backup og meta

ဘေဘီလေးအတွက် သွားတိုက်ဆေး ရွေးချယ်ကြမယ်

သွားတွေ ကောင်းမှ အာဟာရ ပြည့်ဝစွာ စားနိုင်မှာပါ။ ဒါကြောင့် တစ်နေ့ကို သွား နှစ်ကြိမ် တိုက်တဲ့အကျင့်ကို ငယ်ငယ်ကလေးကတည်းက လေ့ကျင့်ပေးထားဖို့ လိုပါမယ်။ ဒါမှလည်း ဘေဘီလေးကို သွားနဲ့သွားဖုံးရောဂါတွေ အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။ ဘေဘီလေးကို ငယ်ကတည်းက သွားတိုက်တာ မပျင်းစေဖို့ဆိုရင် ဘေဘီလေးကို သူတို့လေးတွေနဲ့ သင့်တော်ပြီး သူ့စိတ်ကြိုက်ဖြစ်စေမယ့် သွားတိုက်ဆေးသွားပွတ်တံ စတာတွေကို ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးအတွက် သွားတိုက်ဆေး ဘယ်လိုရွေးရမလဲဆိုတာလေးကို ပြောပြပေးသွားပါမယ်။

ဘေဘီလေးကို ဘယ်အချိန်မှာ သွားစတိုက်ပေးမလဲ…….

ဘေဘီလေးကို ခံတွင်းသန့်ရှင်းပေးတာက မွေးကတည်းက လုပ်ပေးရမယ့် တစ်ကိုယ်ရေသန့်ရှင်းရေး တစ်မျိုးပါ။ မွေးစမှာ အနှီး ဒါမှမဟုတ် ပိုးသတ်ထားတဲ့ အဝတ်စကို ရေနွေးလေး ဆွတ်ပြီး  လက်ချောင်းလေးမှာ ပတ်လို့ ဘေဘီလေးရဲ့ သွားဖုံး၊ လျှာ စတာတွေကို ညင်ညင်သာသာ ပွတ်တိုက် သန့်စင်ပေးဖို့ လိုပါမယ်။

ဘေဘီလေးက ပထမဆုံး သွားလေး စထွက်လာပြီဆိုရင်တော့ ဘေဘီလေးတို့အတွက် သီးသန့်ထုတ်ထားတဲ့ သွားပွတ်တံ ပျော့ပျော့သေးသေးလေးနဲ့ ခံတွင်း သန့်ရှင်းရေး လုပ်ပေးရပါမယ်။ သွားတိုက်ဆေးကိုလည်း နည်းနည်းလောက် ထည့်ရပါမယ်။

ဒီနေရာမှာ မေမေတို့အနေနဲ့ စဉ်းစားစရာတစ်ခု ပေါ်လာမှာက ဘေဘီလေးကို ဘယ်သွားတိုက်ဆေးနဲ့ တိုက်ပေးရမလဲ။ လူကြီးတွေ တိုက်နေတဲ့ သွားတိုက်ဆေးနဲ့ရော တိုက်ပေးလို့ ရမလားဆိုတာပါ။ ဒီမေးခွန်းလေးအတွက် အဖြေကို ဆက်ကြည့်လိုက်ရအောင်နော်။

ဘေဘီလေးကို သွားတိုက်ဆေး ဘယ်ပမာဏလောက် ထည့်ပေးရမလဲ……

ဘေဘီလေးကို သွားတိုက်ဆေး ထည့်ပေးတဲ့အခါ သွားတွေ ပိုခိုင်အောင်ဆိုပြီး အများကြီး ထည့်ပေးမိတတ်တာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်ကတော့ သွားတိုက်ဆေးကို လိုတာထက် ပိုတိုက်တဲ့အခါ သွားတွေမှာ အဖြူကွက်တွေလိုဖြစ်ပြီး သွားထိခိုက်တာတွေ ရှိလာနိုင်ပါတယ်။ ဘေဘီလေးကို ကြံ့ခိုင်တဲ့ သွား နဲ့ ကျန်းမာတဲ့ ခံတွင်း ပိုင်ဆိုင်စေဖို့ဆိုရင်တော့

  • ဘေဘီလေးကို အသက် (၃) နှစ် အထိ တစ်ခါတိုက်ရင် သွားတိုက်ဆေး ပမာဏ ဆန်စေ့ တစ်စေ့စာ
  • ဘေဘီလေးကို အသက် (၃) နှစ် အထက်ဆိုရင် တစ်ခါတိုက်ရင် သွားတိုက်ဆေး ပမာဏ ပဲစေ့ တစ်စေ့စာ ထည့်ပေးရပါမယ်။

ဘေဘီလေးကို ငယ်စဉ်ကတည်းက တစ်နေ့ကို နှစ်ကြိမ် သွားတိုက်တတ်တဲ့ အလေ့အထ ပျိုးထောင်ပေးပါ။

ဘေဘီလေးအတွက် သွားတိုက်ဆေး ရွေးချယ်ကြမယ်

ဘေဘီလေးရဲ့ သွားတွေအတွက် အကောင်းဆုံး ဖြစ်စေမယ့် သွားတိုက်ဆေးကို ရွေးချယ်ပေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့ လိုမယ်နော် မေမေတို့ရေ…….

ကျန်းမာရေး ထောက်ခံချက် ရထားလား……

ဘေဘီလေးအတွက် သွားတိုက်ဆေး ရွေးတော့မယ်ဆိုရင် အရင်ဆုံး ကြည့်ရမှာက သွားတိုက်ဆေးက ကျန်းမာရေးအရ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းကနေ ထောက်ခံချက် ရထားလာဆိုတာပါ။ သွားတိုက်ဆေးရဲ့ ဗူးခွံမှာ ကြည့်လို့ ရပါတယ်။

ဓာတုပစ္စည်းတွေ ပါဝင်နေလား…..

ဘေဘီလေးကို သွားဖြူအောင်ဆိုပြီး ထည့်ထားတဲ့ ဓာတုပစ္စည်းတွေနဲ့ မထိတွေ့စေတာက အကောင်းဆုံးပါ။ ဒါတွေက ဘေဘီလေးရဲ့ သွားကြွေလွှာကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ဘေဘီလေးအတွက် သွားတိုက်ဆေး ရွေးချယ်တဲ့အခါ ဓာတုပစ္စည်းတွေ ပါဝင်နေလား ဆိုတာကို သေချာလေး စစ်ဆေး ပေးဖို့ လိုပါမယ်။

ဖလိုရွိုက် ပါနေလား……..

ဖလိုရွိုက်က သွားတွေကို သွားပိုးစားတာကနေ ကာကွယ်ပေးတယ် မှန်ပေမယ့် မျိုချမိရင်တော့ မကောင်းပါဘူး။ ဘေဘီလေးတွေက သွားစတိုက်တဲ့ အရွယ်မှာ သွားတိုက်လိုက်လို့ ထွက်လာတဲ့ အမြှုပ်တွေကို ထွေးမထုတ်တတ်သေးပါဘူး။ ဒါကြောင့် ဘေဘီလေးကို ဖလိုရွိုက် မပါတဲ့ သွားတိုက်ဆေးမျိုးပဲ ရွေးချယ်ရပါမယ်။

အရသာ ကြိုက်ပါ့မလား…….

လူကြီးတွေကတော့ သွားတိုက်ဆေးကို ပူရှိန်းရှိန်း အရသာဆို အဆင်ပြေတယ်ဆိုပေမယ့် ဒီအရသာက ဘေဘီလေးတွေအတွက်တော့ အဆင်မပြေပါဘူး။ ဒါကြောင့် ဘေဘီလေးတွေကို သွားတိုက်ဆေး ရွေးပေးတဲ့အခါ သူတို့ ကြိုက်တဲ့ အသီးအရသာလေးတွေကို ရွေးချယ်ပေးဖို့ လိုပါမယ်။

ကဲ…… ဘေဘီလေးကို အပြုံးလှလှလေး ပြုံးနိုင်စေဖို့ အခုပြောခဲ့တဲ့ အချက်လေးတွေနဲ့ ကိုက်ညီတဲ့ သွားတိုင်ဆေးလေး ရွေးချယ်ပေးလိုက်ရအောင်လား မေမေတို့ရေ………….

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Choosing the Best Toothpaste for Kids https://www.innovativepediatricdentistry.com/choosing-the-best-toothpaste-for-kids/ Accessed Date 11 August 2021

Choosing the Best Toothpaste for Your Child http://www.kdkinhowell.com/blog/pick-a-toothpaste-for-your-child/ Accessed Date 11 August 2021

ယခုပုံစံ

23/08/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေး အသံဝင်ခဲ့ရင်

ဘေဘီလေးကို ငှက်ပျောသီး ကျွေးပေးပါ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement