထားပါနဲ့။
- ဥတွေဝယ်တဲ့နေရာမှာလည်း သေချာသန့်စင်မထားတဲ့ ဥတွေ၊ ကွဲနေတဲ့ ဥတွေကို မဝယ်ပါနဲ့။ ရောဂါပိုးတွေ ကပ်နေနိုင်လို့ပါ။
၂။ မီးဖိုချောင်က အရေးအကြီးဆုံးပါ။
- ဈေးကဝယ်လာတဲ့ အသား၊ငါး အသီးအရွက်တွေကို သေချာဆေးပါ။ အသားတွေကို ဝယ်လာပြီးပြီးချင်း မြန်မြန်ချက်လိုက်တာကောင်းပါတယ်။
- နောက်ရက်မှ ချက်မယ်ဆိုရင် ဘက်တီးရီးယားတွေမပွားလာနိုင်အောင် သေချာဘူးထဲထည့်ပြီး ရေခဲသေတ္တာ အပေါ်ကန့်မှာ သိမ်းထားပါ။
- အသားချက်နေတဲ့ အချိန်မှာ ဟင်းသီးဟင်းရွက်ကို ရေ စိမ်ထားပါ။ ပါလာတဲ့ ပိုးသတ်ဆေးတွေ စင်သွားအောင်လို့ပါ။
- အသားငါးတွေကို သေချာ ကျက်အောင် ချက်ပြုတ်ပါ။
- ကြွက်ရန်ကနေ ကာကွယ်ဖို့ ချက်ပြုတ်ရာကထွက်လာတဲ့ အမှိုက်တွေကို သေချာထုတ်ပိုးပြီး စွန့်ပစ်ပါ။
၃။ လုံခြုံအောင် ဖုံးအုပ်ပါ။
- အသားစိမ်း၊ ငါးစိမ်းတွေမချက်ခင် ပြင်ထားတဲ့အချိန်မှာ ယင်ကောင်တွေမနားအောင် သေချာဖုံးထားပါ။
- ချက်ပြုတ်ပြီးတဲ့ ဟင်းပန်းကန်တွေကိုလည်း အုပ်ဆောင်းအုပ်ပြီး ဖုံးထားပါ။ ကြောင်အိမ်ထဲ ထည့်ထားပါ။
- ချိုပြီး ပုရွက်ဆိတ်လာနိုင်တဲ့ အစားအသောက်တွေဆို ရေထည့်ထားတဲ့ ပန်းကန်ပြားလေးခံပြီး သိမ်းထားပါ။
၄။ ဆေးကြောပါ။
- ချက်ပြုတ်ပြီးရင် မီးဖိုချောင်ကို ပြန်သန့်ရှင်းရေးလုပ်ပါ။
- အစာမစားခင် လက်ကို ဆပ်ပြာနဲ့ဆေးပါ။
- စားပြီးတဲ့ ပန်းကန်တွေကို ဒီအတိုင်းမထားဘဲ ချက်ချင်းဆေးပါ။
- ထမင်းစားခုံကိုလည်း သန့်ရှင်းရေးအမြဲလုပ်ပါ။
- ရေခဲသေတ္တာကိုလည်း နှစ်ပတ်တစ်ခါလောက် သန့်ရှင်းရေးလုပ်ပါ။
၅။ အာဟာရပြည့်ဝအောင် ၊ စားသင့်တာတွေ အားလုံးပါအောင် သေချာပြင်ဆင်ကျွေးပါ။
- ကလေး ထမင်းစားချိန်ဆို အသားချည်းပဲ မကျွေးဘဲ အသီးအရွက်တွေပါ ထည့်ကျွေးပါ။
- သရေစာတွေ အစားများရင် ထမင်းမစားချင်ဘဲ ဖြစ်သွားမှာစိုးလို့ သရေစာတွေ အများကြီးမကျွေးပါနဲ့။
- အချိုစားများလွန်းရင် သွားကိုက်ဝေဒနာတွေ ခံစားရတတ်တဲ့အတွက် ကလေးကို အချိုလျှော့ကျွေးပါ။
- ကလေးတွေကို ကျွေးတဲ့ အစားသောက်တွေမှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ (Probiotics) တွေပါသင့်ပါတယ်။ ဒါမှ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းလာပြီး အပြင်ကဝင်လာတဲ့ ပိုးတွေကို မြန်မြန်တိုက်ထုတ်နိုင်မှာပါ။
- ဒါ့အပြင် ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက် အရေးပါတဲ့ ဓာတ်တွေဖြစ်တဲ့ DHA၊ Omega-3 နဲ့ Omega-6 ပါတဲ့ အစားအသောက်တွေကိုလည်း ကလေးတွေကို ကျွေးသင့်ပါတယ်။ ခုနောက်ပိုင်းဆို ကလေးတွေ အတွက်ထုတ်ထားတဲ့ ကြီးထွားဖွံဖြိုးစေတဲ့ နို့တွေထဲမှာ DHA၊ Omega-3 ၊Omega-6 နဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ (Probiotics) တို့ ကြွယ်ဝစွာ ပါဝင်လာပါတယ်။ ဒီတော့ ဘာကျွေးရမလဲဆိုတာ မေမေတို့ သိပ် ခေါင်းစားစရာမလိုတော့ဘူးနော်။
ကလေးအတွက် အစားအစာတွေကို အာဟာရပြည့်ဝမျှတအောင်လည်ကျွေးမယ်၊ သန့်သန့်ရှင်းရှင်းလည်း ပြင်ဆင်မယ်ဆိုရင် ရောဂါတွေကင်းဝေးပြီး သင့်ကလေးရဲ့ နေ့ရက်တိုင်းက လှပနေမှာပါ။
[embed-health-tool-vaccination-tool]