backup og meta

တစ်နေ့ကို တစ်နပ်ပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Hello Sayarwon Panel မှ ရေးသားသည်။ · 16/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်နေ့ကို တစ်နပ်ပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုသလား

    လူတချို့ဟာ ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ ကျန်းမာရေး ကောင်းမွန်စေဖို့ ရည်ရွယ်ချက်နဲ့ တစ်ရက်တာမှာ အစားတစ်နပ်သာ စားပါတယ်။ ဒီလို တစ်ရက်တာမှာတစ်နပ်သာစားခြင်းကို အတိုကောက်အားဖြင့် OMAD (One Meal per Day) လို့ ရည်ညွှန်းကြပါတယ်။ ဒီလို တစ်နေ့ကို တစ်နပ်ပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုသလား …..

    တစ်နေ့ကို တစ်နပ်ပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုသလား

    တစ်နေ့ကို တစ်နပ်ပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုသလား ဆိုတော့ စားသောက်တဲ့ အစားအစာနဲ့ စားတဲ့အချိန်ဟာ တစ်ဦးချင်းစီအပေါ်မှာ မူတည်ပေမယ့် OMAD စားသောက်ပုံဟာ ကယ်လ်လိုရီကို လျှော့ချနိုင်တာတော့ အမှန်ပါပဲ။

    OMAD စားသောက်ပုံနဲ့ အစာမစားဘဲနေတဲ့ fasting သဘောတရားအကြား ဆက်စပ်မှုရှိပါတယ်။ ဒီနှစ်မျိုးကို ဟန်ချက်ညီညီပေါင်းစပ်ပြီး ကိုယ်အလေးချိန်ထိန်းရာမှာ ကျင့်သုံးတဲ့ နည်းစနစ်တွေ ရှိပါတယ်။

    ဥပမာ တစ်ရက်မှာ တစ်ကြိမ်သာစားပြီး ကျန်တဲ့ အချိန်တွေမှာ အစာမစားခြင်း (fasting လုပ်ခြင်း)၊ တစ်ရက်တစ်ကြိမ်သာစားပြီး ကျန်တဲ့အချိန်မှာ အနည်းငယ်လောက်ပဲစားခြင်း စတာတွေ ဖြစ်ပါတယ်။ ၎င်းနည်းလမ်းများဟာ ကယ်လ်လိုရီလျှော့ချပေးတာမို့ ကိုယ်အလေးချိန်လျော့ကျစေပါတယ်။

    ဒါ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေ လျော့ကျခြင်း၊ သွေးတွင်းသကြားဓာတ်လျော့ခြင်း၊ ကိုယ်ခန္ဓာအတွင်း ရောင်ရမ်းမှုများ ကျဆင်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါတယ်။ အစားလျှော့ချတဲ့ တခြားနည်းလမ်းတွေ (ဥပမာ 16/8 နည်းစနစ်) ထက်စာရင်တော့ တရက်မှာတစ်နပ်သာစားခြင်းဟာ ပိုပြီးပြင်းထန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ 16/8 နည်းစနစ်ဆိုတာကတော့ ၈ နာရီကို အစားအသောက်စားချိန်၊ ၁၆ နာရီကို အစာမစားဘဲနေချိန် စသဖြင့် သတ်မှတ်စီစဉ်ထားတဲ့ နည်းစနစ်ဖြစ်ပါတယ်။

    OMAD စားသောက်ပုံကို ရွေးချယ်ရာမှာ အမျိုးမျိုးကွဲပြားပါတယ်။ တချို့ကတော့ ညစာတစ်နပ်တည်းကို စားသုံးကြပါတယ်။ တချို့ကတော့ နံနက်စာ ဒါမှမဟုတ် နေ့လယ်စာ တစ်မျိုးတည်းကို ရွေးချယ်ကြပါတယ်။ တချို့ကတော့ သရေစာများကိုပါ ပေါင်းစပ်စားသုံးပါတယ်။ ပိုမိုပြင်းထန်သူများကတော့ တစ်နပ်တာအစားအသောက်မှာပါ ကယ်လ်လိုရီနည်းပါးတဲ့ အစားအသောက်တွေကိုပဲ ရွေးချယ်စားသုံးပါတယ်။

    အကျိုးကျေးဇူးများ

    အစားကို တစ်နပ်သာလျှော့စားခြင်းအားဖြင့် ကိုယ်အလေးချိန်လျှော့ချရာမှာသာမကဘဲ သွေးတွင်းသကြားဓာတ် လျော့ကျစေခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေများစေတဲ့ မကောင်းတဲ့ LDL ကိုလက်စထရောကို လျော့ကျစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ C-reactive ပရိုတိန်းကိုလည်း လျော့နည်းစေပါတယ်။

    ဒါ့အပြင် အစာမစားဘဲနေချိန် (fasting ချိန်) မှာ အာရုံကြောစနစ်ကို အထောက်အကူပြုပါသေးတယ်။  အာရုံကြောများ ချို့ယွင်းပျက်စီးလာခြင်းဖြစ်စဉ်ကို နှေးကွေးစေပြီး အာရုံကြောဆဲလ်များကို သက်တမ်းပိုမို ကြာရှည်လာစေတယ်လို့ ဆိုပါတယ်။

    ဆိုးကျိုးများ

    သုတေသနအချို့ကလည်း အစားအသောက်ကို အလွန်အမင်း လျှော့ချကန့်သတ်တဲ့အတွက် မကောင်းတဲ့အချက်တွေရှိကြောင်း ဆိုထားပါတယ်။ လေ့လာချက်တွေအရ ဒီစားသောက်ပုံဟာ အခန့်မသင့်ရင် ကိုလက်စထရောပါ တက်လာစေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် တစ်နေ့သုံးနပ်စားသောက်ပုံနဲ့ ယှဉ်ကြည့်ရင် OMAD စားသောက်ပုံဟာ စားချင်သောက်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ ghrelin ဟော်မုန်းကို ပိုမိုမြင့်တက်လာစေတယ်လို့ ဆိုပါတယ်။ ဒါဟာ အလွန်အမင်း ဆာလောင်မွတ်သိပ်မှုကို ဖြစ်စေနိုင်ပါတယ်။

    ကယ်လိုရီကို ကန့်သတ်စားသုံးရင်းကနေ သွေးတွင်းသကြားဓာတ်ပါ ရှိသင့်တာထက် ကျဆင်းသွားနိုင်ပါသေးတယ်။

    OMAD စားသောက်ပုံဟာ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးသူငယ်နဲ့ ဆယ်ကျော်သက်အရွယ်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေအတွက် မသင့်တော်ပါဘူး။ အစားအသောက်ကို ထိန်းချုပ်လွန်းလာရင် လူမှုဆက်ဆံရေးအပိုင်းကိုပါ အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။ တစ်နပ်တာ စားသုံးချိန်မှာ အာဟာရပြည့်ဝစွာ မစားမိရင် ရေရှည်မှာ အာဟာရချို့တဲ့လာနိုင်ပါတယ်။

    ဘာတွေစားသင့်သလဲ

    ဘယ်လိုစားသောက်ပုံပဲ စားသည်ဖြစ်စေ အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေပဲ စားပါ။ အသီးအနှံများ (ဘယ်ရီသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး)၊ ဟင်းသီးဟင်းရွက်များ (ကိုက်လန်၊ ပန်းဂေါ်ဖီ၊ ကညွတ်)၊ ကျန်းမာရေးအတွက်ကောင်းသော အဆီများ (ထောပတ်သီး၊ သံလွင်ဆီ)၊ ပဲအမျိုးမျိုး၊ အခွံမာသီးနှင့် အစေ့အဆန်များ၊ ပရိုတိန်းရင်းမြစ်များ (ကြက်ဘဲ၊ သားငါး၊ ဥအမျိုးမျိုး) စတာတွေကို မျှတစွာ စားသုံးရပါမယ်။

    ဘာတွေရှောင်သင့်သလဲ

    တစ်ရက်တစ်နပ် (OMAD) စားသူများအနေနဲ့ သရေစာများ၊ သကြားဓာတ်ကဲသော စားစရာများ၊ ဆိုဒါ၊ အာလူးချောင်းကြော်၊ အဆင့်ဆင့်ပြင်ထားတဲ့ အစားအစာများ စတာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။

    သတိထားရမယ့်အချက်

    OMADက ဝိတ်ကျစေတယ်လို့ ဆိုပေမယ့် ကိုယ်စားတဲ့အစားအစာနဲ့ ပမာဏအပေါ် အများကြီး ‌မူတည်နေပါတယ်။ တစ်ကြိမ်ပဲ စားသည့်တိုင် ပမာဏတွေ အများကြီးစားမယ်၊ အဆီအစိမ့်တွေ အများကြီး စားမယ်ဆိုရင် ဘာမှထူးမှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်နေ့ကို ဘယ်နှနပ် စားနေတာလဲဆိုတာထက် ဘာတွေစားနေလဲ၊ ဘယ်လောက်ပမာဏ စားနေလဲဆိုတာက ပိုပြီး အရေးကြီးပါတယ်။

    OMADက ကန့်သတ်ချက်များလွန်းတဲ့ စားသောက်မှုပုံစံဖြစ်တာကြောင့် ရေရှည်စားဖို့ မသင့်တော်ပါဘူး။ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေ၊ ဆယ်ကျော်သက်အရွယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ မလုပ်သင့်တဲ့ dietပဲ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Hello Sayarwon Panel မှ ရေးသားသည်။ · 16/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement