home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကာကွယ်ဆေးတွေကို ဘယ်လိုထုတ်လုပ်သလဲ။ ကာကွယ်ဆေးတွေက စိတ်ချရပါသလား။

ကာကွယ်ဆေးတွေကို ဘယ်လိုထုတ်လုပ်သလဲ။ ကာကွယ်ဆေးတွေက စိတ်ချရပါသလား။

ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတယ်ဆိုတဲ့အတိုင်း ရောဂါတစ်ခုခု မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ထားနိုင်တာက နည်းလမ်းကောင်း တစ်ရပ်ပါပဲ။ ဒါကြောင့်လည်း ကာကွယ်ဆေးဆိုတာ လူသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာတာပါ။

နှစ်စဉ် ကာကွယ်ဆေးကြောင့် လူသန်းပေါင်းများစွာကို ရောဂါပိုးတွေရဲ့ အန္တရာယ်ကနေ အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။ တချို့ရောဂါတွေဆို ကမ္ဘာပေါ်ကနေ အပြီးသတ် ပျောက်ကွယ်သွားနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ကာကွယ်ဆေးတွေ ဘယ်လိုအလုပ်လုပ်သလဲ။

ကာကွယ်ဆေးတွေကို ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကနေ ထုတ်လုပ်ပါတယ်။ ဒါပေမယ့် ပိုးတွေကို သေပြီးသား ဒါမှမဟုတ် အားပျော့ပြီးသားတွေကို သုံးတဲ့အတွက် သင့်ကို ရောဂါမဖြစ်စေပါဘူး။ တချို့ ကာကွယ်ဆေးတွေဆို ပိုးရဲ့ တစ်စိတ်တစ်ပိုင်းပဲ ပါပါတယ်။

ကာကွယ်ဆေးက သင့်ခန္ဓာကိုယ်က ခုခံအားကို လှုံ့ဆော်ပေးတဲ့အတွက် ပဋိပစ္စည်း (Antibodies) ဆိုတာ ထွက်လာပါတယ်။ ဒါဟာ ခန္ဓာကိုယ်ကို ရောဂါပိုးဝင်လာလို့ တုံ့ပြန်ပုံနဲ့ အတူတူပါပဲ။ ကွာတာက ကာကွယ်ဆေးထိုးပြီးသွားရင် ခုခံအားပဲ ကျန်ခဲ့ပါတယ်။ ရောဂါမကျန်ခဲ့ပါဘူး။

ဒါကြောင့်လည်း ကာကွယ်ဆေးတွေက အစွမ်းထက်တဲ့ ဆေးတစ်လက် ဖြစ်နေခဲ့တာပါ။ တခြားဆေးတွေနဲ့ မတူတာက ကာကွယ်ဆေးတွေက ရောဂါကို မကုပေးနိုင်ပါဘူး။ ကာကွယ်ရုံပဲ ကာကွယ်ပေးနိုင်ပါတယ်။

ကာကွယ်ဆေး ဘယ်နှမျိုးရှိသလဲ။

ကာကွယ်ဆေး ထုတ်မယ်ဆိုရင် ပညာရှင်တွေက ခုခံအားက ဘယ်လိုတုံ့ပြန်မှာလဲ၊ ဘယ်သူတွေ ထိုးသင့်သလဲ၊ ဘယ်နည်းပညာကို သုံးပြီး ထုတ်ရင် အဆင်ပြေမလဲဆိုတာ စဉ်းစားလေ့ရှိပါတယ်။ ဒီပေါ်အခြေခံပြီး ကာကွယ်ဆေး ၄မျိုး ထွက်လာပါတယ်။

  • ရောဂါမဖြစ်စေလောက်အောင် ချိနဲ့နေတဲ့ပိုးအရှင်က ထုတ်တဲ့ ကာကွယ်ဆေး (Live-attenuated vaccines)
  • ပိုးအသေက ထုတ်တဲ့ ကာကွယ်ဆေး (Inactivated vaccines)
  • ပိုးတစ်စိတ်တစ်ပိုင်းကနေ ထုတ်တဲ့ ကာကွယ်ဆေး (Subunit, recombinant, polysaccharide, and conjugate vaccines)
  • အဆိပ်ကနေ ထုတ်တဲ့ ကာကွယ်ဆေး (Toxoid vaccines)

ကာကွယ်ဆေးတွေကို ဘယ်လိုထုတ်သလဲ။

ကာကွယ်ဆေးတွေက အလုပ်လုပ်ပုံကတော့ တစ်မျိုးနဲ့ တစ်မျိုး သိပ်မကွာလှပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး ထုတ်တဲ့နေရာမှာတော့ နည်းနည်းကွာခြားသွားပါတယ်။

  • ပိုးအရှင်က ထုတ်တဲ့ ကာကွယ်ဆေး (Live-attenuated vaccines)

အားပျော့တဲ့ ပိုးကနေ ထုတ်ထားတာပါ။ ပိုးအစစ်နဲ့ တော်တော်တူတဲ့အတွက် အချိန်ကြာကြာခုခံနိုင်ပါတယ်။ ကာကွယ်ဆေးကို အပြည့်ထိုးမယ်ဆိုရင် တစ်သက်တာ ခုခံအားထိရသွားနိုင်ပါတယ်။

သတိထားရမယ့် အချက်ကတော့ ပိုးအစစ်ကိုပဲ အားပျော့အောင် လုပ်ထားတာ ဖြစ်တဲ့အတွက် ခုခံအားကျတဲ့သူတွေ ထိုးမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ ဒီကာကွယ်ဆေး အမျိုးအစားက အေးတဲ့အပူချိန်မှာ ထားရတာ ဖြစ်တဲ့အတွက် ကာကွယ်ဆေး သယ်ယူပို့ဆောင်တဲ့အခါ ဒီအချက်ကို သတိထားမှ အာနိသင်ကောင်းကောင်း ရပါမယ်။

ဥပမာ – ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် ပေါင်းစပ်ကာကွယ်ဆေး၊ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး၊ ရေကျောက်ကာကွယ်ဆေး။

  • ပိုးအသေက ထုတ်တဲ့ ကာကွယ်ဆေး (Inactivated vaccines)

ပိုးအသေက ထုတ်တာဖြစ်တဲ့အတွက် ပိုးအရှင်က ထုတ်တာလောက် ခုခံအားကြာကြာမခံပါဘူး။ ဒါကြောင့် ထပ်ဆောင်းကာကွယ်ဆေး (Booster dose)တွေ လိုပါတယ်။

ဥပမာ – တုပ်ကွေးကာကွယ်ဆေး၊ အသည်းရောင် အသားဝါ အေ ကာကွယ်ဆေး၊ ခွေးရူးပြန်ကာကွယ်ဆေး

  • ပိုးတစ်စိတ်တစ်ပိုင်းကနေ ထုတ်တဲ့ ကာကွယ်ဆေး (Subunit, recombinant, polysaccharide, and conjugate vaccines)

ပိုးရဲ့ အစိတ်အပိုင်း (ဥပမာ ပရိုတိန်း၊ သကြား၊ အခွံ)ကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပိုးကောင်ရဲ့ အစိတ်အပိုင်းကနေ ထုတ်လုပ်ထားတာကြောင့် ခုခံအားကို ကောင်းကောင်း လှုံ့ဆော်ပေးနိုင်ပါတယ်။ ခုခံအားမကောင်းတဲ့သူတွေ၊ ရောဂါအခံရှိတဲ့သူတွေပါ သုံးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူလည်းပဲ ထပ်ဆောင်းကာကွယ်ဆေး (Booster dose)တွေ လိုပါတယ်။

ဥပမာ – Hib ကာကွယ်ဆေး၊ အသည်းရောင် အသားဝါဘီ ကာကွယ်ဆေး၊ ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး

  • အဆိပ်ကနေ ထုတ်တဲ့ ကာကွယ်ဆေး (Toxoid vaccines)

ဒီကာကွယ်ဆေး အမျိုးအစားကတော့ ပိုးကနေ ထုတ်တဲ့ အဆိပ်ကနေ အခြေခံပြီး ထုတ်ထားတာပါ။ တချို့ရောဂါတွေက ပိုးကြောင့် မဟုတ်ဘဲ ပိုးက ထွက်တဲ့အဆိပ်ကြောင့် ဖြစ်တာပါ။ ဒါကြောင့် အဆိပ်ကို တုံ့ပြန်နိုင်တဲ့ ခုခံအားရဖို့ တီထွင်ထားခြင်းပဲ ဖြစ်ပါတယ်။ သူလည်းပဲ ထပ်ဆောင်းကာကွယ်ဆေး (Booster dose)တွေ လိုပါတယ်။

ဥပမာ – ဆုံဆို့နာ ကာကွယ်ဆေးမေးခိုင်ကာကွယ်ဆေး

ကာကွယ်ဆေးတွေက စိတ်ချရပါသလား။

ကာကွယ်ဆေးတွေက လူတွေ အများကြီးကို ထိုးပေးမှာ ဖြစ်တဲ့အတွက် စိတ်ချရမှု မရှိရင် လုံးဝသုံးလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကာကွယ်ဆေးထုတ်တဲ့အဆင့်ကို အဆင့်ဆင့် အောက်ပါအတိုင်းထိန်းချုပ်ထားပါတယ်။

ကာကွယ်ဆေး ထုတ်တဲ့ အဆင့်တွေကတော့

  • Exploratory stage – ဒီအဆင့်မှာ လူနည်းစုနဲ့ စပြီး စမ်းသပ်ပါတယ်။
  • Pre-clinical stage – လူအရေအတွက်လည်း ပိုများလာတဲ့အပြင် လက်တွေ့မှာ ထိုးမယ့်သူနဲ့ အနီးစပ်ဆုံးသူအောင် (ဥပမာ – အသက်၊ ကျား/မ) ခွဲထုတ်ပြီး စမ်းသပ်လာပါပြီ။
  • Clinical development – လူတွေ ထောင်ဂဏန်းနဲ့ ချီပြီး စမ်းသပ်လာပါပြီ။ လူအများနဲ့ရော ဆေးစွမ်းထက်ရဲ့လား။ ဘေးထွက်ဆိုးကျိုးကင်းရဲ့လားဆိုတာကို စောင့်ကြည့်ပါတယ်။
  • Regulatory review and approval – ဒါတွေ အောင်မြင်တယ်ဆိုရင်တောင် လိုင်စင်ရဖို့ အဆင့်ဆင့် ကျော်ဖြတ်ရပါတယ်။
  • Manufacturing – ပြီးတော့မှ ထုတ်လုပ်ခွင့်ကျပါတယ်။
  • Quality control – ထုတ်ပြီးလို့ ထိုးပေးပြီးရင်လည်း ဆေးရဲ့ ရောဂါကာကွယ်နိုင်စွမ်း၊ ဘေးထွက်ဆိုးကျိုး စတာတွေကို အမြဲစောင့်ကြည့်နေရပါတယ်။ တစ်ခုခု မူမှန်ဘူးဆိုရင် ချက်ချင်း စျေးကွက်က သိမ်းပါတယ်။

လက်တွေ့မှာတော့ ဒီအဆင့်ဆင့်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါကြောင့်လည်း ကာကွယ်ဆေး တစ်ခုထုတ်ဖို့ နှစ်တွေ အကြာကြီး၊ လူအား၊ ငွေအားတွေ အများကြီး စိုက်ထုတ်ရပါတယ်။ အဆင့်ဆင့် စမ်းသပ်ခံပြီးတော့မှပဲ လူတွေ အများကြီးကို ထိုးပေးနိုင်တဲ့ အဆင့်ကို ရောက်တာဖြစ်ပါတယ်။

ကာကွယ်ဆေးမှာ တခြားဆေးတွေလိုပဲ အညွှန်းပါပါတယ်။ ဘယ်လိုဆေးကတော့ဖြင့် ခုခံအားကျနေတဲ့သူတွေ မထိုးသင့်ဘူး။ ကြက်ဥနဲ့ မတည့်တဲ့သူတွေ မထိုးသင့်ဘူး။ အရင်က ထိုးပြီး ဓာတ်မတည့်ဖြစ်ဖူးတဲ့သူတွေ ရှောင်သင့်တယ်၊ ဘယ်လိုအပူချိန်မှာ ထားမှ အာနိသင်ရမယ် စသဖြင့် ပါပြီးသားဖြစ်ပါတယ်။ ဒါတွေကို သေချာလိုက်နာရင် ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုးဖြစ်တယ်ဆိုတာ မရှိသလောက်ပါပဲ။

ကာကွယ်ဆေးတွေက သာမန်ဖျားနာရုံက လွဲပြီး ကြီးကြီးမားမား အန္တရာယ်ဖြစ်ခဲတဲ့အတွက် ယခုထိ လူပေါင်းများစွာမှာ ထိုးပေးနေတာပဲ ဖြစ်ပါတယ်။ လူပေါင်းများစွာ ဆေးအောင်ပြီး ရောဂါတွေကနေ ကာကွယ်နိုင်တာလဲ လက်တွေ့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကာကွယ်ဆေးတွေဟာ လူသားတွေကို ရောဂါကာကွယ်ပေးနေတဲ့ အရာတစ်ခုပါ…။

( MAT-MM-2000054)

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 15/12/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။