backup og meta

ကလေးတွေမှာ အဖြစ်များတဲ့ လိင်တံထိပ်အရေပြားကျပ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ အဖြစ်များတဲ့ လိင်တံထိပ်အရေပြားကျပ်ခြင်း

    လိင်တံထိပ်အရေပြား ကျပ်ခြင်း (Phimosis) ဆိုတာ အမျိုးသားတွေရဲ့ လိင်အင်္ဂါထိပ်မှာ ရှိနေတဲ့ အရေပြားဟာ နောက်ပြန်လှန်ဆွဲလို့ မရလောက်တဲ့အထိ ကျပ်နေတဲ့ အခြေအနေကို ပြောတာဖြစ်ပါတယ်။ ထိပ်အရေပြား ဖြတ်မထားတဲ့ အမျိုးသားတွေမှာသာ ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးအရွယ်မှာ စတင်ဖြစ်ပြီး အသက် ၃နှစ်အရွယ်မှာ ဒီပြဿနာက ပျောက်ကင်းသွားတတ်ပါတယ်။ လိင်တံထိပ်အရေပြားကျပ်ခြင်းသည် သဘာဝအတိုင်း သူ့အလိုလို ဖြစ်တတ်သလို အမာရွတ်ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆီးသွားဖို့ အခက်အခဲမဖြစ်ဘူးဆိုရင်တော့ ကလေးအရွယ်မှာ ဘာကုသမှုမှ လုပ်ပေးဖို့ မလိုပါဘူး။ အသက်ကြီးလာတဲ့အခါ လိင်တံထိပ်အရေပြား ပိုရှည်ထွက်လာတဲ့အတွက် နောက်လှန်ဆွဲရတာ၊ ဆီးသွားတာ၊ လိင်ဆက်ဆံတဲ့အခါ အခက်အခဲတွေ၊ နာကျင်မှုတွေ ဖြစ်စေနိုင်တဲ့အတွက် သေချာ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့တော့ လိုအပ်ပါတယ်။

    ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။

    ဒီပြဿနာရှိတဲ့ ကလေးအများစုမှာ လိင်တံထိပ်ကို ဖုံးလွှမ်းနေတဲ့ အရေပြားကို အောက်သို့လုံးဝ ဆွဲချလို့မရဘဲ ကျပ်နေတဲ့ဖြစ်စဉ်ကို အများဆုံး တွေ့ရမှာပါ။ ပုံမှန်အားဖြင့် အသက် ၃နှစ်အရွယ်မှာ ဒီအရေပြားသည် ချောင်ချောင်ချိချိ ဖြစ်သွားပြီး နောက်လှန်ဆွဲဖို့ လွယ်ကူသွားမှာဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ လိင်တံထိပ်အရေပြားကို အဆင်ပြေသလို နောက်ဆွဲလှန်လို့ ရသင့်ပါတယ်။ နောက်ထပ် အတွေ့များတဲ့ လက္ခဏာကတော့ လိင်တံထိပ်ဖူးဟာ နီရဲရောင်ရမ်းနေခြင်းပါ။ အဓိကကတော့ အရေပြားက နောက်လှန်ဆွဲမရတဲ့အတွက် လိင်တံထိပ်ဖူးအောက်မှာ ရှိနေတဲ့ အဖြူရောင်အဖတ်၊ အရိအချွဲတွေကို သန့်ရှင်းရေးလုပ်လို့မရနိုင်တာကနေ ဘက်တီးရီးယာပိုးတွေ ပေါက်ဖွားပြီး ရောင်လာတာပါ။

    ဘာတွေကြောင့် ဒီလိုဖြစ်ရတာလဲ။

    မွေးကင်းစအရွယ်မှာတော့ ဒီလိုဖြစ်တာ သဘာဝအတိုင်းဖြစ်တာကြောင့် သိပ်ပြီးစိုးရိမ်စရာမလိုပါဘူး။ အသက်ကြီးလာတဲ့အခါ (အထူးသဖြင့် အသက် ၁၇-၁၈ နောက်ပိုင်းမှာ) အမျိုးသားတွေ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတာကြောင့် ပိုအဖြစ်များပါတယ်။ လိင်တံထိပ်အရေပြားကို ဖြတ်မထားတဲ့အခါ အမျိုးသားတွေ လိင်အင်္ဂါထိပ်ဖူးရဲ့ အောက်နားမှာ အဆီ၊ ချွေး၊ ဖုန်မှုန့်တွေ ရောပြီး အဖြူရောင်အရိအချွဲတွေ ဖြစ်ကာ အနံ့ဆိုးဖြစ်စေပါတယ်။ ဒီအရိအချွဲတွေ ခြောက်ပြီး ခဲသွားတဲ့အခါ အရေပြားနဲ့ ကပ်ငြိနေပြီး ထိပ်ဖူးရောင်ရမ်းတဲ့ ပြဿနာ (Balanitis) ဖြစ်ရာကနေ လိင်တံထိပ်အရေပြား နောက်လှန်ဆွဲမရဘဲ ကျပ်လာတာဖြစ်ပါတယ်။

    နောက်ပြဿနာတစ်ခုကတော့ ပုံမှန်မဟုတ်တဲ့ ဟော်မုန်းပြောင်းလဲခြင်း၊ ကိုယ်ခံအားစနစ်ကြောင့် ဖြစ်တဲ့ အရေပြားပြဿနာ (Lichen Sclerosus) ပဲ ဖြစ်ပါတယ်။ ဒီအရေပြားရောဂါဟာ လိင်အင်္ဂါနဲ့ စအိုပတ်လည်မှာ အဖြစ်များပြီး အဖြူကွက်၊ အဖုအပိမ့်များပေါက်ကာ အလွန်ယားယံပြီး ပွန်းပဲ့ထိခိုက်ဖို့၊ အရေပြားစုတ်ပြဲသွားဖို့ ပိုလွယ်ကူစေပါတယ်။

    ဆရာဝန်နဲ့ ကုသဖို့လိုအပ်လား။

    ပုံမှန်အားဖြင့်တော့ ကလေးမွေးပြီးကာစအရွယ်မှာ ဆရာဝန်အနေနဲ့ ကလေးရဲ့ လိင်တံအနေအထားကို စစ်ဆေးပြီး ဒီပြဿနာရှိလား၊ မရှိလားဆိုတာကို ဆုံးဖြတ်ပေးမှာပါ။ အကယ်လို့ ပြဿနာရှိတယ်ဆိုရင် ထိပ်အရေပြားကို လုံးဝဖြတ်ထုတ်ပစ်လိုက်တာမျိုး လုပ်လိုက်ရင်တော့ အကောင်းဆုံးပဲပေါ့။ အကယ်လို့ အရေပြားမဖြတ်ချင်ဘူးဆိုရင်တော့ စောင့်ကြည့်ဖို့ကို အကြံပေးပါလိမ့်မယ်။ လူပျိုဖြစ်ပြီးနောက်ပိုင်းမှာ ဒီပြဿနာက ထပ်ပြီးဖြစ်လာတယ်၊ ဆီးသွားရတာ၊ လိင်ဆက်ဆံရတာလည်း နာကျင်စေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြပြီး ကုသမှုခံယူဖို့လိုအပ်ပါတယ်။

    ဆရာဝန်အနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းလို့ ဖြစ်တာလား၊ အရေပြားပြဿနာကြောင့် ဖြစ်တာလားဆိုတာ သေချာစစ်ဆေးပြီးတော့မှ ပဋိဇီဝပိုးသတ်ဆေး သို့မဟုတ် မှိုပိုးသတ်ဆေးတွေကို ပေးမှာဖြစ်ပါတယ်။ ဒီဆေးတွေကိုတော့ ဆရာဝန်ရဲ့ ဆေးအညွှန်းအတိုင်း အတိအကျသောက်ဖို့ လိုအပ်ပါတယ်။ ရောဂါပျောက်ကင်းသွားတဲ့အခါမှသာ လိင်တံထိပ်အရေပြားကို နောက်လှန်ဆွဲရလွယ်ကူစေမယ့် လိမ်းဆေးအဆီကို ပေးမှာဖြစ်ပြီး ရေချိုးပြီး တစ်နေ့ကို ၂ကြိမ်ခန့်လိမ်းပေးကာ အရေပြားကို ဖြည်းဖြည်းချင်း နောက်လှန်ဆွဲကျင့်ဖို့ လိုပါတယ်။ ဒီနေရာမှာ ထိပ်အရေပြားဖြတ်ဖို့လည်း ဆရာဝန်အနေနဲ့ ထပ်ပြီး အကြံပေးမှာဖြစ်ပါတယ်။ လုပ်သည်၊ မလုပ်သည်ကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပါ။ ဒီပြဿနာဟာ ကုသပျောက်ကင်းဖို့ အလွန်လွယ်ကူတာကြောင့် ရောဂါခံစားရတာနဲ့ အချိန်မဆွဲဘဲ ဆရာဝန်နဲ့ အမြန်သွားပြဖို့ အကြံပေးလိုက်ပါတယ်။

    အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းမြေ့ဖွယ်ရာ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 28/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement