backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မေမေတို့ ရင်သွေး ကို နို့ချို တိုက်ကျွေးပြီး ဆီးချိုရောဂါကို ကာကွယ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မေမေတို့ ရင်သွေး ကို နို့ချို တိုက်ကျွေးပြီး ဆီးချိုရောဂါကို ကာကွယ်ပါ

မေမေတို့ ရဲ့ နို့ရည်ဆိုတာ ရင်သွေး အတွက် အကောင်းဆုံးနဲ့ အပြည့်စုံဆုံး အာဟာရပါ။ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို သရုပ်ဖော်ပြနေတဲ့ နို့ချို တိုက်ကျွေးခြင်းဟာ ဘေဘီလေးတွေရဲ့ ကျန်းမာဖွံ့ဖြိုးမှုကို အလွန်ပဲအထောက်အကူဖြစ်စေပါတယ်။

ဒါပေမယ့် နို့ချိုတိုက်ကျွေးခြင်းဟာ ရင်သွေးတွေကိုပဲ အကျိုးဖြစ်ထွန်းစေတာမဟုတ်ပါဘူး။ မိခင်ဖြစ်သူကိုလည်း အကျိုးဖြစ်ထွန်းစေတာပါ။

ဥပမာအားဖြင့်ပြောရရင် နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေဟာ

  • ကယ်လိုရီတွေ လောင်ကျွမ်းမှုအားကောင်းပြီး ကိုယ်အလေးချိန် ကျစ်လျစ်စေတာ၊
  • သွေးအားနည်းရောဂါဖြစ်နိုင်ခြေ နည်းပါးတာ၊
  • ဆီးလမ်းကြောင်းပိုးဝင်မှုကို တားဆီးနိုင်တာ၊
  • စိတ်ဖိစီးမှု လျော့ကျစေတာ၊
  • သွေးတိုးဖြစ်နိုင်ခြေကို လျှော့ချပေးတာ၊
  • ရင်သားကင်ဆာအပါအဝင် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတာ၊
  • နှလုံးရောဂါဖြစ်နိုင်ခြေနည်းပါးသွားတာတွေပါပဲ။

ဒါတွေတင်မကပါဘူး။ ပုံမှန်နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေဟာ ကမ္ဘာပေါ်က လူပေါင်း ၄၂၂ သန်းကို ဘေးဒုက္ခပေးနေတဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေလည်း နည်းပါးသွားမှာဖြစ်ပါတယ်။

ဆီးချိုရောဂါဟာ ဖြစ်ပွားမှုများသလို လူ့အသက်တွေကို နှုတ်ယူနှုန်းလည်းမြင့်မားပါတယ်။ ဆီးချိုရောဂါကြောင့် တစ်နှစ်ကို လူ ၁ ဒဿမ ၆ သန်းဝန်းကျင် အသက်ဆုံးရှုံးနေပါတယ်။

နို့ချိုတိုက်ကျွေးခြင်းနှင့် ဆီးချို

လွန်ခဲ့တဲ့နှစ်အနည်းငယ်ကနေစတင်ပြီး နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေ နည်းပါးသွားတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

Diabetes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရဆိုရင် နို့ချိုတိုက်ကျွေးတာကြောင့် ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်းတွေဟာ အင်ဆူလင်တုန့်ပြန်နိုင်စွမ်းပိုမိုကောင်းမွန်လာပြီး ဒီအချက်ဟာ အမျိုးသမီးတွေမှာ ဆီးချိုဖြစ်မလာစေဖို့အတွက် ကောင်းမွန်တဲ့ အကြောင်းပြချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအချက်ကို ဖော်ထုတ်နိုင်ဖို့ ဆေးသိပ္ပံပညာရှင်တွေက နှစ်ပေါင်း ၃၀ ကြာ လေ့လာခဲ့ကြရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ လေ့လာချက်တွေအရ ရင်သွေးကို နို့ချိုတိုက်ကျွေးခြင်းကြောင့် အမျိုးအစား-၂ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုလည်း တိုးတက်စေနိုင်တယ်လို့ ဆိုထားပါတယ်။

နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေနဲ့ နို့ချိုတိုက်ကျွေးခြင်းမရှိတဲ့ မိခင်တွေကို အုပ်စုခွဲပြီးလေ့လာရာမှာ နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေမှာ အမျိုးအစား-၂ ဆီးချိုရောဂါစတင်ဖြစ်ပေါ်တာမျိုးမရှိပဲ တခြားအုပ်စုမှာတော့ ဆီးချိုဖြစ်နိုင်ခြေရဲ့ အစဖြစ်တဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်လာတာတွေ၊ အင်ဆူလင်တုန့်ပြန်မှုလက္ခဏာတွေ မြင်တွေ့လာရပါတယ်။

နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေရဲ့ ခန္ဓာကိုယ်ဟာ ကိုယ်တွင်းကို ဝင်ရောက်လာတဲ့ ဂလူးကို့စ်တွေကို ပိုပြီးအကျိုးရှိရှိအသုံးချနိုင်ကြတာမို့ သွေးတွင်းသကြားဓာတ်ပမာဏလည်း မြင့်တက်လာခြင်းမရှိတော့ပါဘူး။

ဒါပေမယ့် ဒီလေ့လာချက်တွေမှာဖော်ပြထားတာက ရင်သွေးကြီးပြင်းလာလို့ နို့ချိုတိုက်ကျွေးချိန် ကုန်လွန်သွားချိန်မှာတော့ စားသောက်နေထိုင်မှုပုံစံပေါ်မူတည်ပြီး ဆီးချိုရောဂါဖြစ်ချင်ဖြစ်လာနိုင်တယ်လို့ ဆိုထားတာပါပဲ။

မိခင်နို့တိုက်ကျွေးတဲ့ကာလတွေမှာ နို့ကိုမပြတ်ထုတ်လုပ်နေတာကြောင့် သွေးတွင်းက သကြားဓာတ်ပမာဏကို ထိမ်းချုပ်ထားနိုင်ပြီး ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချထားနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် နို့တိုက်ကျွေးတဲ့ကာလကို ကျော်လွန်သွားချိန်မှာတော့ ဆီးချိုရောဂါစွဲကပ်လာနိုင်မလားဆိုတာက ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံနဲ့ ပိုပြီးသက်ဆိုင်သွားတော့မှာပါ။

ဆီးချိုကို ကာကွယ်ပါ

မေမေတို့အနေနဲ့ နို့ချိုတိုက်ကျွေးရတာမျိုးမရှိတော့ချိန်မှာ သာမန်လူတစ်ယောက်လိုပဲ ဆီးချိုအန္တရာယ်ရှိလာမှာပါ။ နေထိုင်စားသောက်မှုကို ဂရုပြုဖို့ လိုအပ်လာပါပြီ။ ကမ္ဘာပေါ်က လူအများစု ဆီးချိုဝေဒနာခံစားရကြရတဲ့ အဓိက အချက်ကလည်း စားသောက်နေထိုင်တဲ့ Lifestyle ကြောင့်ပဲ မဟုတ်လား။

  • ဒီလိုဆိုရင် ဆီးချိုရောဂါဖြစ်မလာအောင် ကာကွယ်ဖို့ အောက်ပါနည်းလမ်းလေးတွေကို လိုက်နာကြပါနော်။သင့်တော်တဲ့ လေ့ကျင့်ခန်းမျိုးကို ရွေးချယ်ပြုလုပ်ပါ၊
  • အရိုးနဲ့ ကြွက်သားသန်မာစေတဲ့လေ့ကျင့်ခန်းတွေလည်း အနည်းဆုံးတစ်ပတ် ၃ ကြိမ်လောက်ပြုလုပ်ပါ၊
  • ကိုယ်အလေးချိန် ထိန်းပါ၊
  • သွေးတွင်းသကြားဓာတ်ကို ပုံမှန် စစ်ဆေးပါ၊
  • ဆေးလိပ်၊ အရက် မှီဝမှုရှိရင် ဖြတ်တောက်ပါ၊
  • အာဟာရပြည့်ဝစွာ မှီဝဲပါ၊
  • ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းတာတွေကို ရွေးချယ်စားသုံးပါ၊
  • ဆီးချိုကိုကာကွယ်ပေးနိုင်တဲ့ အစေ့အဆံတွေ၊ မုန်လာဥနီ၊ ချယ်ရီသီး၊ ခရမ်းချဉ်သီးစတာတွေ များများစားသုံးပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement