backup og meta

ကလေးရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ဘယ်လိုမြှင့်တင်ပေးနိုင်မလဲ


Ye Myo Myat မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ဘယ်လိုမြှင့်တင်ပေးနိုင်မလဲ

    ကလေးတွေကို ဉာဏ်ရည်ထက်မြက်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ အိပ်မက်ပါ။ မိဘရယ်လို့ ဖြစ်လာပြီဆိုရင်တော့ ကိုယ့်ရဲ့ ကလေးကို ပထမဦးစားပေးအနေနဲ့ ဂရုစိုက် ပြုစုစောင့်ရှောက်တတ်တာ သဘာဝပါ။ ကလေးတွေရဲ့ ကျန်းမာရေးအတွက် အစားအစာပြင်ဆင်ချက်ပြုတ်ရမှာ သေချာဂရုစိုက်ပြီး စီမံပေးရသလို မိဘတွေရဲ့ ကလေးအပေါ် ဆက်ဆံတဲ့ အပြုအမူတွေဟာ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်လာစေမှုမှာ သက်ရောက်မှု အများကြီး ရှိနိုင်ပါတယ်။

    ကလေးတွေ ဉာဏ်ရည်ထက်မြက်စေဖို့ တွန်းအားဖြစ်စေတဲ့ မိဘတွေရဲ့ အပြုအမူတွေ။

    ကလေးတွေဟာ အတုမြင် အတတ်သင်ကြတဲ့ အရွယ်ပါ။ ကလေးတွေရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေနိုင်ဖို့ မိဘတွေအနေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘယ်လို အမူအကျင့်မျိုး လုပ်ဖို့လိုသလဲဆိုတာကို ပြောပြပေးမယ်နော်။

    ၁။ ကိုယ်ဝန်ဆောင်နေစဉ် မိခင်ကျန်းမာရေးကို ဂရုစိုက်ပါ။

    အစကောင်းမှ အနှောင်းသေချာ ဆိုသလိုပဲ ကိုယ်ဝန်ဆောင်နေတဲ့ မိခင်ရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မိခင်အတွက်ရော၊ ဗိုက်ထဲက ကလေးအတွက်ပါ ကျန်းမာပြီး အာဟာရဖြစ်စေမယ့် အစားအစာမျိုးကိုသာ အဓိက စားပေးဖို့ အရေးကြီးပါတယ်။

    ဆေးလိပ်သောက်ခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် မွေးလာတဲ့ ကလေးမှာပါ ဉာဏ်ရည်နိမ့်ပါးတာ၊ ကိုယ်ခံအားနည်းတာအပြင် ရောဂါကူးစက်ဖို့ အလားအလာ ပိုများလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် မူးယစ်ဆေးဝါး၊ အရက်သေစာ သုံးစွဲခြင်းဟာလည်း ကလေးရဲ့ ဦးနှောက်ဉာဏ်ရည်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်တာကြောင့် ရှောင်ကြဉ်ပေးရပါမယ်။

    ၂။ ကလေးတွေကို စာအုပ်ဖတ်ပြပါ။

    စာအုပ်စာပေဖတ်ခြင်းဟာ လူကြီးတွေအတွက်သာမက ကလေးတွေရဲ့ ဦးနှောက်ဉာဏ်ရည်ကိုပါ တိုးတက်ပြောင်းလဲစေနိုင်ပါတယ်။ အရောင်စုံတဲ့ ကာတွန်းရုပ်ပုံအများအပြား ပါဝင်တဲ့ စာအုပ်တွေကို ရွေးဝယ်ပြီး ကလေးတွေကို ဖတ်ပြပါ။ ရုပ်ပုံလေးတွေကို လက်နဲ့ထောက်ပြရင်း သူတို့နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ရှင်းပြတာဟာ ကလေးတွေရဲ့ စူးစမ်းလေ့လာချင်စိတ်ကို မြှင့်တင်ပေးနိုင်တဲ့အပြင် ဦးနှောက်ဉာဏ်ရည်ကိုပါ ထက်မြက်စေပါတယ်။ ဒါ့အပြင် ဘာသာစကားကိုလည်း အလွယ်တကူ သင်ယူနိုင်ဖို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်။

    ၃။ ကလေးတွေကို အာရုံစိုက်ပေးပါ။

    ကလေးတွေက သူတို့ကို မကြာခဏ ပွေ့ဖက်ပေးထားတာ၊ ငိုနေတဲ့အချိန်မှာ လာချော့ပေးတာ အလွန်ကြိုက်ကြပါတယ်။ ဒီအပြုအမူဟာ မိဘနဲ့ ကလေးကြား သံယောဇဉ်ကို ပိုမိုတိုးလာစေနိုင်ပြီး ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ကောင်းကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ မိဘတွေ ဂရုစိုက်တာ ခံရတဲ့ကလေးတွေဟာ တခြားကလေးတွေထက် ဉာဏ်ရည်ပိုကောင်းတတ်ပြီး အရာရာကို အကောင်းမြင်တတ်တဲ့ စိတ်လေး ပိုဖြစ်လာစေပါတယ်။

    ၄။ ကလေးကို သီချင်းလေးတွေ ဆိုပြပေးပါ။

    ကလေးတွေကို ပုံမှန်အချိန်မှာ အေးအေးလေးနဲ့ ကလေးသီချင်းလေးတွေ ဖွင့်ပေးတာမျိုး၊ ညအိပ်ချိန်မှာ သီချင်းဆိုပြီး ချော့သိပ်တာမျိုး ပြုလုပ်ပေးပါ။ ဂီတသံစဉ်တွေဟာ ကလေးတွေရဲ့ စိတ်ကို အေးချမ်းစေတဲ့အပြင် ဘာသာစကားတွေကိုလည်း လွယ်ကူစွာ သင်ယူတတ်မြောက်စေပါတယ်။ ကလေးရှိတဲ့အိမ်တိုင်းမှာ ကလေးသီချင်းခွေလေးတွေ ဆောင်ထားဖို့နဲ့ သီချင်းတွေ အမြဲဖွင့်ထားပေးနိုင်ရင် အကောင်းဆုံးပါပဲ။

    ၅။ အတူ ဆော့ကစားပေးပါ။

    အတူဆော့ကစားပေးခြင်းဟာ ကလေးတွေရဲ့ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပါတယ်။ စကားပြောတာ၊ သီချင်းဆိုပြတာ၊ စာအုပ်ဖတ်ပြတာလိုပါပဲ၊ ကလေးတွေနဲ့ အတူကစားပေးတဲ့အခါမှာ ကိုယ်ဘာတွေ လုပ်နေလဲဆိုတာ သူသိအောင် ပြောပါ။ ကလေးလုပ်နေတဲ့အရာကို တော်လိုက်တာလို့ ချီးကျူးပေးပါ။ ကလေးတွေကို ဦးနှောက်ဉာဏ်ရည်ကို မြင့်တက်စေပြီး တီထွင်ဖန်တီးချင်စိတ်ကို ဖြစ်လာစေမယ့် ကစားစရာတွေ ဝယ်ပေးပြီး သူတို့နဲ့ အတူကစားပေးပါ။

    ကလေးတွေကို ဉာဏ်ရည်ထက်မြက်စေဖို့ ဘာတွေ ဂရုစိုက်ပေးဖို့ လိုသေးလဲ။

    မွေးပြီး ၆ လ အထိ မိခင်နို့တစ်မျိုးကိုသာ သေချာတိုက်ကျွေးပေးပါ။ မိခင်နို့မှာ ပါတဲ့ အာဟာရက ကလေးတွေရဲ့ ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေတဲ့အပြင် ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့ကိုလည်း ကူညီပေးနိုင်ပါတယ်။

    DHA, Omega – 3, Omega – 6 ပါဝင်တဲ့ အစားအစာတွေ၊ ဖြည့်စွက်အာဟာရတွေကို နေ့စဉ် ပုံမှန်ကျွေးပေးပါ။ ငယ်စဉ်ကတည်းက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို စားဖို့ အလေ့အကျင့် လုပ်ပေးပါ။ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အစေ့အဆန်တွေကို တစ်နေ့ ပမာဏနည်းနည်းနဲ့ လုံလောက်အောင် ကျွေးပေးပါ။ စားသောက်နေထိုင်မှုပုံစံ မှန်ကန်စေဖို့အတွက် ကလေးတွေကို အကျင့်လုပ်ပေးထားပါ။

    ကလေးတွေကို အိမ်ထဲမှာပဲ လှောင်ပိတ်မထားပဲ အပြင်မှာ ထွက်ကစားဖို့ ခွင့်ပြုပေးပါ။ လေကောင်းလေသန့်ရဖို့အတွက် အပြင်မှာ မကြာခဏ အားကစားအတူလုပ်ပေးပါ။ ပိတ်ရက်တွေမှာ မိသားစုလိုက် ပျော်ပျော်ပါးပါး လေ့ကျင့်ခန်းလုပ်တာမျိုး၊ လမ်းလျှောက်တာမျိုး လုပ်ပေးပါ။

    ကလေးတွေအပေါ်မှာ ယုံကြည်မှု ရှိပေးပါ။ စိတ်ရှည်သည်းခံပေးပါ။ ပြည့်ဝတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ချစ်ခင်ပေးပါ။ မအောင်မြင်တဲ့အခါမှာ အပြစ်တင်မယ့်အစား အကောင်းဆုံး ကြိုးစားလုပ်ခဲ့ပေးတဲ့အတွက် ချီးကျူးစကားပြောပေးပါ။ ချုပ်ချယ်တဲ့ ပုံစံမျိုးထက် ကလေးတွေ ဘာလုပ်နေလဲဆိုတာကို အမြဲ သတိပြုအာရုံစိုက်ပေးပါ။ နားလည်ကြင်နာတတ်တဲ့ မိသားစု ပတ်ဝန်းကျင်အောက်မှာ ကြီးပြင်းလာတဲ့ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာမှာ ပိုမိုကြံ့ခိုင်လာနိုင်ပြီး အရာရာအပေါ် စူးစမ်းလိုစိတ်၊ အကောင်းမြင်လိုစိတ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း ဖြစ်ပေါ်စေပါတယ်။

    မိသားစုအပေါ် ချစ်ခင်တွယ်တာစေဖို့ ကလေးတွေကို တတ်နိုင်သလောက် အချိန်ပေးပါ။ ဂရုစိုက်ပါ။ ကလေးတွေ ကောင်းစွာ ကြီးထွားဖွံ့ဖြိုးလာဖို့ဆိုတာ မိဘတွေရဲ့ နေထိုင်ပြုမူပြောဆိုပုံတွေမှာ အများကြီး သက်ရောက်မှုရှိစေတာကြောင့် ကလေးတွေရဲ့ အတုယူစရာ စံနမူနာအဖြစ် ကိုယ်တိုင် ပြောင်းလဲနေထိုင်ဖို့ ကြိုးစားပေးပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement