ကလေးတွေ က မိဘတွေရဲ့ အကြီးဆုံး fanပါ။ ကောင်းကောင်း ကြည့်တတ်ပြီဆိုတည်းက မိဘတွေကို လိုက်ကြည့်ပြီး ဘာတွေလုပ်နေရကြလဲ၊ ဘာတွေပြောနေကြလဲဆိုတာကို အမြဲတမ်း သင်ယူနေတာပါ။ ဒါ့ပြင် အရိပ်အကဲလည်း ကြည့်တတ်ကြပါတယ်။ တစ်ခုခုလုပ်ပြီးရင် မိဘတွေ ကြိုက်လား၊ မကြိုက်လားဆိုတာကို အမြဲအကဲခတ်နေကြပါတယ်။ ဒါကြောင့် မိဘတွေကလည်း ငါတို့လုပ်နေတာကို ကလေးက ဘာမှမသိဘူးဆိုပြီး ကလေးရှေ့မရှောင် မလုပ်မိစေဖို့ အရေးကြီးပါတယ်။ ကလေးတွေ ရှေ့မှာ မလုပ်သင့်တဲ့ မိဘတွေရဲ့ အပြုအမူများ က ဘာတွေလဲဆိုတာ သိထားသင့်ပါတယ်။
ကလေးတွေ ရှေ့မှာ မလုပ်သင့်တဲ့ မိဘတွေရဲ့ အပြုအမူများ
အထူးသဖြင့် ကလေးရှေ့မှာ မိဘချင်း ကိုယ်ထိလက်ရောက် ရန်ဖြစ်တာကို မလုပ်သင့်ပါဘူး။ ကိုရီးယားတွေ ကြည့်ရင် မြင်ဖူးမှာပါ။ သူတို့ ရန်ဖြစ်ခါနီးရင် ကလေးကို တစ်နေရာ ရှောင်ခိုင်းထားပါတယ်။ ကလေးရှေ့မှာ မိဘချင်း ရန်ဖြစ်တာက ကလေးကို စိတ်ဒဏ်ရာရစေပါတယ်။ ကလေးက ငယ်သေးလို့ ဘာမှန်းမသိဘူးဆိုရင်တောင် သူတို့က ဒါကို ကောင်းတဲ့ အခြေအနေမဟုတ်မှန်းတော့ သိပါတယ်။
ငယ်စဉ်တည်းက မိဘတွေရဲ့ ရန်ပွဲကြားမှာ ကြီးလာရတဲ့ ကလေးတွေက ဆန့်ကျင်ဘက်လိင်ကို မယုံတော့တာ၊ ကိုယ်တိုင်လည်း စိတ်ကြမ်း ကိုယ်ကြမ်းဖြစ်တာ၊ ကြီးလာတဲ့အခါ အိမ်တွင်းအကြမ်းဖက်မှုတွေကို ကျူးလွန်တာတွေ ဖြစ်လာတတ်ပါတယ်။
ခုမှ စကားပြောတတ်တဲ့ ကလေးတွေက စပြီးဆဲရင် အံ့သြသွားတယ်မလား။ မအံ့သြပါနဲ့။ ဒါသူရှေ့မှာ ဆဲပြတဲ့သူ ရှိလို့ပါ။ ပိုဆိုးတာက ကလေးက ဆဲတာကို မတားတဲ့အပြင် အားပေးအားမြှောက်လုပ်နေတဲ့သူ ရှိလို့ပါ။ ငယ်ရွယ်စဉ် မပီတပီ ဆဲတာက ချစ်ဖို့ကောင်းတယ်ဆိုပေမယ့် ကြီးလာလို့ ပီပီသသ ဆဲတဲ့အချိန်ရောက်ရင် ရိုင်းတယ်ဆိုပြီး ဖြစ်သွားပါပြီ။
ဒါကြောင့် ကလေးရှေ့မှာ မဆဲမိပါစေနဲ့။ ဆဲတာက မကောင်းဘူးဆိုတာ ပြောပြထားပါ။ တစ်ခါတလေ ကလေးက မိဘကြောင့် မဟုတ်ဘဲ ဆိုရှယ်မီဒီယာက ဗီဒီယိုတွေကြောင့် ဆဲတတ်နေတာမျိုး ရှီတတ်ပါတယ်။ ဒါကြောင့် ကလေးကို မိဘမျက်လုံးအောက်မှာပဲ ဖုန်းသုံးခွင့်ပေးဖို့ သင့်ပါတယ်။
ကလေးရှေ့မှာ ရှိရဲ့သားနဲ့ မရှိဘူးလို့ ပြောတာ၊ ကောင်းရဲ့သားနဲ့ မကောင်းဘူးလို့ ပြောတာက လိမ်ဖို့ သင်ပေးနေသလိုပါပဲ။ ကလေးရှေ့မှာ သူများကို လိမ်တာ၊ လူလည်ကျတာမျိုး မလုပ်သင့်ပါဘူး။ ကလေးကိုလည်း သွားမလိမ်သင့်ပါဘူး။ မိဘတွေ အပေါ်မှာ ယုံကြည်မှု ပျက်ပြားသွားနိုင်သလို လိမ်တာက အရေးမကြီးတဲ့ လုပ်ရပ်လို့လည်း ထင်သွားနိုင်ပါတယ်။
နောက်ပိုင်း ကလေးရဲ့ ကိုယ်ကျင့်တရားနဲ့ ပေါင်းသင်းဆက်ဆံရေးကို အများကြီး ထိခိုက်စေပါတယ်။
- မရိုမသေပြောတာ
မိဘကို စွန့်ပစ်တဲ့ ဖခင်ကို သားက ခြင်းတောင်းပြန်ယူလာခဲ့၊ ဖေဖေ့အလှည့်ကျရင် ပြန်သုံးရမယ်လို့ ပြောသလိုပါပဲ။ မိဘတွေ ကိုယ်တိုင်က ကိုယ့်အထက်က အကြီးတွေ၊ ဘိုးဘိုးဘွားဘွားတွေကို မလေးမစား ရိုင်းရိုင်းစိုင်းစိုင်း ပြောနေမယ်ဆိုရင် ကလေးက ဒါကို ပုံမှန်လို့ မြင်ပြီး မိဘတွေ အပါအဝင် တခြားလူကြီးတွေကိုပါ မလေးမစား ပြောတော့မှာပါ။ ဒီတော့ အပြင်လူနဲ့ တွေ့တဲ့အခါ ကလေးက ရိုင်းလိုက်တာဆိုပြီး ဖြစ်သွားရော။ တကယ်တော့ ကလေးတွေက မရိုင်းပါဘူး။ မှားယွင်းသင်ယူမိတာပါ။
မိဘက သူများတွေကို မချေမငံ ဆက်ဆံတာ၊ အနိုင်ကျင့်တာ၊ မကောင်းပြောတာ၊ ခေါင်းပုံဖြတ်တာတွေ တွေ့တဲ့အခါ ကလေးတွေက အဲ့လိုလုပ်လို့ရသားပဲဆိုပြီး မှတ်ထားလိုက်ပါတယ်။ နောက်ပိုင်း ကျောင်းရောက်သွားတဲ့အခါ ဒီ ကလေးတွေ က သူများကလေးတွေနဲ့ ကစားတဲ့အခါ ညစ်ပတ်တယ်။ လှည့်ပြီး ကစားတယ်။ အနိုင်ကျင့်တယ်ဆိုတာတွေ တွေ့လာရပါတယ်။
တချို့ မိဘတွေ ဒေါသထွက်လာရင် အနီးအနားက ပစ္စည်းတွေကို ကောက်ပေါက်တာ၊ ဆောင့်အောင့်တာတွေ လုပ်တာ မြင်ဖူးမှာပါ။ ဒီကလေး ဒေါသကြီးလိုက်တာ၊ တစ်ခုခုကို လူကြီးတွေကို ပစ္စည်းတွေနဲ့ ကောက်ပေါက်နေတော့တာပဲဆိုရင် မိဘတွေကများ ကလေးရှေ့မှာ ဒါမျိုး လုပ်မိလားဆိုတာ ပြန်စဉ်းစားကြည့်ပါ။
မိဘတွေက ကလေးတွေရဲ့ ရှေ့ဆောင်လမ်းပြပါ။
မိဘတွေကလည်း လူကြီးတွေ ဖြစ်တဲ့အတွက် သူတို့မှာ လူမှုရေးခံစားချက်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကို ကလေးရှေ့မှာ လွတ်လွတ်လပ်လပ် ဖော်ထုတ်လိုက်လို့ မဖြစ်ပါဘူး။ ကလေးရဲ့ သဘောကတော့ ရှင်းပါတယ်။ ရန်ဖြစ်တာ၊ လိမ်တာ၊ ဆဲတာက မကောင်းဘူးဆိုတာ သူမသိပါဘူး။ သူသိတာက မိဘတွေလုပ်တယ်။ သူလည်း လုပ်လို့ရတယ်ဆိုတာပါ။
ပိုဆိုးတာက ကလေးရှေ့မှာ ဆဲပြပြီးမှ ကလေးက ပြန်ဆဲတဲ့အခါ မလုပ်ရဘူးတစ်ခွန်းတည်းနဲ့ တားမြစ်လိုက်ရင် ကလေးက မကြိုက်ပါဘူး။ နားမထောင်ပါဘူး။ ဒါကြောင့် မတော်တဆများ ကလေးရှေ့မှာ မကောင်းတဲ့ အပြုအမူလုပ်မိပြီဆိုရင် ကလေးကို ပြန်တောင်းပန်ပြီး ဒါက မကောင်းဘူး၊ မလုပ်သင့်ဘူးဆိုတာကို ရှင်းပြပေးပါ။
နောက်တစ်ခုက အိမ်မှာ မိဘတွေက ကောင်းကောင်းမွန်မွန်ထားပါလျက်နဲ့ ကလေးက ဒီလို မကောင်းတဲ့ အပြုအမူတွေ လုပ်နေပြီဆိုရင် သူ့ပတ်ဝန်းကျင်ကို စစ်ဆေးပါ။ အလုပ်တစ်ဖက်နဲ့ မို့လို့ ကလေးကို အဘိုးအဘွားအိမ်၊ အမျိုးအိမ်တွေ ပို့ထားရတဲ့အခါ အဲ့ကနေ သင်လာတာလား။ ကျောင်းက သူငယ်ချင်းတွေ၊ ဆရာတွေဆီကလား။ ဒါမှမဟုတ် ကလေးက ဖုန်းတွေ ကြည့်ရင်း ဒီလိုလုပ်တတ်နေတာလားဆိုတာ စစ်ဆေးပါ။
ကလေးအရွယ်ဖြစ်လို့ ကောင်းတာ ဆိုးတာ သင်လို့ရပါသေးတယ်။ မလုပ်သင့်တဲ့ အပြုအမူတွေ လုပ်နေပြီဆိုရင် မိဘတွေက ဂရုစိုက်ပြီး ပြင်ဆင်ပေးပါ။
ကလေးတစ်ယောက်က ဆိုးလိုက်တာဆိုရင် မယုံပါနဲ့ဦး။ ဒီအဖြူထည်ကလေးတွေကို သူ့ပတ်ဝန်းကျင်က ဘယ်သူကများ ဆေးဆိုးပေးလိုက်တာလဲဆိုတာကို လိုက်ရှာကြည့်ပါဦး။
[embed-health-tool-vaccination-tool]