backup og meta

ဝမ်းချုပ်မှု ကင်းဝေးစေမယ့် အလေ့အထများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းချုပ်မှု ကင်းဝေးစေမယ့် အလေ့အထများ

    ဝမ်းချုပ်တာက လူတော်တော်များများ ကြုံဖူးကြတဲ့ ကျန်းမာရေး ပြဿနာပါ။ ဘယ်လောက်ထိ အဖြစ်များလဲဆိုရင် လူ ၅ ဦးမှာ ၁ ဦးလောက်က နာတာရှည်ဝမ်းချုပ်တာနဲ့ ရင်ဆိုင်နေရပါတယ်။ အမျိုးသမီးတွေမှာဆိုရင် အသက်ကြီးလာလေလေ ဝမ်းချုပ်မှု အဖြစ်များလာလေလေပါ။

    ဝမ်းချုပ်တာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ နေ့စဉ် စားသောက်မှုတွေ၊ နေထိုင်မှုပုံစံတွေ အားလုံးက ဝမ်းချုပ်မှု အပေါ်မှာ သက်ရောက်နေပါတယ်။ ဒီတော့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဝမ်းမှန်စေဖို့ဆိုရင် ဘယ်လိုအချက်တွေကို ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကဲ …. ဝမ်းချုပ်မှု ကင်းဝေးစေမယ့် အလေ့အထများ အကြောင်း လေ့လာလိုက်ရအောင်နော်။

    ဝမ်းချုပ်တယ်ဆိုတဲ့ အခြေအနေ

    လူတော်တော်များများ လက်ခံယူဆထားကြတာ တစ်နေ့တစ်ခါ ဝမ်းမသွားတာလို့ပေါ့။ တကယ်ကတော့ ဝမ်းချုပ်တယ်ဆိုတာက နေ့တိုင်း ဝမ်းမသွားတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ နောက်ပြီး ဝမ်းချုပ်တာကို ဒီအချက် တစ်ခုတည်းနဲ့ သတ်မှတ်လို့ မရပါဘူး။ ဒီအခြေအနေတွေကို ကြည့်ပြီးမှ ဝမ်းချုပ်တယ်လို့ ပြောနိုင်တာပါ။

    • တစ်ပတ်ကို ဝမ်းက ၃ ကြိမ်ထက် နည်းနေမယ်
    • ဝမ်းသွားရတာ ခက်နေမယ်
    • ဝမ်းက မာကျစ်နေမယ်
    • ဝမ်းကျန်သလို ခံစားနေရတာမျိုးဆိုရင်တော့ ဝမ်းချုပ်နေတာပါ။

    ဝမ်းချုပ်တဲ့အခါ အခြေအနေ ပြင်းထန်မှုကို လိုက်ပြီး ဗိုက်အောင့်တာ၊ လေထိုးလေအောင့်တာတွေ ခံစားရနိုင်ပါတယ်။ ဝမ်းချုပ်တာက အရမ်းပြင်းထန်လာမယ်ဆိုရင်တော့

    • လိပ်ခေါင်းဖြစ်တာ
    • စအိုစုတ်ပြဲတာလိုမျိုး အခြေအနေတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

    ဝမ်းချုပ်မှု ကင်းဝေးစေမယ့် အလေ့အထများ

    နေ့စဉ် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်တာက ဝမ်းချုပ်မှု ကင်းဝေးစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဝမ်းချုပ်မှု ကင်းဝေးစေမယ့် အလေ့အထများ ကတော့

  • အမျှင်ဓာတ် ကြွယ်ဝတာကို စားပေးပါ
  • အမျှင်ဓာတ်တွေက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ နေ့စဉ် စားသုံးမှုမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နှံစားသီးနှံတွေ စားပေးပါ။

    တကယ်လို့ လေထိုးလေအောင့် မဖြစ်စေဖို့ဆိုရင် fructose ကြွယ်ဝတဲ့ အသီးတွေ ဖြစ်တဲ့ ပန်းသီး၊ သစ်တော်သီး၊ ဖရဲသီး စတာတွေကို လျှော့စားပါ။

    • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

    နေ့စဉ် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေပြီး အူမကြီးကို ကျန်းမာစေသလို ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် လမ်းလျှောက်တာ၊ Gym ဆော့တာ၊ ယောဂ နဲ့ ထိုက်ချိလိုမျိုး ကိုယ်လက်လေ့ကျင့်ခန်းတွေကို ပုံမှန် လုပ်ဆောင်ပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်ပေးတာက ဝမ်းပျော့ပျော့သွားနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ လေ့ကျင့်ခန်း မလုပ်နိုင်ဘူးဆိုရင်တောင် အထိုင်မများအောင်နေပါ။ လမ်းလျှောက်ပါ။

    • ရေများများ သောက်ပါ

    ကျန်းမာစေဖို့ဆိုရင် တစ်နေ့ကို ရေ ၈ ခွက် သောက်ရမယ်လို့ ပြောကြပါတယ်။ ဒီလို ရေသောက်တာက အသားအရေကို ကျန်းမာစေသလို ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေပြီး အူမကြီးနဲ့ အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေသလို ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် ဝမ်းချုပ်မှု ကင်းပြီး ဝမ်းမှန်စေဖို့ဆိုရင်တော့ တစ်နေ့တာကို ရေလုံလောက်အောင် သောက်ပေးပါ။

    ရေများများ သောက်ပေးတာနဲ့အတူ ကဖင်းပါတဲ့ သောက်စရာတွေကို ရှောင်ဖို့ လိုပါမယ်။

    • ဝမ်းသွားချင်ရင် အောင့်မထားပါနဲ့

    ဝမ်းသွားချင်ရင် အောင့်ထားတာက ဝမ်းချုပ်စေတဲ့ အလေ့အထပါ။ ဒါကြောင့် ဝမ်းချုပ်တာကို ကင်းဝေးချင်တယ်ဆိုရင်တော့ ဝမ်းသွားချင်ရင် အောင့်မထားပါနဲ့။ ဝမ်းသွားချင်လာပြီဆိုရင် ရေအိမ် ချက်ချင်းသွားပါ။ မလွယ်ကူတဲ့ အခြေအနေတွေကလွဲရင်ပေါ့။

    • နို့ထွက်ပစ္စည်းတွေ ရှောင်ပါ

    နို့သကြားဓာတ် မစုပ်ယူနိုင်သူတွေအနေနဲ့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ စားတဲ့အခါ အူလမ်းကြောင်းတွေရဲ့ လှုပ်ရှားမှုကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။ ဒီလို နို့သကြားဓာတ် မစုပ်ယူနိုင်တာက ကလေးတွေမှာရော လူကြီးတွေမှာပါ ဖြစ်နိုင်ပါတယ်။

    နွားနို့မှာပါတဲ့ ပရိုတင်းက ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က ဝမ်းချုပ်တတ်တယ်ဆို နေ့စဉ် စားသုံးမှုမှာ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေကို ဖယ်ထုတ်ကြည့်ပါ။ ကယ်လ်ဆီယမ်ကို နို့ထွက်ပစ္စည်း မဟုတ်တဲ့ အခြားသော အစားအစာ အရင်းအမြစ်တွေကနေ ရယူလိုက်ပါ။

    နေ့ရက်တိုင်းမှာ ဝမ်းချုပ်မှု ကင်းစေဖို့ဆိုရင် အခုပြောတဲ့ အလေ့အထလေးတွေကို ပုံမှန် လုပ်ဆောင်ဖြစ်အောင် ဂရုစိုက်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement