brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကျောင်းတွေမှာ ဘာလို့ sex education သင်ပေးသင့်တာလဲ။

သိပ်မကြာခင်က ဆယ်တန်းမှာ လိင်ပညာပေး (sex education)နဲ့ ပတ်သတ်လို့ သင်ရမယ့် သင်ရိုးညွှန်းတမ်း ထွက်လာပါတယ်။ ထုံးစံအတိုင်း လူ၃ယောက်ရှိရင် ၂ဖွဲ့ကွဲတာဆိုတော့ သင်သင့်တယ်။ မသင်သင့်ဘူး စသဖြင့် အသံတွေ ပြန်ကြားရတာပေါ့။ ကိုယ်တွေနိုင်ငံမှာပဲ ဒီလိင်ပညာပေးကို သင်တာ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း သင်ပါတယ်။ ဒီမှာတော့ စစချင်းဆိုတော့ ပြောရတာ ခက်ခဲတာ၊ ကျောင်းသားက ကိုယ့်ကို မလေးစားမှာ စိုးတာ စသဖြင့် အခက်အခဲလေးတွေတော့ ရှိမှာပေါ့။ သူများဆီမှာလည်း ရှိပါတယ်။ ဒီလိုပဲ နည်းလမ်းရှာပြီး သင်ရတာပေါ့။

ကျောင်းတွေမှာ ဘာလို့ sex education သင်ပေးသင့်တာလဲ။

အရင်ဆုံး စိတ်ထဲမှာ ပြတ်ပြတ်သားသား သိထားသင့်တာက လိင်ပညာပေးဆိုတာ လိင်ဆက်ဆံနည်းကို သင်ပေးတာ မဟုတ်ဘူးဆိုတာပါပဲ။ ဒါကို အရင်ဆုံး စိတ်ထဲမှာ ရှင်းထားပါ။ သူတို့အခေါ်ကတော့ comprehensive sex education ပြီးပြည့်စုံတဲ့ လိင်ပညာပေးလို့ ခေါ်ကြပါတယ်။ ဆိုလိုတာက သာမန် လိင်အကြောင်းသင်တာထက် ပိုပြီး နက်နဲပါတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် ဒီ comprehensive sex education ကနေ လူသားတွေရဲ့ EQတွေ၊ လူမှုပြဿနာတွေအထိ အများကြီး တာသွားမှာပါ။

ဘာဖြစ်လို့ ကလေးတွေကို သင်ပေးတာလဲ။

ကလေးတွေကို သင်ပေးရတာ လွယ်တယ်မှတ်လို့။ ဒါပေမယ့်လည်း လိုအပ်လို့ သင်ရတာပေါ့။ အရွယ်မတိုင်ခင် လူကြီးလုပ်ချင်တာ၊ သက်ငယ်ကိုယ်ဝန်တွေ၊ သက်ငယ်မုဒိန်းမှုတွေ၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါခံစားရတဲ့ ကလေးတွေ ဒါတွေက တကယ်ရှိပါတယ်။ ခုချိန်မှ မသင်ရင် နောင်ကို ဒီထက်ပိုများလာဖို့ပဲ ရှိတော့ပါတယ်။ သူတို့ ကိုယ့်ကိုယ်ကို ကာကွယ်တတ်ဖို့ သင်ပေးရပါမယ်။

အိပ်၊စား၊ ကာမ ဒီ၃ခုကို လူတွေရော တိရိစ္ဆာန်တွေရော မသင်ဘဲ တတ်ပါတယ်။ ဒါပေမယ့် လူတွေက အသိဉာဏ်ရှိတဲ့ သတ္တဝါတွေမို့လို့ ဒီကိစ္စတွေဟာ ဘယ်လိုဆိုရင်တော့ ကောင်းတယ်။ ဘယ်လိုဆိုရင်တော့ မကောင်းဘူး စသဖြင့် သင်ပေးရပါမယ်။ အသိဉာဏ်မြင့်မားတဲ့ အတွက်ကြောင့်ပါ။

အရွယ်မတိုင်ခင် လိင်မဆက်ဆံဖို့ တားနိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် စူးစမ်းတတ်တဲ့ အရွယ်မှာ ကလေး ၁၀၀မှာ ၁ယောက်လောက်ကိုပဲ မလုပ်ဖို့ ပြောတာ မအောင်မြင်ရင်၊ ဒီကလေးက အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှုမျိုး လုပ်လိုက်ရင် ဒါလူ့အဖွဲ့အစည်းအတွက် နစ်နာမှုပါပဲ။

ကလေးတွေကို သင်ရင် ဘာအကျိုးရှိမှာလဲ။

  • အတူမနေနဲ့လို့ ဆုံးမတာက သူတို့စိတ်ကို မပြောင်းစေပါဘူး။

ကလေးတွေ အထူးသဖြင့် မြီးကောင်ပေါက် အရွယ်တွေကို အတူမနေနဲ့ (လိင်မဆက်ဆံနဲ့)လို့ ပြောတာက တကယ်ပဲ ထိရောက်ပါ့မလား။ တွေးစရာရှိပါတယ်။ မနေနဲ့လို့ ပြောလို့ မနေတဲ့သူ ရှိသလို မလစ်သေးလို့ ငြိမ်နေတဲ့သူလည်း ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီအရွယ်က စူးစမ်းတတ်တဲ့ အရွယ်ကိုး။ တားလေ ပိုလုပ်လေပါပဲ။ ခုလို လွတ်လပ်တဲ့၊ ဆက်သွယ်ရ လွယ်တဲ့ ခေတ်ဆို ပိုပြီး ဆိုးပါတယ်။

လေ့လာချက်တွေအရလည်း လူငယ်တွေကို မလုပ်နဲ့လို့ တားတာက လက်တွေ့မှာ အရွယ်မတိုင်ခင် လိင်ဆက်ဆံတဲ့ ပြဿနာကို မကျစေပါဘူးတဲ့။ နောက်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် comprehensive sex educationဟာ လိင်ကိစ္စကို လုံးဝရှောင်ကြဉ်ဖို့ ဆိုတာထက် ဘယ်လိုကိစ္စတွေက အန္တရာယ်ရှိတယ်ဆိုတာကို အသိပေးထားတာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်က မလုပ်ရဘူးလို့ ပြောတာနဲ့ ကလေးတွေက နားထောင်မှာမှ မဟုတ်တာ။ ဒီလိုဆို ကလေးအချင်းချင်း ဖြစ်တဲ့ မုဒိန်းမှုဆိုတာ ဘယ်ရှိပါ့မလဲ။

  • လုပ်မယ့်သူတွေကို မလုပ်ပါနဲ့လို့ တားတာက အလုပ်မဖြစ်ပါဘူး။

မလုပ်ရဘူး။ လိင်မဆက်ဆံရဘူးလို့ တစ်မျိုးတည်း ပြောတာက တကယ်တန်း အတူနေကို နေမယ်လို့ ဆုံးဖြတ်ထားတဲ့ သူတွေအတွက် ဒုက္ခများစေပါတယ်။ ဆိုလိုတာက မလုပ်ရဘူးဆိုတာပဲ သိပြီး လုပ်မယ်ဆို ဘယ်နည်းလမ်းက အန္တရာယ်ကင်းလဲဆိုတာ သူတို့ မသိဘူး။ ရှောင်နိုင်လားဆိုတော့လည်း မရှောင်နိုင်ဘူး။ ဘယ်လို sex educationမျိုးကမှ လူငယ်တွေကို လိင်မဆက်ဆံဖို့ မတားနိုင်ပါဘူး။ တို့တွေ လုပ်နိုင်တာက အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံနည်းက ဘယ်ဟာဆိုတာ ပြောပြပေးတာပါပဲ။

  • sex education သင်ပေးလို့ လိင်ဆက်ဆံတတ်လာမယ်ဆိုတာ မဟုတ်ပါဘူး။

sex education မသင်လည်း သူတို့ တတ်ပါတယ်။ အားမနာတမ်း ပြောရရင် သင်လည်း မသင်ဘဲ လုပ်တတ်တာပဲ မလား။ သူတို့လည်း ဒီလိုပါပဲ။ လေ့လာချက်တစ်ခုမှာ ကျောင်းမှာ ကွန်ဒုံးသုံးနည်းကို သင်ပေးခဲ့ပါတယ်။ sex education ပါ အပါအဝင်ပေါ့။ ထူးခြားတာက လူတွေ ထင်သလို သူတို့ လိင်ဆက်ဆံတတ်သွားကြတာ မဟုတ်ပါဘူး။ လိင်ဆက်ဆံချိန် စောသွားတာမျိုးလည်း မရှိပါဘူးတဲ့။ ကွန်ဒုံးတွေက သူတို့ လိင်ဆက်ဆံဖို့ တွန်းအားမပေးခဲ့သလို ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံရင် ဘာဖြစ်မလဲဆိုတာ သူတို့ သေသေချာချာ သိသွားခဲ့ပါတယ်။

  • အထက်တန်း ကျောင်းသား ၂ယောက်မှာ ၁ယောက်က လိင်ဆက်ဆံဖူးပါတယ်တဲ့။

ဒါ နိုင်ငံခြားက ဒေတာပါ။၂၀၁၅မှာ လုပ်ခဲ့တဲ့ Youth Risk Behavioral Surveillance Surveyပါ။ ဆက်ပြောရရင် ၄၁ရာခိုင်နှုန်းသော အထက်တန်းကျောင်းသားတွေက အနည်းဆုံး တစ်ကြိမ် လိင်ဆက်ဆံဖူးပါတယ်တဲ့။ ၁၁.၅ ရာခိုင်နှုန်းမှာ ဆက်ဆံဖော် ၄ယောက်နဲ့ အထက် ရှိပါတယ်။ ၅၇ ရာခိုင်နှုန်းက ကွန်ဒုံးသုံးပြီး ၁၈ရာခိုင်နှုန်းက တားဆေး သုံးပါတယ်တဲ့။ ၅ပုံ ၁ပုံလောက်က အတူမနေခင်မှာ အရက်၊ ဆေး သုံးပါတယ်တဲ့။

မြန်မာနိုင်ငံမှာတော့ ဒေတာ မသိပါဘူး။ ဒီထက် နည်းမယ်လို့ မျှော်လင့်ပါတယ်။ ရှိတာတော့ ရှိမှာပါ။ သင်တို့က ကလေးလို့ ထင်ပေမယ့် သူတို့က ကလေးတွေ မဟုတ်တော့ပါဘူး။ ဒါကြောင့် အကျိုးအပြစ်တွေကို ပြောပြပေးဖို့ လိုလာပါပြီ။

  • sex educationအကြောင်း နားလည်လေလေ ပိုပြီး ရှောင်နိုင်လေလေပါပဲ။

ကလေးတွေကို အထင်မသေးပါနဲ့။ သင်က လိင်ဆက်ဆံမှုကို ရှောင်မှ လိင်က တစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ မဖြစ်မှာ၊ ကိုယ်ဝန်မရမှာလို့ ပြောရင် သူက သင့်ကို စိတ်ထဲမှာ ကြိတ်ရယ်နေမှာပါ။ သူက သင်မပြောပြလည်း သိနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်လေ။ အဲ့ဒီအစား အရွယ်မတိုင်ခင် လိင်ဆက်ဆံရင် ဘာပြဿနာတွေ ဖြစ်နိုင်တယ်။ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်းဆိုတာ ဘယ်လို ဆိုတာ ပြောပြပေးရမှာပါ။ ကလေးတွေက ဉာဏ်သိပ်ကောင်းပါတယ်။ သူများများ သိလေလေ ရှောင်နိုင်လေလေပါပဲ။

ဒါဟာ sex education အကြောင်းကို အပေါ်ယံ ရေးထားသလောက်ပဲ ရှိတာပါ။ တကယ်တော့ ဒီထက်မက နက်နဲပါတယ်။ ရှင်းအောင် ပြောရရင် sex education ဆိုတာ လိင်ဆက်ဆံနည်းကို သင်ပေးတာ မဟုတ်ပါဘူး။ ဒါက မသင်လည်း တတ်ပါတယ်။ ပြီးပြည့်စုံသော sex education ဆိုတာ လုံးဝ လိင်မဆက်ဆံရဘူးလို့ တားနေတာထက် အန္တရာယ်ရှိတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေကနေ ကလေးတွေကို ဆွဲထုတ်နေတာပဲ ဖြစ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/06/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။