backup og meta

ကလေးကို အိမ်သာသွားတတ်အောင် ဘယ်လိုလေ့ကျင့်ပေးမလဲ

ကလေးကို အိမ်သာသွားတတ်အောင် ဘယ်လိုလေ့ကျင့်ပေးမလဲ

ကလေးကသေးခံ(diaper)လေးဝတ်စရာမလိုတော့ဘဲ ရှူးရှူးတည်လို့ရတဲ့၊ နားလည်တဲ့အရွယ်ရောက်နေပြီဆိုရင် စနစ်တကျစည်းကမ်းစပေးလို့ရနေပါပြီ။ လမ်းလျှောက်တတ်ခါစအရွယ်၊ အသက် ၁၈ လကနေ ၂၄ လအတွင်း ဆို အိမ်သာသွားတတ်အောင် ခွက်နဲ့အကျင့်လုပ်ပေးရတော့မှာပါ။ ဒါပေမယ့် သိပ်လောစရာတော့မလိုပါဘူး။ ကလေးကိုစည်းကမ်းပေးတာ သိပ်စောလွန်းသွားရင် သင်ရပိုကြာနိုင်တဲ့အပြင် ကလေးလည်းပင်ပန်းပါတယ်။

ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုက အသင့်ဖြစ်မဖြစ် အရင်ဆုံးကြည့်ရမှာပါ။ အပြုအမူပိုင်းလေးတွေ သင်လို့ရနေပြီဆိုရင်တော့ စလိုက်ပါတော့။ ခွက်လေးနဲ့ အင်အင်းပါတတ်အောင် အကျင့်လုပ်ပေးတာက ကလေးရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်ရော၊ ကျန်းမာရေးအတွက်ပါကောင်းပါတယ်။ တချို့ကလေးတွေဆို အိမ်ထဲပတ်ပြေးဆော့ကစားရင်း အင်အင်းတွေ တစစီပြန့်ကျဲကုန်တာပဲ။ ဒီလိုမဖြစ်ရအောင် တဖြည်းဖြည်းချင်း ကျင့်ယူပေးရင် မိဘလည်းသက်သာတာကြောင့် အသုံးဝင်မယ့်အချက်လေးတွေအကြံပြုလိုက်ပါတယ်။

မှန်ကန်တဲ့အသက်အရွယ်မှာပဲ စသင်ပါ

ကလေးအများစုက အသက် ၂ နှစ်နဲ့ ၃ နှစ်အတွင်းမှာ သင်လို့၊ စည်းကမ်းပေးလို့ရတာသေချာပါတယ်။ တချို့ကျတော့ ဉာဏ်ရည်ဖွံ့ဖြိုးမှုမြန်ဆန်တာကြောင့် လူကြီးတွေပြောသမျှ လုပ်သမျှ ငယ်ကတည်းက နားလည်နေတတ်ပါတယ်။ ဒါ့ကြောင့် မှန်ကန်တဲ့အသက်အရွယ်အပိုင်းအခြားဆိုတာက ကလေးရဲ့ဖွံ့ဖြိုးမှုကိုအဓိကမူတည်နေတာကြောင့် ကိုယ့်ကလေးရဲ့အခြေအနေကိုသာ ဂရုစိုက်ဆုံးဖြတ်သင့်ပါတယ်။

ကလေးရဲ့အပြုအမူပိုင်း တိုးတက်မှုတွေကို အသေးစိတ်လေ့လာပါ

သေးခံဝတ်ဖို့မလိုတော့ဘူးဆိုတာကို ကလေးရဲ့အပြုအမူတွေကဖော်ပြနေမှာပါ။ ကလေးက –

  • သင်လုပ်သမျှကို အတုခိုးလာပြီဆိုရင်
  • သင် အိမ်သာသွားတဲ့အခါ လိုက်စပ်စုလာပြီဆိုရင်
  • လွတ်လပ်ခွင့် လိုလားလာပြီဆိုရင်( ဘာမဆို ကိုယ့်ဘာသာလုပ်ချင်လာတာ)
  • သင့်ကို မျက်နှာလုပ်ပြီး ချီးမွမ်းခံချင်လာပြီဆိုရင်
  • ဘယ်လိုလုပ်၊ ဘယ်လိုနေဆိုပြီး မိဘကသင်ပေးတဲ့အတိုင်း တစ်ဆင့်ချင်းလိုက်လုပ်တတ်လာပြီဆိုရင်
  • ရှူးပေါက်ချင်၊ အင်အင်းပါချင်တယ်ဆိုတာကို ပါးစပ်ကဖြစ်ဖြစ်၊ အမူအရာနဲ့ဖြစ်ဖြစ်ပြောပြနိုင်လာပြီဆိုရင် စည်းကမ်းသင်ပေးလို့ရပါပြီ။

ကလေးရဲ့အမူအကျင့်ကို နားလည်အောင်လုပ်ပါ

ကလေးကို အလေ့အကျင့်စမသင်ခင်မှာ ကိုယ့်ကလေးရဲ့အပြုအမူ၊စိတ်နေစိတ်ထားနဲ့ ပင်ကိုယ်စရိုက်ကို ထည့်စဉ်းစားသင့်ပါတယ်။ တစ်ခုခုသင်ပေးရင် ကလေးကစိတ်ရှုပ်တတ်လား၊ လိုက်သင်ယူလေ့ရှိလား၊ သင်ရလွယ်လား ဆိုတာတွေကို သိထားရပါမယ်။ အထာသိမှ သင်ပေးဖို့ အလွယ်ဆုံးနည်းလမ်းကိုရွေးနိုင်မှာပါ။

လုပ်ကြည့်သင့်တဲ့ အချက်လေးတွေ

  • ခွက်လေးနဲ့ ရှူးပေါက်၊ အင်အင်းပါတတ်အောင် ကျင့်ပေးတဲ့အခါ သူတို့မှတ်မိလောက်တဲ့ အသံတစ်ခုခုပြောနေပေးပါ။
  • အိမ်သာထဲ သွားနိုင်တဲ့အရွယ်ဆိုလည်း ကိုယ်တိုင် ဆေးကြောသန့်ရှင်းတတ်အောင် သင်ပေးပါ။ပြီးရင် ဆပ်ပြာနဲ့လက်ဆေးဖို့ပါ သင်ဖို့မမေ့ပါနဲ့။

မလုပ်သင့်တဲ့အချက်တချို့

  • သင်လို့မရတာ၊ ကိုယ်ပြောတဲ့အတိုင်း ကလေးကလိုက်မလုပ်နိုင်တဲ့အခါမျိုးဆို ကလေးကို ဆူတာ၊အော်တာ၊ခြိမ်းခြောက်တာ၊ အပြစ်ပေးတာတွေ မလုပ်ပါနဲ့။
  • ကလေးကို ခွက် သို့မဟုတ် အိမ်သာမှာ ၇ မိနစ်ထက် ပိုမထိုင်ပါစေနဲ့။ ထပ်ပေကျံမှာစိုးတာကြောင့် အချိန်ကြာအောင် ဆက်ထိုင်နေခိုင်းတာဟာ ကလေးအတွက် စိတ်မသက်သာစရာ အတွေ့အကြုံဖြစ်သွားစေနိုင်ပါတယ်။
  • ညစ်ပတ်တယ်၊ပေကျံကုန်ပြီ၊ ရွံစရာကြီး စတဲ့ စကားလုံးတွေကိုမသုံးပါနဲ့။ (ဒါ့ကြောင့်တော်တော်များများကအော့အော့တွေ ဆိုတဲ့အသုံးနဲ့ ကလေးတွေကို အသိပေးတာဖြစ်ပါတယ်)
  • ကလေးကို တခြားကလေးတွေနဲ့ နှိုင်းယှဉ်မပြောပါနဲ့။
  • နောက်ဆုံးတစ်ချက်ကတော့ ကလေးကို သင်ပေးတဲ့အခါနေ့ချင်းညချင်းအဆင်ပြေသွားဖို့ မမျှော်လင့်ပါနဲ့။ စိတ်ရှည်ရှည်နဲ့လေ့ကျင့်ပေးလို့ ရပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/potty-training/art-20045230

https://www.parents.com/toddlers-preschoolers/potty-training/basics/step-by-step-guide-to-potty-training/

https://www.nhs.uk/conditions/pregnancy-and-baby/potty-training-tips/

ယခုပုံစံ

10/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျောင်းစမတက်ခင်မှာ ကလေးတွေ အတွက်လိုအပ်တဲ့ သင်ခန်းစာအနည်းငယ်

ကလေးမှာ သေးခံလောင်တာ သက်သာစေမယ့် အချက်(၅)ချက်



Yun Sandi Nan Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement