ကလေးမွေးစားတယ်ဆိုတာ မိဘတွေအတွက်ရော ကလေးအတွက်ပါ လွယ်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ မိဘတွေအနေနဲ့လည်း မမွေးစားခင် ကိုယ့်ဘက်က အခြေအနေကို ပြီးပြည့်စုံအောင် ပြင်ဆင်ထားရမယ်။ ကလေးအနေနဲ့လည်း ကိုယ်ရောက်သွားမယ့် အိမ်က လူတွေဟာ ဘယ်လိုစိတ်ဓါတ်အခြေအနေ ရှိမလဲဆိုတာ စိုးရိမ်နေမိမှာပါ။ မွေးစားပြီးတဲ့အခါမှာလည်း အတူနေရင်း ကြုံလာရမယ့် အိမ်တွင်းရေးပြဿနာတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။
ကလေး မွေးစားတယ်ဆိုတာ ပုံစံအမျိုးမျိုးတော့ ရှိပါတယ်။ တချို့အခြေအနေတွေမှာ မိဘမဲ့ဂေဟာက ကလေးကို မွေးစားတာ ဖြစ်နိုင်တယ်။ တစ်ခါတလေမှာ မိဘဆုံးပါးသွားတဲ့ သွေးသားတော်စပ်တဲ့ ကလေးကို မွေးစားတာလည်း ဖြစ်နိုင်သလို ကလေးမရနိုင်တဲ့ စုံတွဲတွေ၊ လိင်တူချင်း လက်ထပ်ထားကြသူတွေမှာလည်း ကလေးမွေးစားနိုင်တာတွေ ရှိနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကလေးတစ်ယောက်ကို ကိုယ့်ရဲ့ ဘဝထဲ ဆွဲခေါ်လာပြီး နွေးထွေးတဲ့ အိမ်လေးတစ်ခု တည်ဆောက်လိုတဲ့ မိသားစုေတွအတွက် ပြင်ဆင်ထားသင့်တာတွေကို ပြောပြပေးချင်ပါတယ်။
၁။ ကလေးမမွေးစားခင်မှာ လုပ်စရာရှိတဲ့ အလုပ်တွေ ကြိုလုပ်ထားပါ။
အခုခေတ်မှာ ခင်ပွန်းရော၊ ဇနီးပါ အလုပ်ထွက်လုပ်တတ်ကြတာ သဘာဝပါပဲ။ မေတ္တာငတ်မွတ်နေတဲ့ မိဘမဲ့ ကလေးတွေအတွက်တော့ ဒီလိုလုပ်တာဟာ သိပ်အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ကိုယ်က ကလေးမွေးစားတော့မယ်လို့ ဆုံးဖြတ်ပြီးသွားရင် ကိုယ့်ရဲ့ အလုပ်ကိစ္စတွေကို လက်စဖြတ်ထားပါ။ ခရီးထွက်စရာရှိတာ၊ အိမ်ကို ပြုပြင်အလှဆင်စရာရှိတာတွေ ကြိုလုပ်ထားပါ။ ကိုယ့်ဘက်က ဘယ်လိုအရာမှ နောက်ဆံတင်းစရာ မရှိတော့ဘူးဆိုမှ ကလေးမွေးစားမယ့် အစီအစဉ်ကို စတင်ပါ။
၂။ ကိုယ့်မွေးစားမယ့် ကလေးရဲ့ အတိတ်ကို သိဖို့ကြိုးစားပါ။
ကိုယ်မွေးစားမယ့် ကလေးက မွေးကင်းစအရွယ်ဆိုရင်တော့ မိဘတွေ ဘယ်သူဘယ်ဝါဆိုတာကိုပဲ စုံစမ်းထားကြည့်ပါ။ အဲ့လိုမဟုတ်ပဲ လူမှန်းသိတတ်စ အရွယ်ရောက်နေတဲ့ ကလေးကို မွေးစားတော့မယ်ဆိုရင် ကလေးရဲ့ အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲ၊ ကလေးရဲ့ စိတ်အခြေအနေ၊ စကားပြောဆိုပုံ၊ နေပုံထိုင်ပုံ၊ ပညာရေး၊ လူမှုရေးမှာ သီးသန့်နေတတ်လား၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံလို့ လွယ်ကူလား၊ ဘယ်လို အရုပ်မျိုး၊ စားစရာမျိုး ကြိုက်နှစ်သက်လဲ အစရှိသဖြင့် ကြိုတင်သိထားဖို့ အရေးကြီးပါတယ်။
၃။ ကလေးနေသားကျဖို့ အချိန်စောင့်ပါ။
ကလေးအတွက် အိမ်အသစ်၊ အခန်းအသစ်၊ အိပ်ရာအသစ်၊ မိသားစုဝင် အသစ်နဲ့ ချက်ချင်း အသားကျဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် မိဘမဲ့ဂေဟာမှာ နေခဲ့တဲ့ ကလေးတွေ ညအိပ်တဲ့အခါ တစ်ယောက်တည်း အိပ်တာမျိုးမဟုတ်ပဲ စုပြီး အိပ်တာ ဖြစ်တဲ့အတွက် အိမ်အသစ်ကို ရောက်လာတဲ့အချိန် တစ်ယောက်တည်းအိပ်တဲ့ အရသာကို ကျင့်သားရမှာ မဟုတ်သေးပါဘူး။ ဒါကြောင့် ကကေးတွေအတွက် အချိန်ပေးပါ။ စိတ်ရှည်ပါ။ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့ ကြိုးစားနေတဲ့ ကလေးအတွက် မေတ္တာနဲ့ နွေးထွေးမှု ပေးပါ။
၄။ မွေးမိဘတွေကို ရှာတွေ့တဲ့အခါ ကိုယ့်ဘက်က တည်ငြိမ်ရင့်ကျက်မှု ရှိပါစေ။
ကိုယ်မွေးစားလိုက်တဲ့ ကလေးမို့ သူ့ရဲ့ မိဘအရင်းတွေနဲ့ လုံးဝပေးမဆက်သွယ်တာ၊ ဖုန်းပြောဖို့ကို တားမြစ်တာမျိုး မလုပ်သင့်ပါဘူး။ မိဘအရင်းတွေအကြောင်း ကလေးကို ပြောပြထားပါ။ ကလေးက တွေ့ဖို့ စိတ်ပါတယ်၊ လက်ခံတယ်ဆိုရင် ပေးတွေ့ပါ။ ဒါမှမဟုတ် မိဘအရင်းနဲ့ မွေးစားထားတဲ့ မိဘတွေ အမြဲတွေ့ဆုံပြီး ကလေးရဲ့ ကျန်းမာရေးအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာတွေကို ပြောပြထားပါ။
၅။ ဆွေမျိုး၊ မိသားစုဝင်နဲ့ ခင်ရတဲ့ မိတ်ဆွေတွေကို ကလေးနဲ့ မိတ်ဆက်ပေးပါ။
မွေးစားမယ့် ကလေး အိမ်ရောက်လာတဲ့အခါ ကိုယ့်ဘက်က မေတ္တာအပြည့်နဲ့ နွေးနွေးထွေးထွေး ကြိုဆိုပေးဖို့၊ လိုအပ်တဲ့ ကိစ္စတွေကို ကူညီပေးဖို့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေကို ပြောပြထားပါ။ ကလေးအတွက် ဒီနေရာဟာ သူနေထိုင်သင့်တဲ့ နွေးထွေးစရာအိမ်လေး ဖြစ်တဲ့အကြောင်းကို ဖော်ပြပေးပါ။
၆။ ကလေးကို အထီးကျန်မှုမခံစားရအောင် ထားထားပေးပါ။
မိဘစွန့်ပစ်တာ ခံရတဲ့ကလေးတွေအတွက်တော့ ဒီလိုခံစားချက်မျိုးဟာ အလွန်ရလွယ်နိုင်ပါတယ်။ တစ်အိမ်လုံးမှာ ရှိတဲ့ သူတွေက အလုပ်လုပ်ပြီး ကလေးကို ပစ်ထားမယ်ဆိုရင် ပိုပြီးတောင် ဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာ မိသားစုဝင်တစ်ယောက်တော့ အမြဲ ရှိနေပေးဖို့ လိုပါတယ်။ ကလေးက အခန်းထဲမှာပဲ အောင်းနေမယ်ဆိုရင် အပြင်ထွက်ခိုင်းပြီး စကားပြောတာ၊ ရုပ်ရှင်ကြည့်တာ၊ ဈေးဝယ်ထွက်တာ၊ အပြင်ထွက်လမ်းလျှောက်တာ၊ အိမ်အလုပ် ဝိုင်းကူလုပ်ခိုင်းတာ၊ ပျော်ပျော်ပါးပါး ဟင်းချက်တာ အစရှိသဖြင့် လုပ်ပေးလို့ ရပါတယ်။
၇။ ကလေးက ကိုယ့်အပေါ် သံယောဇဉ်တွယ်လာစေဖို့ အချိန်စောင့်ပါ။
ကိုယ်ကတော့ ကလေးအပေါ်မှာ မြင်မြင်ချင်း သံယောဇဉ်ြဖစ်မိသွားနိုင်ပေမယ့် ကလေးတွေအတွက်တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ ကိုယ်မြင်တွေ့ဆက်ဆံနေကျ လူတွေနဲ့ မဟုတ်ပဲ သူစိမ်းတွေနဲ့ အတူနေနေရတဲ့အခါ သူတို့အတွက် သဟဇာတဖြစ်ဖို့တောင် အချိန်လိုအပ်ပါတယ်။ မလောပါနဲ့၊ စိတ်ရှည်ပါ။ ကိုယ့်ကလေးအပေါ်မှာ ပြည့်ဝတဲ့ မေတ္တာနဲ့ ဆက်ဆံပါ။ အချိန်ကြာလာတာနဲ့အမျှ ကလေးကလည်း ကိုယ့်အပေါ် သံယောဇဉ်တွယ်လာနိုင်ပါတယ်။
၈။ ကိုယ်လိုချင်တဲ့ ပုံစံခွက်ထဲ ကလေးကို ရိုက်မထည့်ပါနဲ့။
တချို့အိမ်တွေမှာ စည်းကမ်းတင်းကြပ်လွန်းတာ၊ ချုပ်ချယ်လွန်းတာ၊ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း မဖြစ် ဖြစ်အောင် ပုံသွင်းတဲ့အပြုအမူမျိုး လုပ်တတ်ပါတယ်။ မွေးစားခံရတဲ့ ကလေးတွေဟာ ကလေးအရင်းတွေထက် စိတ်ပိုင်းဆိုင်ရာ အားနည်းနေမှာကို မေ့လို့ မဖြစ်ပါဘူး။ သူတို့ အဆင်ပြေသလို ပုံစံနဲ့ အရင်ပေးနေလိုက်ပါ။ နောက်ပိုင်းမှ ကလေးနဲ့ မိသားစု အသားကျသွားပြီဆိုရင် ဖြည်းဖြည်းချင်း ပြုပြင်ပေးပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]