ကလေးသေးသေးလေးတွေ လေးဖက်သွားပြီဆိုတာနဲ့ ဟိုအစွန်းနဲ့ တိုက်၊ ဒီအစွန်းနဲ့တိုက်၊ ကြီးလာပြန်တော့လည်း ပြေးရင်း လွှားရင်း ချော်လဲလိုက်နဲ့ ခေါင်းမဆောင့်မိတဲ့ ကလေးဆိုတာ မရှိပါဘူး။ ကလေးတိုင်းက တစ်မျိုးမဟုတ် တစ်မျိုးတော့ ခေါင်းဆောင့်မိ တတ်ကြပါတယ်။ ဒီအခါမှာ မေမေတို့က ခေါင်းဆောင့်တာက ဥုံဖွလေးလုပ်ပြီး ပွတ်ပေးရုံနဲ့ မလုံလောက်ပါဘူး။ ဦးနှောက်ထိခိုက်သွားလား၊ ဆေးရုံသွားဖို့ လိုမလား၊ အိမ်မှာ အရေးပေါ်ကုသမှု ဘယ်လိုပေးမလဲဆိုတာ သိထားဖို့ လိုပါတယ်။
ခေါင်းဆောင့်မိ တဲ့အခါ အရေးပေါ် ပြုစုနည်း
ကလေး ခေါင်းဆောင့်မိ ပြီဆိုရင် မေမေပါ ပြာမသွားပါနဲ့။ စိတ်အေးအေးထားပြီး အောက်ကအချက်တွေကို လုပ်ပေးပါ။
- ကလေးကို စိတ်အေးအေးထားဖို့ ပြောပြီး ချော့မြှူပေးပါ။
- ပြီးရင် ဆောင့်မိတဲ့ နေရာကို စစ်ဆေးပါ။
–အညိုအမည်းစွဲတာ
-ဖုထွက်လာတာ
–ခေါင်းပေါက် ဒါမှမဟုတ် အနည်းငယ် ကွဲသွားတာ
-တစ်ခါလောက် အန်တာ
-ကလေးကြီးတွေဆို ခေါင်းကိုက်တာ စတာတွေ ဖြစ်တတ်ပါတယ်။
- အညိုအမည်းစွဲတာ၊ ဖုထွက်လာတာမျိုးဆို ရေခဲဝတ်လေး ကပ်ပေးပါ။ ရေခဲတုံးကို အဝတ်လေး ခံပြီး ကပ်ပေးတာက သိပ်မအေးလို့ ကလေးလည်း သက်သောင့်သက်သာ ရှိပါတယ်။ တစ်ခါကပ်ရင် ၁၀မိနစ်၊ မိနစ် ၂၀လောက် ကပ်ပေးပါ။
- ခေါင်းပေါက်သွားတယ်၊ အရေပြား ပြဲရုံလောက်ပဲ၊ သွေးထွက်လည်း မများဘူးဆိုရင် ရေသန့်သန့်နဲ့ ဆေးချပြီး အဝတ်သန့်သန့်နဲ့ ဖိထားပါ။ ခဏနေရင် သွေးတိတ်သွားပါလိမ့်မယ်။
- ခေါင်းကိုက်တယ်ဆိုရင်တော့ ကလေးကိုယ်အလေးချိန်ပေါ်လိုက်ပြီး ပါရာစီတမော တိုက်ပေးလို့ရပါတယ်။
- ဒါတွေ လုပ်နေတဲ့အချိန်မှာ ကလေးရဲ့ တုံ့ပြန်မှုကိုလည်း ကြည့်သင့်ပါတယ်။ ကလေးက သတိကောင်းရဲ့လား၊ ပြောတာကို နားထောင်နေရဲ့လား၊ ကလေးသေးသေးလေးတွေဆိုရင် ခြေဖဝါးကို ကလိထိုးကြည့်ပြီး ပြန်တုံ့ပြန်လားဆိုတာ စောင့်ကြည့်ရပါမယ်။
- ပြီးရင်တော့ ကလေးကို ပုံမှန်အတိုင်း နေပါစေ။ ဒါပေမယ့် နောက် ၂၄-၄၈နာရီလောက်ထိ အနားမှာ လူကြီးတစ်ယောက်ယောက်က စောင့်ကြည့်ဖို့ လိုပါတယ်။ ကလေးက အရင်ကနဲ့ မတူ ထူးဆန်းတာ ရှိနေလား၊ ဦးနှောက်ထိတဲ့ လက္ခဏာတွေ ရှိနေလားဆိုတာကို စောင့်ကြည့်ရပါမယ်။
- ကလေး အိပ်ချင်ရင် ပေးအိပ်နိုင်ပါတယ်။ ခေါင်းထိထားပြီးရင် ကလေးကို နှိုးထားစရာ မလိုပါဘူး။ ကလေးအိပ်ချင် ပေးအိပ်ပါ။ ဒါပေမယ့် မကြာခဏ သွားသွားကြည့်ပါ။ ကလေးက အိပ်နေလည်း ဟိုဘက်စောင်း ဒီဘက်စောင်း၊ လှုပ်ရှားမှုတော့ ရှိရပါမယ်။ မရှိဘူး။ ဒီတိုင်းပဲ။ အိပ်တာလည်း ကြာနေပြီဆိုရင် ဆေးရုံသွားသင့်ပါတယ်။
ခေါင်းဆောင့်မိ ပြီးနောက် စောင့်ကြည့်ရမယ့် ဦးနှောက်ထိခိုက်တဲ့ လက္ခဏာများ
ကလေးအများစုက သာမန်ဒဏ်ရာဆို အပေါ်ယံဦးရေပြား ထိခိုက်ရုံလောက်နဲ့ ပြီးသွားပါတယ်။ အတွင်းထဲက ဦးနှောက်ထိမထိ ဆိုတာက အပြင်ပန်း ကြည့်ရုံနဲ့ ပြောရခက်ပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက် ပြတဲ့ လက္ခဏာ၊ လက္ခဏာ ပြတဲ့အချိန်လည်း မတူတတ်ပါဘူး။ ဒါကြောင့် ခေါင်းဆောင့်မိပြီးလို့ ကလေးက ကောင်းတယ်ဆိုရင်တောင် ဒီလက္ခဏာတွေကို ဆက်စောင့်ကြည့်ဖို့ လိုပါတယ်။
- ကလေးက တစ်ရက်ထဲမှာ ခဏခဏ အန်နေလား။
- နားတွေ၊ နှာခေါင်းတွေကနေ သွေးထွက်နေလား။
- တက်တာ၊ အကြောဆွဲတာတွေ ရှိနေလား။
- အမြင်တွေ ဝါးနေတယ်လို့ ပြောသလား။ (စကားမပြောတတ်သေးတဲ့ ကလေးဆို မမြင်မစမ်းနဲ့ ပစ္စည်းတွေ ဝင်တိုက်တတ်ပါတယ်။)
- ကတုန်ကရင်နဲ့ အလွဲလွဲအချော်ချော် လုပ်နေသလား။ (ဥပမာ ပစ္စည်းကိုင်ရင် မမြဲတာမျိုး)
- ခြေတွေ လက်တွေ အားပျော့လာသလား။
- အစာစား၊ ရေသောက်တဲ့အခါ မမျိုနိုင်တာ၊ ခဏခဏ သီးတာမျိုး ဖြစ်သလား။
- အသံဆူဆူတွေကို မခံနိုင်တာမျိုး ဖြစ်သလား။
- စကားပြောတာ ဗလုံးဗထွေး ဒါမှမဟုတ် မပီမသ ဖြစ်လာသလား။
- အရင်ကနဲ့ မတူဘဲ ထူးဆန်းတဲ့ အပြုအမူတွေ လုပ်လာသလား။
- ပြင်းပြင်းထန်ထန် ခေါင်းကိုက်ပြီး ပါရာစီတမောတိုက်တာတောင် မသက်သာဘဲ ဖြစ်နေသလား။
ဆေးရုံကို သွားသင့်တဲ့ အခြေအနေတွေက
ဒီလက္ခဏာတွေ ရှိနေရင် အိမ်မှာ အရေးပေါ် ကုသမှု လုပ်မနေဘဲ ဆေးရုံကို တန်းခေါ်သွားဖို့ လိုပါတယ်။
- တစ်နှစ်အောက် ကလေး ပြင်းပြင်းထန်ထန် ခေါင်းဆောင့်မိသွားရင် (ဥပမာ ပုခက်လွှဲရာက ကြိုးပြတ်ပြီး ပြုတ်ကျတာမျိုး)
- ခေါင်းထိပြီး ခဏလောက် သတိလစ်သွားရင် (မိနစ်ပိုင်းလောက်ပဲ သတိလစ်တယ်ဆိုလည်း အရေးကြီးပါတယ်။)
- ဒီလက္ခဏာတွေ ရှိနေရင်
-ကလေးက အငိုမရပ်ဘူး
-ခေါင်းနဲ့ ဇက်တွေ နာတယ်လို့ အဆက်မပြတ် ပြောနေရင် (စကားမပြောတတ်သေးတဲ့ ကလေးဆိုရင်တော့ ချော့မရအောင် ဂျီကျတာ၊ သူ့ခေါင်းလေးကို ကိုင်ပြတာ လုပ်ပါလိမ့်မယ်)
-တစ်ကြိမ်ထက်ပိုပြီး အန်ရင်
-ကလေးက နုံးပြီး နှိုးမရအောင် အိပ်နေရင်
-ခေါင်းဆောင့်ပြီး စကားပြောတာ၊ လမ်းလျှောက်တာ ပုံမှန်မဟုတ်တော့ရင်
-ခေါင်းကွဲတာ ကြီးပြီး သွေးထွက်များရင်
ဒါဆိုရင် ဆေးရုံချက်ချင်းသွားဖို့ လိုပါတယ်။
မေမေတို့ ကလေးမှာ ဒီလက္ခဏာတွေ မရှိဘူးဆိုရင်တောင် ကလေးက ခေါင်းဆောင့်အပြီးမှာ တစ်ခုခု ပုံမှန်မဟုတ်ဘူး။ ခေါင်းဆောင့်တာ ပြင်းထန်တယ်လို့ ယူဆရင်၊ စိုးရိမ်တယ်ဆိုရင်လည်း ဆေးရုံကို သွားသင့်ပါတယ်။
ကလေး ခေါင်းမဆောင့်မိအောင် ဒီလို ကာကွယ်ပါ။
- အိမ်မှာ အစွန်းတွေကို အကာအကွယ်တပ်ထားပါ။ ဥပမာ စားပွဲအစွန်း၊ ဘီရိုအစွန်း
- ကလေး ဆွဲချလို့ ခေါင်းပေါ် ပြုတ်ကျနိုင်တဲ့ ပစ္စည်းတွေကို ရှင်းထားပါ။
- ကလေးကို တတ်နိုင်သမျှ ပုခက်နဲ့ မသိပ်ပါနဲ့။ လွှဲတာပြင်းသွားလို့ ဖြစ်စေ၊ ပုခက်ကြိုးပြတ်လို့ ဖြစ်စေ ကလေးပြုတ်ကျပြီး ခေါင်းဆောင့်မိတတ်ပါတယ်။ လူကြီးတွေလို သာမန်အိပ်ရာနဲ့ပဲ သိပ်ပါ။
- စက်ဘီးစီးတဲ့ အရွယ်ဆို ခေါင်းဆောင်း ဆောင်းမှ ပေးစီးပါ။
- ကားစီးတဲ့အခါ ကလေးကို ခါးပတ်ပတ်ပေးပါ။ ကလေးအသေးလေးဆို ကလေးထိုင်ခုံမှာ ပေးစီးပါ။
[embed-health-tool-vaccination-tool]