brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများ ဝမ်းလျှောတဲ့အခါ

ကလေးများ ဝမ်းလျှောတဲ့အခါ မိဘတွေအနေနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်ကြပါတယ်။ ဒီလို အခြေအနေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာနဲ့ ဘယ်လို ကာကွယ်ရမလဲဆိုတာကို မသိချင်ကြဘူးလား! ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။

ကလေးများ ဝမ်းလျှောတဲ့အခါ

ဘယ်လို အခြေအနေမှာ ကလေးက ဝမ်းလျှောနိုင်လဲ!

ကလေးတွေ အစားစုံတဲ့အခါ၊ အစားမှားတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။ ကလေးတွေရဲ့ အစာခြေစနစ်က လူကြီးတွေလိုမျိုး ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကလည်း ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များရတဲ့ အကြောင်းအရင်းပါပဲ။ ကလေးတွေဆိုရာမှာ ငယ်တဲ့ ကလေးတွေမှာ ဝမ်းလျှောတာက ပိုအဖြစ်များပါတယ်။

ဒါဆိုရင် ဘယ်လို ရောဂါအနေအထားက အရေးကြီးလဲ ၊ အိမ်မှာ ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာကို ဆက်ဆွေးနွေးပေးသွားပါမယ်။

ကလေးများ ဝမ်းလျှောတဲ့အခါ

အရင်ဆုံး ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ရေဓါတ် ဆုံးရှုံးမှုပေါ်လိုက်ပြီး ရောဂါကုသမှု ကွဲပြားပါတယ် ။ ရေဓါတ် မဆုံးရှုံးရင် အိမ်မှာပဲ ကုသလို့ရပြီး ၊ ရေဓါတ်ဆုံးရှုံးမှု များရင် ဆေးရုံတက် ကုသရမှာပါ ။ ရေဓါတ်ဆုံးရှုံးမှုမရှိရင် ကလေးတွေ လန်းလန်းဆန်းဆန်း ရှိနေမှာ ဖြစ်ပါတယ် ။ ရေငတ်ခြင်း မရှိသလို ဆီးလည်း သွားနေရင် စိုးရိမ်စရာ မရှိပါဘူး ။

ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းအတွက် အဓိက ကုထုံးက ဝမ်းချက်ချင်းရပ်ဖို့ မဟုတ်ဘဲ ရေဓါတ် ဆုံးရှုံးမှုတွေကို ပြန်လည် ဖြည့်တင်းပေးဖို့ပါ ။ ရေဓါတ်‌တွေ ပြန်လည် ဖြည့်တင်းပြီး ‌ထွက်သွားတဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးမှသာ ဝမ်းလျှောတာ တဖြည်းဖြည်း နည်းလာမှာ ဖြစ်ပါတယ် ။

ဝမ်းလျှောတဲ့ ကလေးကို ရနိုင်သမျှ အရည် (အချိုရည်များ မပါ) များများ တိုက်ပါ ။ ဖြစ်နိုင်ရင်တော့ ဆားဓါတ်ပါတဲ့ အရည်များ ၊စွပ်ပြုတ်ရည်များ တိုက်နိုင်ပါတယ် ။

ဒါ့အပြင် ဝမ်းလျှောပြီးတိုင်းမှာ ကလေးတွေ ကို ဓါတ်ဆား တိုက်ဖို့ လိုအပ်ပါတယ် ။ အသက် ၂ နှစ်အောက် ကလေးတွေ အတွက် ဝမ်းသွားပြီးတိုင်း ဓါတ်ဆားရည် ငါးကြင်းဖန်ခွက် တစ်ဝက် ၊ အသက် ၂ နှစ် ကနေ ၁၀ နှစ်ကြား ကလေးတွေ အတွက် ဓါတ်ဆားရည် ငါးကြင်းဖန်ခွက် ၁ ခွက် နဲ့ အသက်ကြီးတဲ့ ကလေးတွေအတွက် ကလေး သောက်နိုင်သလို ဓါတ်ဆားရည် ပြန်လည် တိုက်ရပါမယ် ။

ဒါ့အပြင် ကလေးတွေကို ပုံမှန်အာဟာရတွေ ကျွေးဖို့ လိုပါတယ် ။ ဝမ်းလျှောလို့ အစာမကျွေးတာဟာ ကလေးအတွက် ရောဂါ ပိုဆိုးစေနိုင်ပါတယ်။ အာဟာရ ကျွေးတဲ့အခါမှာလည်း အစာကို တစ်ခါတည်း ကျွေးခြင်းထက် ပမာဏ နည်းနည်းနဲ့ အကြိမ်ရေ များများ ခွဲကျွေးသင့်ပါတယ်။ ၂ နာရီကြား တစ်ခါလောက် ကျွေးရင် အဆင်ပြေနိုင်ပါတယ် ။

ဘယ်အချိန်မှာ ဆေးရုံပြသင့်လဲ

ကလေးအတွက် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ ဖြစ်တဲ့

  • ဝမ်းသွားတာ နည်းမလာဘဲ ပိုဆိုးလာခြင်း
  • အန်ခြင်း
  • ရေငတ်ခြင်း
  • ရေ‌ သို့မဟုတ် နို့သောက်ရင် အငမ်းမရသောက်ခြင်း
  • အစာ မစားနိုင်ခြင်း
  • ဖျားခြင်း
  • သွေးဝမ်းသွားခြင်း
  • ဝမ်းပျက်တာ ၃ ရက်ထက် ပိုကြာလာခြင်းတွေဆိုရင်တော့ နီးစပ်ရာ ဆေးရုံကို အမြန်သွားသင့်ပါတယ်။

ရေးသားသူ – Dr. Aung Kyaw Myint

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/02/2023 ဖြစ်ပါသည်။