brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးနို့တိုက်နေစဉ်မှာ မိခင်တွေအနေနဲ့ အရက် ဘီယာ ရှောင်ရမှာလား

ဖြစ်နိုင်ရင်တော့ နို့တိုက်မိခင်တစ်ယောက်အနေနဲ့ အရက် ဘီယာ လုံးဝမသောက်ဘဲနေတာဟာ ကလေးငယ်အတွက် အကောင်းဆုံး စိတ်အချရဆုံးရွေးချယ်မှုပါပဲ။ ဒါပေမယ့် လေ့လာမှုတွေအရ one drink လို့ခေါ်တဲ့ အသင့်အတင့်ပမာဏကိုသောက်တာကတော့ ကလေးအတွက်ဆိုးကျိုးမရှိဘူးလို့သိရပါတယ်။

ကလေးနို့တိုက်နေစဉ်မှာ မိခင်တွေအနေနဲ့ အရက် ဘီယာ ရှောင်ရမှာလား

အသင့်အတင့် One drink ဆိုတာဘယ်လောက်လဲ

အမေရိကန်နိုင်ငံအစားအသောက်လမ်းညွှန်ချက် DGA အရ အမျိူးသမီးတစ်ယောက်ဟာ တစ်နေ့ကို standard one drink သောက်တာဟာ မိခင်နဲ့ ကလေးကို ထိခိုက်စေတယ်ဆိုတဲ့ သက်သေပြချက်မရှိသေးပါဘူး။ အထူးသဖြင့် အရက်သောက်ပြီး ၂နာရီလောက်ခြားပြီးမှ နို့တိုက်ရင်ပေါ့။ One drink ဆိုတာ အများကြီးတော့ မဟုတ်ပါဘူး။ 5% ဘီယာဆိုရင် ဆယ့်နှစ်အောင်စ (ဒါဟာ ရိုးရိုးဘီယာ သံဘူးတစ်ဘူးနဲ့ ယေဘူယျအားဖြင့် ညီမျှပါတယ်။) ၊ 12% ဝိုင်ဆိုရင် ငါးအောင်စနဲ့ 40% အရက်ပါဝင်နှုန်းရှိတဲ့သောက်စရာဆိုရင်တော့ 1.5 အောင်စလောက်ပါပဲ။ ဒါတွေအားလုံးမှာ အရက်ချည်းသက်သက် 14 ဂရမ် သို့မဟုတ် 0.6 အောင်စတူညီစွာပါဝင်ပါတယ်။

အရက် ဘီယာသောက်သုံးမိထားတဲ့ မိခင်ဟာ ကလေးနို့တိုက်လို့ရသလား

မသောက်တာဟာ အကောင်းဆုံးနဲ့ ဘေးအကင်းဆုံးပါ။ ဒါပေမယ့် အပေါ်ကပြောခဲ့သလို one standard drink ပမာဏကို နို့မတိုက်ခင်နှစ်နာရီလောက်မှာ သောက်ထားတာဆိုရင်တော့ စိတ်ချရပါတယ်။ သောက်သောက်ပြီးချင်းတော့ နို့မတိုက်သင့်ပါဘူး။ ဒါပေမယ့် အပေါ်ကပြောခဲ့တဲ့ one standard drink ထက်ပိုများတဲ့ ပမာဏဆိုရင်တော့ ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှု၊ ကြီးထွားမှုနဲ့ အိပ်စက်မှုပုံစံတွေကို အနှောက်အယှက်ပေး ထိခိုက်စေပါလိမ့်မယ်။ နောက်တစ်ခုက အရက်ပမာဏများများသောက်ထားတဲ့အတွက် မိခင်ရဲ့ မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းကို ထိခိုက်ပြီး ကလေးကို လုံခြုံအောင် ကြည့်ရှုစောင့်ရှောက်ဖို့ ခက်ပါလိမ့်မယ်။

သောက်လိုက်တဲ့အရက်ဟာ နို့ထဲမှာပါသလား

ပါပါတယ်။ အထူးသဖြင့် သောက်သုံးပြီး နာရီဝက်ကနေ တစ်နာရီအတွင်းဟာ မိခင်နို့ထဲမှာ အရက်ပမာဏအများဆုံးတွေ့ရတဲ့အချိန်ပါပဲ။ ယေဘုယျအားဖြင့်ဆိုရရင်တော့ သောက်ပြီး နှစ်နာရီကနေ သုံးနာရီအထိ မိခင်နို့ထဲမှာ အရက်ပါနိုင်ပါသေးတယ်။ ဒါပေမယ့် သောက်လိုက်တဲ့ အရက်ပမာဏ များလွန်းရင်တော့ ဒီထက်ပိုပြီး အချိန်ကြာကြာ နို့ထဲမှာ အရက်ပါနိုင်ပါတယ်။ ဥပမာဆိုရရင် one drink ပမာဏ သောက်ပြီးရင် နှစ်နာရီကနေ သုံးနာရီအတွင်းလောက်ပဲ မိခင်နို့ထဲ အရက်ပါနိုင်ပေမယ့် two drinks ပမာဏ one drink ရဲ့နှစ်ဆသောက်မိရင်တော့ သောက်ပြီးလေးငါးနာရီအထိ အရက်ဟာ မိခင်နို့ထဲပါနိုင်ပါတယ်။ one drink ရဲ့ သုံးဆသောက်မိတာဆိုရင်တော့ ခြောက်နာရီကနေရှစ်နာရီလောက်ထိကို ကလေးကိုနို့ပြန်တိုက်ဖို့ မသင့်တော်သေးပါဘူး။

အရက်ဟာ နို့စို့ကလေးငယ်အပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲ

အထက်မှာဆိုခဲ့သလိုပါပဲ။ one drink လောက်ပဲ မိခင်ကသောက်တာ၊ သောက်ပြီးနှစ်နာရီအတွင်းမှာလဲ မိခင်နို့မတိုက်ဘူးဆိုရင်တော့ ယေဘူယျအားဖြင့် ကလေးကို အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ဒီထက်ပိုပြီးသောက်ခဲ့မယ်ဆိုရင်တော့ နို့ထွက်နှုန်းကို နည်းစေတဲ့အပြင် ကလေးရဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပြီး ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အကြံပေးရရင် မိခင်တွေအနေနဲ့ တတ်နိုင်သရွေ့ အရက်သေစာရှောင်ပါ။ မတော်တဆ သောက်မိရင်တောင် one drink ပမာဏထက်မပိုပါစေနဲ့။ နောက်ဆုံးသောက်တဲ့ အချိန်ကိုမှတ်ထားပါ။ သောက်ပြီး နှစ်နာရီနေမှ မိခင်နို့တိုက်ပါ။ ဒီကြားထဲ မဖြစ်မနေ နို့တိုက်ရမယ် ဒါမှမဟုတ် ကလေးကဆာတဲ့ လက္ခဏာရှိရင် မိခင်နို့ကို ကြိုညှစ်ပြီး တိုက်နိုင်သလို၊ နို့ဘူးလဲတိုက်လို့ရပါတယ်။ ဖြည့်စွက်စာစားနေတဲ့ အရွယ်ရောက်ပြီဆိုရင်တော့ ဖြည့်စွက်စာကျွေးလို့လဲ ရပါတယ်။ မိခင်အပြင် ကလေးကူကြည့်ပေးမယ့် သူတစ်ယောက်ကြိုတင် စီစဉ်ထားပါ။

အရက်သောက်ပြီး နို့ကိုညှစ်ထုတ်လိုက်ရင် အရက်တွေပါသွားပြီး အန္တရာယ်ကင်းတဲ့ မိခင်နို့ဖြစ်ပါသလား

အဖြေကတော့ နိုးပါ။ မိခင်နို့ထဲမှာပါတဲ့ အရက်ပမာဏဟာ မိခင်ရဲ့ သွေးထဲမှာပါတဲ့ အရက်ပမာဏနဲ့ အတူတူပါပဲ။ နို့ကိုညှစ်ထုတ်လိုက်လို့ နို့ထဲမှာပါတဲ့ အရက်ပမာဏ မြန်မြန်ကုန်မသွားပါဘူး။ အချိန်ကြာလာတာနဲ့အမျှ မိခင်ရဲ့ သွေးထဲက အရက်ပါဝင်မှုနှုန်း နည်းလာပြီး နို့ထဲကအရက်ပါဝင်မှုနှုန်းပါ နည်းလာမှာပါ။ နို့တွေကို ညှစ်ထုတ်လိုက်ခြင်းဟာ အရက်သောက်ထားတဲ့ တချို့မိခင်တွေကို စိတ်ပိုင်းဆိုင်ရာ သက်သာစေရုံကလွဲလို့ လက်တွေ့မှာအလုပ်မဖြစ်ပါဘူး။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Seinn Moe Satt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/10/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။