backup og meta

မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား......

    ကမ္ဘာပေါ်မှာရှိသမျှ လူတွေထဲမှာ ကိုယ့်ကြောင့် ကိုယ့်သားသမီးလေးထိခိုက်သွားမှာကို အစိုးရိမ်တတ်ဆုံးသူက မေမေတွေပါ။ ကိုယ်သာတစ်ခုခုဖြစ်ရင် ဘာမှမဖြစ်သလိုနေတတ်ပေမယ့် သားသားမီးမီးလေးတွေမှာ တစ်ခုခုဖြစ်ရင် အစိုးရိမ်ဆုံးနဲ့ အပူပန်ဆုံးက မေမေတွေပါပဲ။ ဒီတစ်ခေါက်လည်း ကိုယ့်မှာ တီဘီရှိနေတာကြောင့် ဘေဘီလေးကို နို့တိုက်လို့ရပါ့မလား။ မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား…… ကလေးမှာ တစ်ခုခုများထိခိုက်သွားမလားဆိုပြီး စိုးရိမ်နေတဲ့မေမေတို့အတွက် အဆင်ပြေဆုံးဖြစ်မယ့်နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပါရစေ။

    မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား……

    မေမေ့မှာ တီဘီရှိရင် ဘေဘီလေးကိုနို့တိုက်လို့ဖြစ်ပါ့မလား…… ဆိုတော့ ကူးစက်နိုင်တဲ့အချိန်ဆိုရင်တော့ မတိုက်သင့်သေးပါဘူး။ ဒါဆိုရင် နို့ဘူးပဲတိုက်ရမှာလားဆိုတော့ မဟုတ်ပါဘူး။ ကလေးကို မိခင်နို့ရည်ကို ညှစ်ထုတ်ပြီး ဇွန်းနဲ့ထည့်ပြီး တိုက်လို့ရပါတယ်။ နို့ရည်ကနေတဆင့် တီဘီရောဂါပိုးကူးစက်တာမရှိပေမယ့် လေထဲကနေကူးစက်တတ်တဲ့ တီဘီရောဂါပိုးက ကလေးကိုပွေ့ချီပြီး နို့တိုက်ချိန်မှာ လေထဲကနေတဆင့် ကူးစက်သွားနိုင်တာကြောင့်ပါ။

    ဒါကြောင့် တီဘီရောဂါ ခံစားနေရတဲ့ မေမေတို့အနေနဲ့ ကလေးကို မိခင်နို့တိုက်ချင်တယ်ဆိုရင် နို့ရည်ကို ညှစ်ထုတ်ပြီး ခွက်သန့်သန့်မှာထည့် ဇွန်းနဲ့ တိုက်ပေးနိုင်ပါတယ်။ ဆေးစသောက်ပြီး ၂ပတ်လောက်နေရင် ကူးစက်မှုက လျော့သွားပြီဖြစ်တာကြောင့် အဲ့ဒီအချိန်ဆိုရင်တော့ ကလေးကို ပုံမှန်အတိုင်း နို့ပြန်တိုက်နိုင်ပါပြီ။

    မေမေက တီဘီရှိနေရင် ဘေဘီလေးနဲ့ ခွဲနေရမှာလား………

    တီဘီရောဂါရှိတဲ့ မေမေတစ်ယောက်အနေနဲ့ နှာချေတာ၊ ချောင်းဆိုးတာကြောင့် လေထုထဲကနေတဆင့် ဘေဘီလေးဆီကို ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ဆေးသေချာမကုဘူးဆိုရင်ပါ။ ဆေးကုနေတဲ့ မေမေတွေကတော့ ဆေးစသောက်တဲ့အချိန်ကနေ  ၂ပတ်လောက် ကလေးနဲ့ ခပ်ခွာခွာ နေသင့်ပါတယ်။ ၂ပတ်ကျော်ရင်တော့ ကူးစက်နှုန်း နည်းသွားတာကြောင့် အတူပြန်နေလို့ရပါပြီ။

    တီဘီရှိရင် ဘာတွေ သတိထားဖို့ လိုမလဲ………..

    တီဘီရောဂါရှိတဲ့ မေမေတစ်ယောက်အနေနနဲ့ ကလေးကို မကိုင်ခင်၊ ဘေဘီလေးရဲ့ အသုံးအဆောင်တွေကို မကိုင်ခင်မှာ လက်ကို သေချာသန့်စင်အောင် ဆေးကြောဖို့လိုပါတယ်။ ချောင်းဆိုးနေတယ်ဆိုရင် နှာခေါင်းစည်းတပ်ပြီးမှ ကလေးကို ကြည့်သင့်ပါတယ်။

    တီဘီဆေးက ကလေးအပေါ် သက်ရောက်မှုရှိလား…………

    တီဘီဆေး သောက်နေရချိန်မှာ ကလေးအပေါ် ဆေးရဲ့ သက်ရောက်မှု ရှိနေမှာစိုးတာကြောင့် နို့တိုက်လို့ရပါ့မလား စိုးရိမ်နေတယ် ဆိုရင်တော့ တိုက်လို့ရပါတယ်။ ဆေးသောက်တာကြောင့် နို့ရည် ကနေတဆင့် ကလေးကို ထိခိုက်စေတာမျိုး မရှိပါဘူး။ နို့ရည်ကနေတဆင့် ဆေးအာနိသင် ပါခဲ့ရင်တောင် အရမ်းနည်းတာမို့ စိတ်မပူဖို့ ပြောပါရစေ။

    နို့ရည် ကနေတဆင့် ရောဂါပိုးကူးနိုင်လား…….

    နို့ရည် ကနေတဆင့် တီဘီရောဂါပိုး မကူးစက်နိုင်ပါဘူး။ တီဘီရောဂါပိုးက လေထဲ ကနေတဆင့် အဓိက ကူးစက်နိုင်တာကြောင့် မေမေ့အနေနဲ့ ကလေးကို ချီထားရင်း နှာချေတာ၊ ချောင်းဆိုးတာမျိုး မလုပ်မိစေဖို့ နှာခေါင်းစည်း တပ်ထားဖို့ လိုပါမယ်။ လက်ရှိမှာ ချောင်းဆိုးနေဦးမယ် ဆိုရင် ကလေးကို နမ်းရှုံ့တာမျိုး ခဏဆင်ခြင်ထားပါ။

    တီဘီရောဂါက ကုသလို့ပျောက်ကင်းလား…..

    နေ့တိုင်း အချိန် မှန်မှန် ဆေးသောက်မယ်။ အာဟာရလည်း ပြည့်ဝအောင် စားမယ်။ အိပ်ရေးလည်း ဝဝအိပ်မယ် ဆိုရင်တော့ တီဘီရောဂါက ကုသပျောက်ကင်းဖို့လွယ်ပါတယ်။

    ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်မယ်။ အနေအထိုင်လည်း ဆင်ခြင်မယ် ဆိုရင်တော့ ကိုယ့်ကြောင့် ဘေဘီလေးမှာ တီဘီရောဂါပိုး မဖြစ်အောင် ကာကွယ်နိုင်မှာပါမေမေတို့ရေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement