backup og meta

နောက်ဆို လစဉ်အမြဲကြုံရမယ့် ရာသီပန်းကိစ္စအတွက် ညီမလေးတို့ ကြိုသိထားဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နောက်ဆို လစဉ်အမြဲကြုံရမယ့် ရာသီပန်းကိစ္စအတွက် ညီမလေးတို့ ကြိုသိထားဖို့

    ညီမငယ်လေးတို့ရေ။ အပျိုဖော်ဝင်ချိန် မိန်းကလေးတွေမှာ ပုံမှန်အားဖြင့် အသက် ၁၂ နှစ်လောက်မှာ ဓမ္မတာ စပြီးလာတတ်ပါတယ်။ ဒါ မိန်းကလေးတိုင်း ရှောင်လွှဲမရတဲ့ကိစ္စပါ။ ဆယ်ကျော်သက်အရွယ်မို့ ခန္ဓါကိုယ်မှာလည်း အရွယ်ရောက်လာတဲ့ ဖွံ့ဖြိုးမှုအပြောင်းအလဲတွေ ရှိလာချိန်မှာ ရုတ်တရက်ကြီး ရာသီသွေးစပေါ်လာတဲ့အခါ ဘာမှန်းမသိ၊ ဘာမှသိမထားရင် ညီမလေးတို့ စိတ်ညစ်ရမှာပေါ့။နေရထိုင်ရတာလည်းအဆင်မပြေဘဲ အခက်အခဲတွေအများကြီးရင်ဆိုင်ရနိုင်ပါတယ်။ ဒီအတွက် ညီမလေးတို့ ဘာတွေကြိုသိထားရမလဲ၊ ဘယ်လိုပြင်ဆင်ထားမလဲ အကြံဉာဏ်လေးတွေပေးလိုက်မယ်နော် ။

    ရာသီပန်းနဲ့ပတ်သက်ပြီး ဒါတွေ သိထားသင့်တယ်

    မကြုံဖူးသေးတဲ့ ညီမလေးတွေအတွက် သိချင်နေလောက်တဲ့မေးခွန်းလေးတွေ နည်းနည်းခန့်မှန်းပြီးပြောပြမယ်နော်။

    ရာသီသွေးပေါ်ခြင်း(ဓမ္မတာလာခြင်း) ဆိုတာဘာလဲ

    ရာသီလာတယ်ဆိုတာ သားအိမ်အတွင်း အက်စထရိုဂျင်ဟော်မုန်း ပမာဏများလာပြီး သားအိမ်နံရံအမြှေးတွေထူလာမယ်၊ ၂၈ ရက်ရာသီစက်ဝန်းရှိတဲ့အမျိုးသမီးတွေမှာ အလယ် ၁၄ ရက်လောက်ဆိုရင် မျိုးဥအိမ်ကနေ မ မျိုးဥကကြွေလာမယ်၊ မမျိုးဥက သုက်ကောင်နဲ့ထိတွေ့မှုမရှိဘူးဆိုရင် ဒါမှမဟုတ် မျိုးမအောင်ဘူးဆိုရင် သားအိမ်နံရံအမြှေးက ကွာကျလာမှာပါ။ ပြီးရင် မိန်းမကိုယ်ကနေ သွေးဆင်းလာတဲ့ ဒီဖြစ်စဉ်ကို ရာသီလာတယ်လို့ခေါ်တယ်နော်။

    ဘယ်အချိန်မှာစဖြစ်တာလဲ

    ဘယ်အချိန်မှာ ရာသီသွေးစပေါ်မယ်ဆိုတာ ဘယ်သူမှအတိအကျမပြောနိုင်ပါဘူး။ ပျမ်းမျှအားဖြင့်တော့ ညီမလေးတို့ရဲ့ ရင်သားစတင်ဖွံ့ဖြိုးလာပြီး ၂ နှစ်လောက်အကြာမှာ ရာသီစလာတတ်ပါတယ်။

    ဘယ်နှရက်ကြာမှာလဲ

    ပထမဆုံးရာသီသွေးက နည်းလေ့ရှိပါတယ်။ အများစုကတော့ သုံးရက်ကနေ ငါးရက်အတွင်းကြာတတ်ပေမယ့် ပျမ်းမျှအားဖြင့်တော့ နှစ်ရက်ကနေ ခုနစ်ရက်အထိက ရှိတာလည်း ပုံမှန်ပါပဲ။

    နာကျင်ရတာရှိနိုင်လား

    ရာသီလာခါနီးနဲ့ ရာသီလာနေစဉ်ကာလအတွင်း ဗိုက်အောက်နား နာကျင်ကိုက်ခဲတာ၊ ခါးကိုက်တာ၊ ရင်သားတင်းပြီးနည်းနည်းနာတာ စတဲ့ လက္ခဏာတွေတော့ဖြစ်တတ်ပါတယ်။ ရာသီလာတဲ့အချိန် နာကျင်ကိုက်ခဲတာ လူတိုင်းတော့မဖြစ်ပါဘူး။ ဖြစ်ခဲ့ရင်လည်း ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ရေနွေးနွေးနဲ့ရေချိုးတာ၊ရေနွေးအိတ်ကပ်တာ၊ အကိုက်အခဲပျောက်ဆေးသောက်တာတွေနဲ့ သက်သာအောင်ကုသနိုင်ပါတယ်။

    ရာသီလာပြီဆို ဘာလုပ်ရမလဲ

    လစဉ်သုံးပစ္စည်းဆောင်ထားရမယ်လေ။ ဘယ်လိုသုံးရလဲ၊ ဝတ်ရလဲဆိုတာမေမေ ဒါမှမဟုတ် အစ်မတွေဆီကလေ့လာပါ။ တစ်ခုရှိတာက လစဉ်သုံးကိုလေးနာရီကနေ ရှစ်နာရီအတွင်း အသစ်လဲဖို့အရေးကြီးတယ်နော်။ ဒီအချိန်မှာ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ပိုဂရုစိုက်သင့်ပါတယ် ညီမလေးတို့ရေ။

    ကျောင်းမှာ လူတွေအကုန်သိနေမှာလား

    ဒါကိုတော့မပူပါနဲ့။ လစဉ်သုံးပစ္စည်းတွေက အရည်အသွေးအဆင့်မြင့်နေပါပြီ။ စုပ်ယူမှုလည်းကောင်းတယ်ဆိုတော့ လုံချည်ရော၊ဘောင်းဘီမှာပါပေမှာမဟုတ်ပါဘူး။ ကိုယ်သာပြောမနေရင် ဘယ်သူမှကို သိမှာမဟုတ်ပါဘူး။ စိတ်ထဲမလုံမခြုံဖြစ်နေဖို့မလိုဘူးနော်။

    သိသင့်တာတွေသိထားပြီးပြီဆိုရင် ဒီလိုအရွယ်ကူးပြောင်းချိန်ကိုဖြတ်ကျော်ဖို့ ညီမလေးတို့အနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့လိုတာလေးတွေရှိတယ်။

    ဘယ်လိုပြင်ဆင်ထားမှာလဲ

    သူ့သဘာဝအရဖြစ်တာကို ဘာပြင်ဆင်စရာလိုလို့လဲ ညီမလေး မေးရင်မေးချင်လိမ့်မယ်။ ဒီတိုင်းအမှုမဲ့အမှတ်မဲ့နေလည်းရပေမယ့် ညီမလေးဖြစ်ချင်သလို အလှတရားတွေပိုင်ဆိုင်ဖို့၊ သူငယ်ချင်းတွေနဲ့တန်းတူ ကြီးထွားဖွံ့ဖြိုးဖို့၊ဘော်ဒီလေးလှဖို့၊ အသက်ရှည်ကျန်းမာဖို့ ဆိုတာ ဒီအရွယ်တည်းက အစကောင်းမှဖြစ်မှာနော်။ ညီမလေးရဲ့ခန္ဓါကိုယ်ကျန်းမာအားပြည့်နေဖို့လိုအပ်သလို စိတ်ကလေးလည်း ထားတတ်ဖို့လိုတယ်လေ။

    စိတ်မညစ်ပါနဲ့

    ရာသီလာရင်နေရတာမလွတ်လပ်တော့ဘူး၊ စိတ်ညစ်စရာကြီးလို့ မတွေးပါနဲ့။ လစဉ်လတိုင်းအမြဲကြုံရမယ့် ဒီကိစ္စကိုတွေးကြောက်ဖို့မလိုပါဘူး။မိန်းကလေးတွေရဲ့သဘာဝ ရာသီပန်းပွင့်လန်းတယ်ဆိုတာ အရောင်အသွေးစုံလင်လှပတဲ့လိပ်ပြာလေးတွေအဖြစ်ပြောင်းလဲပေးနိုင်ဖို့ပါ။ ပျိုဖော်ဝင်တဲ့ကာလမှာ အသားအရေလှလာ၊ ဖွံ့ဖြိုးကျန်းမာလာမယ်။ အရွယ်ရောက်လာလို့ ပိုလှလာတတ်ကြတာ မျက်မြင်ပါပဲ။

    အရွယ်ရောက်လာတဲ့အခါ ကိုယ့်ရဲ့သားသမီးလေးတွေမွေးဖွားပြီး ချစ်ရတဲ့မိသားစုကိုတည်ဆောက်နိုင်ဖို့၊ မျိုးဆက်သစ်လေးတွေ ချန်ရစ်နိုင်ဖို့အစပျိုးပေးတဲ့ သဘာဝလက်ဆောင်လည်းဖြစ်သေးတယ်။ လှပတဲ့လိပ်ပြာလေးတွေအဖြစ်နဲ့ လတိုင်း ဒီရက်တွေကိုပျော်ပျော်ရွှင်ရွှင်ကျော်ဖြတ်လိုက်ပါ။

    ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ

    ဒီအချိန်မှာ အရေးကြီးဆုံးက ကိုယ့်ကျန်းမာရေးပဲနော် ညီမလေးမမေ့ဖို့။ ပျိုဖော်ဝင်ဖို့အရွယ်ကူးပြောင်းချိန်မှာ ညီမလေးအတွက် မရှိမဖြစ်ဗီတာမင်နဲ့သတ္တုဓါတ်တွေပြည့်ဝနေဖို့လိုအပ်တယ်ဆိုပေမယ့် ရာသီလာချိန်မှာ သံဓါတ်အားပြည့်နေဖို့ အရေးကြီးဆုံးပါ။ သံဓါတ်ပြည့်ဝနေမှ ရာသီလာချိန်ခံစားရတတ်တဲ့ဝေဒနာလေးတွေသက်သာမယ်၊ လူကအားနည်းမနေတော့ဘူး။ ရာသီလာချိန်ဆိုနေမကောင်းသလိုဖျော့တော့သလိုဖြစ်ကြတဲ့ ညီမလေးတွေဟာ ခွန်အားမပြည့်လို့၊ အာဟာရဓါတ်တွေမလုံလောက်လို့ပါ။ ပျိုဖော်ဝင်ချိန်မှာ ကျန်းမာအားပြည့်ဖို့ အစားအသောက်ကို ညီညွတ်မျှတအောင်စားပါ။ လိုအပ်ရင် ဆယ်ကျော်သက်အားဆေးမျိုးတွေကို သောက်သုံးလို့ရတယ်။ ဒီလိုအားဆေးတွေမှာ အဲဒီအာဟာရဓါတ်တွေ ပါဝင်ပြီး ညီမလေးတို့လို ဖူးပွင့်စအရွယ်တွေအတွက် ဖွံ့ဖြိုးမှုနဲ့ကျန်းမာအားပြည့်မှုကို အပြည့်အဝထောက်ပံ့ပေးနိုင်ပါတယ်။သွေးအားနည်းတတ်တဲ့ သူတွေ၊ အသားမကြိုက်ဘဲ အသီးအရွက်ချည်းစားလို့ သံဓါတ်အပြည့်အဝမရတဲ့သူတွေ၊ ရာသီစလာကာစ ညီမလေးတွေအတွက် အဆင်ပြေတာပေါ့။

    ညီမလေးရေ.. ညီမလေးသိထားသင့်တဲ့ ရာသီပန်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေ ပြောပြပြီးပြီဆိုတော့ ပိုးလောင်းဘဝကနေ အရောင်အသွေးစုံတဲ့လိပ်ပြာလေးတွေအဖြစ် ပြောင်းလဲတော့မယ့် အချိန်ကာလအတွက် ကြိုတင်ပြင်ဆင်ထားပါတော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement