backup og meta

ကလေးရဲ့သွား ကျန်းမာကြံ့ခိုင်စေမယ့် အာဟာရ (၆) မျိုး


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့သွား ကျန်းမာကြံ့ခိုင်စေမယ့် အာဟာရ (၆) မျိုး

    သွားပုံမှန်တိုက်ပေးရုံနဲ့ ကလေးတွေရဲ့သွားကျန်းမာရေးအတွက်ပြီးပြည့်စုံပြီလို့ မထင်လိုက်ပါနဲ့။ ဖွံ့ဖြိုးနေဆဲ ခန္ဓာကိုယ်လေးတွေအတွက်က အာဟာရညီညွတ်မျှတတဲ့ အစားအသောက်တွေလည်း အဓိကလိုအပ်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်တဲ့ အစားအစာတွေနဲ့ အမူအကျင့်ကောင်းလေးတွေပေါင်းစပ်လိုက်တဲ့အခါ သွားအတွက်တင်မကဘဲ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။

    ကလေးရဲ့သွားတွေ ကျိုးပဲ့၊ သွားပိုးစားနေလည်း ငယ်သွားတွေပဲ၊ သွားအသစ်ပြန်ပေါက်လာလိမ့်မယ် ဆိုပြီး မတွေးလိုက်ပါနဲ့။ ငယ်သွားလေးတွေကို ဂရုမစိုက်ဘဲ ပစ်မထားပါနဲ့။ သွားဖုံးရောဂါဖြစ်လာခဲ့ရင်နောက်ပိုင်း သွားကျန်းမာရေးမှာလည်း ထိခိုက်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေရှိလာတတ်ပါတယ်။

    သွားကျန်းမာရေးအတွက် အကောင်းဆုံးအစားအသောက်များ

    ကလေးရဲ့စားသောက်ပုံအာဟာရမှာ ဒီအစားအစာတွေကို ထည့်သွင်းပေးသင့်ပါတယ် –

    ပန်းသီး

    ပန်းသီးက သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။ ပန်းသီးနဲ့ အမျှင်ဓာတ်များတဲ့ တခြားကြွပ်ရွတဲ့သစ်သီးတွေက သွားမှာကပ်ငြိနေတဲ့ သွားချေးတွေကို ပွတ်တိုက်ဖယ်ရှားနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေရရှိနိုင်တဲ့အပြင် ကျန်းမာရေးနဲ့ညီတဲ့ သရေစာလည်းဖြစ်ပါတယ်။

    ဥ အမျိုးမျိုး

    ကြက်ဥ၊ဘဲဥတွေမှာ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် အရေးပါတဲ့သတ္တုဓါတ်တွေဖြစ်တဲ့ ကယ်လ်စီယမ်ပရိုတင်းနဲ့ ဗီတာမင် D တို့ကို ရရှိနိုင်တဲ့ အရင်းအမြစ်တွေဖြစ်ပါတယ်။ အရိုးနဲ့သွား ကျန်းမာရေးအတွက် ကယ်လ်စီယမ်ကို စုပ်ယူနိုင်ဖို့ဗီတာမင် D ကိုလိုအပ်တာဖြစ်ပါတယ်။

    နွားနို့ဒိန်ချဉ်

    နွားနို့၊ ဒိန်ချဉ်တို့လို ကယ်လ်စီယမ်၊ ဖော့စဖရပ်တို့ကြွယ်ဝတာကြောင့် သွားရဲ့ကြွေလွှာကို ကာကွယ်ပေးနိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေက သွားချေးဘက်တီးရီးယားတွေဆီက ထွက်ရှိလာတဲ့အက်စစ်တွေကို တချို့တစ်ဝက် ဓာတ်ပြယ်စေနိုင်ပါတယ်။

    မုန်လာဥနီ

    ပန်းသီးလိုပဲ မုန်လာဥနီဟာလည်း ရေဓာတ်ပါဝင်မှုများတဲ့အပြင် အတော်ဝါးရတဲ့စားစရာမို့ သွားမျက်နှာပြင်မှာ ပွတ်တိုက်သန့်စင်မှုဖြစ်စေပါတယ်။ မုန်လာဥနီမှာပါတဲ့ ရေဓာတ်နဲ့ အမျှင်ဓာတ်တွေက သကြားဓာတ်ကို ထိန်းညှိပေးပြီး သွားကို သန့်စင်စေပါတယ်။

    ပန်းဂေါ်ဖီစိမ်းနဲ့ အစိမ်းရောင်အသီးအရွက်

    ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုများတဲ့ ပန်းဂေါ်ဖီစိမ်းနဲ့ အစိမ်းရောင်အသီးအရွက်တွေက ခံတွင်းကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများပါတယ်။ ဟင်းနုနွယ်နဲ့ ကိုက်လန်တို့လို အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေမှာပါတဲ့ ဖော်လစ်အက်စစ်က သွားနဲ့သွားဖုံးကျန်းမာရေးအတွက်ကောင်းပါတယ်။

    အစေ့အဆန်

    အစေ့အဆန်တွေက အခန့်မသင့်ရင် ကလေးရဲ့အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့သွားနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုပေမယ့် အကျိုးကျေးဇူးလည်းများပါတယ်။ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ဖရုံစေ့တို့လို အစေ့အဆန်တွေက သတ္တုဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးပြီး သွားကို ကာကွယ်ပေးပါတယ်။

    သတိထားဖို့

    • အချိုများတာတွေ သိပ်မကျွေးပါနဲ့။ သကြားလုံးတွေ၊ ဂျယ်လီတွေက သွားပိုးစားနိုင်တယ်လေ။
    • စေးကပ်တဲ့ ၊ ကြာကြာဝါးရတဲ့ အစားအစာတွေ သိပ်မကျွေးပါနဲ့။ အဲဒီအစားအစာတွေ စားတယ်ဆိုလည်းပြီးတာနဲ့ ချက်ချင်းသွားတိုက်ပေးလိုက်ပါ။
    • အိပ်ခါနီးမှ ကလေးကို နို့၊ အချိုရည် စတာတွေ မတိုက်ပါနဲ့။ ကော်ဖီ၊လက်ဖက်ရည်တွေကလည်း ကလေးကျန်းမာရေးအတွက် မသင့်တော်ပါဘူး။
    • ဘာသောက်သောက် ပိုက်နဲ့ မသောက်ခိုင်းပါနဲ့။ ပိုက်နဲ့စုပ်သောက်ရင် သွားကြွေလွှာကိုထိခိုက်နိုင်ခြေပိုများပါတယ်။
    • သွားဆရာဝန်နဲ့ ပုံမှန်ပြပါ။ ကလေးရဲ့ ငယ်သွားမလဲခင်ကတည်းက သွားနဲ့သွားဖုံးကျန်းမာရေးကို ပုံမှန်ပြသစစ်ဆေးပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement