backup og meta

ကလေးက စကားနားမထောင်တဲ့အခါ ထိန်းသိမ်းဆုံးမနိုင်မယ့် နည်းလမ်း ၈ ခု

ကလေးဆိုတာ ဆိုးနွဲ့ချင်တဲ့အရွယ်၊ အလိုမကျရင် ငိုယိုဂျီကျတတ်တဲ့အရွယ်လေးတွေဖြစ်လို့ စကားမတတ်ခင်ကတည်းက အမူအရာနဲ့ စိတ်ကောက်ကြ၊ ငိုယိုဆန္ဒပြတတ်ကြပါတယ်။ မွေးကင်းစအရွယ်မှာ ချစ်စရာအမူအရာလေးတွေဖြစ်ခဲ့တဲ့ အပြုအမူတွေဟာ သိတတ်နားလည်လာတဲ့တစ်နှစ်၊နှစ်နှစ်ကျော်တဲ့အရွယ်မှာတော့ စည်းကမ်းတကျ ထိန်းသိမ်းသွန်သင်သင့်လာပါပြီ။ ကလေးရဲ့ကိုယ်ခန္ဓါဖွံ့ဖြိုးကြီးထွားလာတာအပြင် ဉာဏ်ရည်နဲ့ အသိပညာ၊ ယဉ်ကျေးလိမ္မာမှုတွေပါ ဖွံ့ဖြိုးလာဖို့ကိုပါ ဂရုစိုက်ပေးရမှာဖေဖေမေမေတို့ရဲ့တာဝန်ပါ။

ပွဲအခမ်းအနားတွေသွားတာမျိုး လူကြားထဲ သွားလာတဲ့အခါပြောမရတားမရဖြစ်ခဲ့ရင် အခက်ကြုံရမှာဆိုတာထက် ကလေးရဲ့အမူအကျင့်လေး မှန်ကန်မှ၊ မိဘကိုယုံကြည်မှုရှိမှ သူ့ရဲ့အနာဂတ်အတွက် ကိုယ်က လမ်းပြလို့ရမှာပေါ့။ မဟုတ်ရင် တဆိတ်ရှိခြေဆောင့်ငိုယိုတောင်းဆိုလိုက်ရင် ရမှာပဲ လို့ ကလေးရဲ့မှတ်ဉာဏ်မှာ အတွေးမဝင်စေချင်ပါ။

စကားနားမထောင်တဲ့ ကလေးတစ်ယောက်ကို ထိန်းသိမ်းဖို့ဆိုတာ အစတည်းကတတ်ကြတဲ့အရာတော့ မဟုတ်ပါဘူး။ သားသမီးရှိလာတဲ့အခါမှ အတွေ့အကြုံကသင်ပေးသွားတာပါ။ ဒါပေမယ့် ကလေးကိုထိန်းတဲ့နေရာမှာ အမျိုးမျိုးရှိပါတယ်။ တချို့က အလိုလိုက်တယ်၊ တချို့က အကြမ်းနည်းနဲ့စည်းကမ်းပေးတယ်၊ တချို့က ဉာဏ်ရှိရှိနဲ့ ကလေးကိုစည်းရုံးပြီးသွန်သင်ထိန်းသိမ်းပါတယ်။ ဘာနည်းပဲသုံးသုံး ကလေးငြိမ်သွားဖို့၊ ကိုယ့်စကားနားထောင်ဖို့ချည်းပဲ အဓိကထားလို့မရပါဘူး။ ဥပမာ ကလေးကငိုယိုပြီးချော့မရတဲ့အချိန် “အခုတိတ်နော်..မတိတ်ရင် အရိုက်ခံရမယ်”ဆိုပြီး ကလေးကိုခပ်ကြမ်းကြမ်းဆက်ဆံတာမျိုးက ခဏတာတော့ ကလေးကလန့်ပြီးတိတ်သွားမှာပေမယ့်ရေရှည်အတွက်အဆင်မပြေနိုင်ပါဘူး။ မိဘလုပ်သူကိုကြောက်စိတ်ဝင်သွားပြီး ဆက်ဆံရေးမှာ ထိခိုက်လာတာ၊ ဒါမှမဟုတ် နောက်ပိုင်းမကြိုက်တဲ့အပြုအမူတွေ ခိုးလုပ်တတ်လာတာ၊ အရွဲ့တိုက်လာတာတွေဖြစ်လာနိုင်ပါတယ်။

ဒါ့ကြောင့် စကားနားမထောင်တဲ့ကလေးလေးတွေကို ဘယ်လိုထိန်းကြမလဲဆိုတာ အခက်ကြုံနေတဲ့ မိဘတွေအတွက် ဒီအချက်လေးတွေက အထောက်အကူပေးပါလိမ့်မယ်။

(၁) အခြေအနေကို ထိန်းညှိပါ

စာလုပ်ခိုင်းရင် မလုပ်ချင်တဲ့ ကလေးကို အိမ်စာလုပ်ခိုင်းနေတဲ့အချိန်မှာဆိုရင် ဖုန်း၊တက်ဘလက်နဲ့ ကစားစရာအရုပ်တွေလိုမျိုး အာရုံပျံ့လွင့်စေနိုင်တဲ့အရာတွေကို ဖယ်ထားတာ၊ သရေစာမုန့်လေးတွေလုပ်ပေးတာ၊ ကလေးကိုစာလုပ်ဖို့နေရာတစ်ခုစီစဉ်ပေးထားတာမျိုး လုပ်ပေးနိုင်ပါတယ်။

(၂)နူးနူးညံ့ညံ့ဆက်ဆံပြီး ချဉ်းကပ်ပါ

ကလေးက ချော့မရ၊ထိန်းမရ အော်ဟစ်၊ငိုယိုနေတာဆိုရင် သူ့အသံကိုအုပ်အောင်တော့ မငိုဖို့ အသံကျယ်ကျယ်အရင်စပြောပါ။ပြီးမှ အသံကိုလျှော့ပြီး ကလေးကိုချော့ပြောပါ။ ကလေးက ဆူခံရမယ်ထင်ထားရာက ရုတ်တရက်စိတ်ဝင်စားပြီး ငိုသံတိုးလာပါလိမ့်မယ်။ ဥပမာ – သားသား ဒီလိုအော်ငိုနေတာ မရှက်ဘူးလား။ ဟိုနားက မမတွေက ကြည့်နေတယ်။ ကြည့်ပါဦး ဆိုတာမျိုး။ ဆူညံပြင်းထန်နေတဲ့အခြေအနေတွေကိုအေးဆေးသွားစေဖို့က သင်ရော၊ကလေးပါ တည်ငြိမ်စေဖို့ အရေးကြီးပါတယ်။

(၃) ဘာကိုလိုချင်တာလဲ၊ဘာကိုဖြစ်ချင်တာလဲသေချာသိအောင်လုပ်ပါ

ကလေးက ဘာကိုဖြစ်ချင်တာလဲဆိုတာ ကလေးနဲ့မိဘကြားသေချာသိအောင်လုပ်ပါ။ ကလေးရဲ့အနားမှာအေးအေးဆေးဆေးထိုင်ပြီးချော့မေးကြည့်ပါ။ ကလေးက ဘာကိုဖြစ်ချင်နေတာလဲ၊ ဘာကြောင့် ကန့်လန့်လုပ်နေတာလဲသေချာမသိတဲ့အခါ ကလေးကိုစည်းရုံးဖို့ ကိုင်တွယ်ဖြေရှင်းရခက်စေပါတယ်။

(၄) အချိန်ခဏပေးပါ

ဖြစ်နိုင်ရင် ငိုနေ၊ ဂျီကျနေတဲ့ကလေးကို သူ့ကိုယ်သူထိန်းသိမ်းဖို့ အချိန်နည်းနည်းပေးလိုက်ပါ။ တစ်ကနေ တစ်ဆယ်အထိရေမယ်၊ တိတ်နော်၊မတိတ်ရင် ကစားကွင်းမပို့တော့ဘူး (သို့မဟုတ် သူတောင်းဆိုနေတဲ့အရာတစ်ခုခုကိုမလုပ်ပေးတော့ဘူး)လို့ သတိပေးပြီး ခဏစောင့်ပေးပါ။

(၅) ဖြစ်နေတဲ့အခြေအနေ၊ အကြောင်းအရာတွေထည့်တွေးပါ

ကလေးက ဗိုက်ဆာနေတာလား၊ ပင်ပန်းနေလို့လား၊ စိတ်ပူပန်နေတာလား စတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအရာတွေကို ထည့်စဉ်းစားပါ။ ဒီအချက်တွေကြောင့်ပဲ ကလေးရဲ့အပြုအမူတွေကိုထိန်းချုပ်ဖို့ ခက်ခဲစေနိုင်လို့ပါ။ တစ်ခုခုကြောင့် စိတ်အလိုမကျဖြစ်နေတဲ့ကလေးကို သင့်စကားနားထောင်စေဖို့ သူဖြစ်နေတဲ့အကြောင်းအရာကိုမူတည်ပြီး သင်ထိန်းဖို့နည်းလမ်းရှာရမှာပါ။

(၆) ကလေးကိုရွေးချယ်စရာပေးပါ

ကလေးလေးတွေ သိတတ်နားလည်လာတာနဲ့အမျှ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တတ်အောင် ကျင့်ပေးသင့်ပါတယ်။ ဥပမာ စကားနားထောင်မှာလား၊ နားမထောင်ရင် အပြင်သွားတဲ့အခါ မလိုက်ရဘူးနော် ဆိုပြီး တစ်ခုခုကိုရွေးချယ်ခိုင်းပါ။ ကိုယ်တိုင်ဆုံးဖြတ်ခွင့်လည်းရသလို ကိုယ်လုပ်လိုက်တဲ့ရလဒ်ကို ကိုယ်ခံစားရတယ်ဆိုတာ နားလည်စေပါတယ်။

(၇) အကျိုးဆက်ကိုနားလည်အောင် ရှင်းပြပါ

ရိုးရိုးပြောပြနေလို့ လိုက်နာမှာမဟုတ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေအတွက် ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတဲ့ အကျိုးဆက်တွေအကြောင်း ကလေးနားလည်အောင်ထည့်ရှင်းပြလိုက်ပါ။ တကယ့်အမှန်လည်းဖြစ်ရမယ်(ကလေးမလုပ်ရဲတော့အောင်ဆိုပြီး လိမ်ညာ၊ဖြဲခြောက်တာမျိုးမလုပ်သင့်ပါ)၊ ပညာပေး၊သွန်သင်ဆုံးမရာလည်းရောက်မယ့် အကျိုးဆက်တွေဖြစ်ရပါမယ်။

(၈)မိဘချင်းလည်းသဘောတူညီချက်ယူထားရမယ်

မိခင်နဲ့ဖခင် နှစ်ဦးစလုံးက ကလေးကိုဆုံးမရာမှာ တိုင်တိုင်ပင်ပင်နဲ့ အကောင်းဆုံးနည်းလမ်းသုံးပြီးဖြေရှင်းရမှာပါ။ ဘယ်လိုစည်းကမ်းတွေသတ်မှတ်မလဲဆိုတာ အချင်းချင်းညှိထားသင့်ပါတယ်။ အဖေက ဆုံးမ၊ အမေက ချော့ပြီးအလိုလိုက်တာမျိုး တစ်ယောက်တစ်မျိုးဖြစ်နေခဲ့ရင် ကလေးကို ဘယ်လိုမှထိန်းမရတော့ပါဘူး။ ညှိညှိနှိုင်းနှိုင်းနဲ့ သွန်သင်ဆုံးမပါ။

Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://familyshare.com/19956/Tips-for-the-weary-parent-of-the-unruly-child

http://www.thesuccessfulparent.com/categories/discipline/item/top-ten-list-for-managing-your-child-s-behavior#.WldCdKiWbIU

 

ယခုပုံစံ

31/01/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Yun Sandi Nan Mon မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement