backup og meta

ကာကွယ်ဆေး ထိုးပြီးရင် မေမေတို့ဘာစိုးရိမ်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာကွယ်ဆေး ထိုးပြီးရင် မေမေတို့ဘာစိုးရိမ်လဲ

    မေမေတို့ ကလေးငယ်လေးတွေ ပြုစုစောင့်ရှောက်တဲ့ နေရာမှာ အမြဲတမ်းစိုးရိမ်တတ်ကြတဲ့ ပြဿနာက ကာကွယ်ဆေး ပါ။ ကာကွယ်ဆေး ထိုးပြီးရင် ကလေးအဆင်ပြေပါ့မလား။ ဟိုနေ့က ဘေးအိမ်က ကလေးလေးကာကွယ်ဆေးသွားထိုးတာ ပြန်လာတော့ ဖျားနေပြီတဲ့။ အိမ်ကသားသားရော ကာကွယ်ဆေးထိုးပြီးရင် ဖျားမှာလား။ ကာကွယ်ဆေးထိုးပြီးရင် ကလေးကို ဘာတွေစောင့်ကြည့်ရမလဲစသဖြင့် ရေးသားပေးသွားမှာဖြစ်ပါတယ်။

    အရင်ဆုံး လက်ရှိထိုးနေတဲ့ ကာကွယ်ဆေး အစီအစဥ်ကို ပြောပြပေးပါ့မယ်။

    မွေးကင်းစ

    • ဘီစီဂျီ : ဘယ်လက်မောင်းတွင်ထိုးသည်။ ပြင်းထန်တီဘီရောဂါကို ကာကွယ်ပေးပါသည်။
    • အသည်းရောင်အသားဝါ ဘီ : ဘယ်ဘက်ပေါင်တွင်ထိုးသည်။ အသည်းရောင်အသားဝါ ဘီရောဂါကို ကာကွယ်ပေးသည်။

    ၂ လ

    • ဘီစီဂျီ  (မွေးစတွင် မထိုးလိုက်ရသူများအတွက်)
    • ပိုလီယို အစက်ချဆေး: ပါးစပ်မှ ဆေး ၂စက်ချတိုက်သည်။ ပိုလီယိုအကြောသေရောဂါကို ကာကွယ်ပေးသည်။
    • ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ) : ပါးစပ်မှ ဆေးအစက်ချတိုက်သည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပေးသည်။
    • ပီစီဗီ : ညာဘက်ပေါင်တွင်ထိုးသည်။ ပြင်းထန်အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါသည်။
    • ငါးမျိုးစပ် : ဘယ်ဘက်ပေါင်တွင်ထိုးသည်။ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးနိုင်သည်။ ငါးမျိုးစပ်ဆိုပေမယ့် ရောဂါ၆မျိုးကိုကာကွယ်ပေးနိုင်ပါတယ်။

    ၄လ

  • ပိုလီယို အစက်ချဆေး
  • ပီစီဗီ
  • ပိုလီယိုထိုးဆေး : ညာဘက်ပေါင်တွင်ထိုးသည်။ ပိုလီယိုအကြောသေရောဂါကိုကာကွယ်ပေးနိုင်သည်။
  • ငါးမျိုးစပ်
  • ၆လ

    • ပိုလီယို အစက်ချဆေး
    • ပီစီဗီ
    • ငါးမျိုးစပ်

    ၉လ

    • ဝက်သက်ဂျိုက်သိုး : ဘယ်လက်မောင်းတွင်ထိုးသည်။ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကိုကာကွယ်ပေးနိုင်သည်။
    • ဂျပန်ဦးနှောက်ရောင် :  ညာလက်မောင်းတွင်ထိုးသည်။ ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်ပေးနိုင်သည်။

    ၁နှစ်ခွဲ

  • ဝက်သက်၊ ဂျိုက်သိုး
  • ငါးမျိုးစပ်
  • ၉နှစ်နဲ့ ၁၀နှစ်

    ဒါက ယခုလက်ရှိမြန်မာနိုင်ငံမှာ အခမဲ့ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေပါ။ ဆက်ပြီးတော့ မေမေတို့ ကာကွယ်ဆေးမထိုးခင် ဘာတွေပြင်ဆင်သွားရမလဲဆိုတာ ပြောပြပေးပါ့မယ်။

    ကာကွယ်ဆေး မထိုးခင်

    ဘယ်မှာပဲမွေးမွေး ကာကွယ်ဆေးထိုးမှတ်တမ်းကို တောင်းဖြစ်အောင် တောင်းပါ။ တောင်းပြီးရင်လည်း သေချာသိမ်းဖို့လိုပါတယ်။ အဲ့ဒီထဲမှာ ကလေးရဲ့ အသက်အလိုက် ထိုးရမယ့် ကာကွယ်ဆေးတွေ၊ ရက်ချိန်းတွေ၊ ထိုးပြီးတဲ့ ကာကွယ်ဆေးတွေ စသဖြင့် မှတ်တမ်းတင်ထားပါတယ်။ ဒါကြောင့် သေချာသိမ်းခိုင်းတာပါ။  နောက်ပြီး ကာကွယ်ဆေးထိုးမယ့်နေ့မတိုင်ခင် ကလေးကို ဖျားနာခြင်းမရှိအောင်ဂရုစိုက်ပါ။ အိပ်ရေးဝပါစေ။ အာဟာရပြည့်ပါစေ။ အားနည်းနေတဲ့ ကလေးတွေက ကာကွယ်ဆေးရဲ့ နေောက်ဆက်တွဲကို ပိုခံရပါတယ်။

    ကာကွယ်ဆေးထိုးမယ့်နေ့

    ကာကွယ်ဆေးထိုးမယ့်နေ့ကျရင် ဆေးထိုးမယ့်နေရာကို အချိန်မီ ရောက်အောင်သွားပါ။ ကာကွယ်ဆေးထိုးစာအုပ်ကို ပါအောင်ယူသွားပါ။ ကလေးနေကောင်းရဲ့လားကြည့်ပါ။ ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကလေးက အရင်တုန်းက ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တာဖြစ်ဖူးတယ်ဆိုရင် ဆရာဝန်ကို အသိပေးပါ။ ကာကွယ်ဆေးထိုးပြီးရင်လည်း ချက်ချင်းမပြန်ပါနဲ့။ ခဏလောက်စောင့်ကြည့်ပြီး ဓာတ်မတည့်တာ မဖြစ်မှ ပြန်ပါ။

    အိမ်ရောက်ရင်

    အိမ်ရောက်ရင်လည်း ကလေးကို သေချာစောင့်ကြည့်ပါ။ ကလေးဓာတ်မတည့်တာ ဖြစ်သလား။ ဖျားသလား စသဖြင့်ပေါ့။ ကာကွယ်ဆေး ထိုးတဲ့ ကလေးတိုင်းမဖျားပါဘူး။ တချို့ကလေးတွေပဲ ဖျားတာ၊ ဆေးထိုးတဲ့နေရာရောင်ရမ်းတာ စသဖြင့် ခံစားရတာပါ။ အဖြစ်များတဲ့ ကာကွယ်ဆေးရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဆက်ကြည့်ရအောင်။

    • ဘီစီဂျီ- ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း (၁၀၀%)။ ဒါကြောင့် ဘီစီဂျီထိုးတဲ့ ကလေးတွေ ဆေးအောင်တယ်ဆိုရင် ဆေးထိုးတဲ့နေရာမှာ အမာရွတ်ကျန်ခဲ့တယ်။ ဆေးထိုးတဲ့နေရာမှာ ပြည်တည်တယ်လို့တောင်ပြောကြပါတယ်။ တချို့ကလည်း ချက်ချင်းအမာရွတ်ထွက်သလို၊ တချို့ကလည်း ၁လ ၂လကြာတတ်လို့ မေမေတို့ စိတ်မပူကြပါနဲ့နော်။
    • အသည်းရောင်အသားဝါဘီ- ဖျားခြင်း (၁-၆%)၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း (၅%)
    • ပိုလီယိုအစက်ချဆေး- ဖျားခြင်း (၁%)၊ မအီမသာဖြစ်ခြင်း (၁%)
    • ငါးမျိုးစပ်- ဖျားခြင်း (၅၀%)၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း (၅၀%)၊ မအီမသာဖြစ်ခြင်း (၆၀%)
    • ပိုလီယိုထိုးဆေး- ဖျားခြင်း (၁%)
    • ဝက်သက်၊ ဂျိုက်သိုး- ဖျားခြင်း (၁၀%)၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း (၅%)၊ အရေပြားတွင် အနီစက်ထွက်ခြင်း (၅%)
    • ဂျပန်ဦးနှောက်ရောင်- ဖျားခြင်း (၅-၂၀%)၊ ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း (၁-၃%)၊ ပျို့ခြင်း၊ အန်ခြင်း၊ မူးဝေခြင်း (၅-၁၀%)၊ အဆစ်ကိုက်ခြင်း (၃၀%)

    ဒီလိုတွေဖြစ်လာတိုင် မေမေတို့စိုးရိမ်စရာမလိုပါဘူး။ စိတ်အေးအေးထားပြီး အောက်မှပြောထားတဲ့အတိုင်း လိုက်လုပ်ပါ။

    • ဖျားရင် အရည်များများတိုက်ပါ။ အေးသော အဝတ်အစားများ ဝတ်ပေးပါ။ ရေပတ်တိုက်ပေးပါ။ ပါရာစီတမော တိုက်ပါ။
    • ဆေးထိုးတဲ့နေရာမှာ နာရင်၊ ရောင်ရင် သန့်ရှင်းသော ရေအေးပတ်ဖြင့်အုပ်ပါ။ လိုအပ်ရင် ပါရာစီတမော တိုက်ပါ။
    • တခြားလက္ခဏာတွေကတော့ ၁ရက် ၂ရက်အတွင်း အလိုလို ပျောက်ကင်းလေ့ရှိပါတယ်။
    • လက္ခဏာပြင်းထန်ရင် ဒါမှမဟုတ် အချိန်ကြာတဲ့အထိမပျောက်ရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement