backup og meta

ကလေးတွေရဲ့ လအလိုက်မျက်စိဖွံ့ဖြိုးမှုအဆင့်ဆင့်


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေရဲ့ လအလိုက်မျက်စိဖွံ့ဖြိုးမှုအဆင့်ဆင့်

    ကလေးတွေဟာ လမ်းစမလျှောက်တတ်ခင်စကားမပြောတတ်ခင်ကတည်းက အမြင်အာရုံနဲ့ပတ်သက်ပြီး စတင်သင်ယူခဲ့ရတာဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ဘဝသက်တမ်းတစ်လျှောက်မှာလိုအပ်တဲ့ အမြင်အာရုံစွမ်းရည်ကို မွေးကတည်းကရရှိလာခဲ့တာမဟုတ်ပါဘူး။ ကလေးတွေအနေနဲ့ သူတို့ ပတ်ဝန်းကျင်က အခြေအနေတွေကို သိနားလည်ပြီး ပတ်ဝန်းကျင်အခြေအနေပေါ်ကိုလိုက်လျောညီထွေ တုံ့ပြန် နိုင်ဖို့အတွက် သူတို့အမြင်အာရုံကနေတဆင့်ရရှိလာတဲ့သတင်းအချက်အလက်တွေကို ဦးနှောက်ကိုပေးပို့ပြီး ဘယ်လိုအသုံးချရမလဲဆိုတာကို သင်ယူဖို့လိုအပ်ပါတယ်။

    မွေးဖွားလာတဲ့အချိန်ကနေစပြီး ကလေးတွေဟာ သူတို့ရဲ့မျက်လုံးလေးတွေနဲ့ ကမ္ဘာတလွှားကအရာတွေကို စူးစမ်းလေ့လာနေကြတာဖြစ်ပြီး သူတို့လေးတွေက လက်တွေနဲ့ပစ္စည်းတွေကိုဆွဲတာ၊လေးဘက်ထောက်သွားတာနဲ့ ထိုင်တာတွေမလုပ်ခင်မှာ သူတို့လေးတွေရဲ့မျက်လုံးအမြင်အာရုံကသူတို့ကြီးထွားသန်စွမ်းဖို့အတွက်အရေးပါတဲ့ အချက်အလက်တွေနဲ့လှုံ့ဆော်မှုတွေကိုလုပ်ဆောင်ဖို့ ထောက်ပံ့ပေးမှုတွေကိုလုပ်ဆောင်ပါတယ်။

    ကျန်းမာသန်စွမ်းတဲ့မျက်စိတွေနဲ့ကောင်းမွန်တဲ့အမြင်အာရုံတွေက မွေးကင်းစအရွယ်နဲ့ကလေးတွေရဲ့ သင်ယူမှုအပိုင်းမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ကလေးတွေမှာ မျက်စိနဲ့အမြင် အာရုံချို့ယွင်းတာမျိုးဖြစ်ပေါ်ပါက ကြီးထွားဖွံ့ဖြိုးမှုကိုနှောင့်နှေးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ ကြီးထွားသန်စွမ်းပြီးသင်ယူနိုင်ဖို့လိုအပ်တဲ့ အမြင်အာရုံစွမ်းရည်တွေကို ဖွံဖြိုးတိုးတက်စေဖို့အတွက် ကလေးတွေရဲ့အမြင်အာရုံဆိုင်ရာ ချို့ယွင်းမှုတွေကိုစောစောသတိပြုနိုင်ဖို့ကအရေးကြီးလှပါတယ်။

    မိဘတွေအနေနဲ့ ကလေးတွေရဲ့မျက်စိနဲ့အမြင်အာရုံကောင်းမွန်စွာဖွံ့ဖြိုးလာစေဖို့အတွက် ကလေးတွေမှာ မျက်စိ၊အမြင်အာရုံနဲ့ပတ်သက်ပြီးပြဿနာရှိတဲ့လက္ခဏာရပ်တွေပေါ်နေသလား ဆိုတာကိုစောင့်ကြည့်သင့် သလို အသက် ၆လအရွယ်မှာကတည်းက မျက်စိအထူးကုတွေနဲ့ကလေးရဲ့အမြင်အာရုံပိုင်းကို စစ်ဆေးသင့်ပါ တယ်။ မိဘတွေအနေနဲ့ အသက်အရွယ်နဲ့အလိုက် ကလေးတွေကိုအမြင်အာရုံဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်ပေးခြင်းအားဖြင့် ကလေးတွေရဲ့အမြင်အာရုံသန်စွမ်းလာအောင်အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

    ကလေးတွေရဲ့ အမြင်အာရုံဖွံဖြိုးမှုအဆင့်ဆင့်

    မွေးဖွားစအရွယ်မှာကလေးတွေရဲ့အမြင်အာရုံစနစ်က အပြည့်အဝမဖွံ့ဖြိုးသေးသလို အသက်အရွယ် အတန်အသင့်ရှိနေပြီဖြစ်တဲ့ကလေးတွေနဲ့အရွယ်ရောက်ပြီးသူတွေမြင်နိုင်တဲ့အချို့အရာတွေကို မမြင်နိုင်ကြသေးပါဘူး။ မွေးပြီးလအနည်းငယ်အကြာမှာတော့ သိသာတဲ့ဖွံ့ဖြိုးမှုတွေစတင်ဖြစ်ပေါ်လာပြီဖြစ်ပါတယ်။

    မွေးကင်းစကနေ ၄ လသားအရွယ်

    မွေးကင်းစအရွယ်ကနေ ၄ လသားအရွယ်မှာ ကလေးတွေက အလင်းအားများလွန်းတဲ့အရာတွေကိုသာ စိုက်ကြည့်တတ်ပြီး သူတို့ရဲ့မျက်လုံးလေးတွေကို အရိပ်တစ်ခုဆီကနေတစ်ခုဆီကို အလွယ်တကူရွှေ့ပြောင်းနိုင်တဲ့ စွမ်းရည်မဖွံ့ဖြိုးသေးပါဘူး။ ပုံမှန်အားဖြင့် သူတို့ရဲ့မျက်နှာ ဒါမှမဟုတ် မိဘရဲ့မျက်နှာဆီကနေ ၈ လက်မကနေ ၁၀ လက်မအကွာမှာရှိတဲ့အရာတွေကိုသာ အဓိကအာရုံစိုက်ပြီးကြည့်ရှု့နိုင်တာဖြစ်ပါတယ်။

    တစ်လသားအရွယ်မှာ ကလေးရဲ့မျက်လုံးနဲ့အမြင်အာရုံက လျင်လျင်မြန်မြန်နဲ့စတင်ဖွံ့ဖြိုးလာပြီဖြစ်ပြီး ရွှေ့လျားနေတဲ့ အရာဝတ္ထုတွေကို စတင်လိုက်ကြည့်လာနိုင်ပြီဖြစ်ပါတယ်။

    ၂လသားအရွယ်မှာ အနီးဝန်းကျင်မှာရှိတဲ့ မိဘမျက်နှာနဲ့အခြားသူတွေရဲ့ မျက်နှာတွေကိုအလွယ်တကူစိုက်ကြည့်တတ်လာပြီဖြစ်ပါတယ်။

    အသက် ၃လသားအရွယ်မှာတော့ အနီးဝန်းကျင်က ရွှေ့လျားနေတဲ့အရာတွေကို စတင်ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ ဒီလိုအရွယ်မှာမိဘတွေအနေနဲ့ ကလေးရဲ့အမြင်အာရုံနဲ့မျက်စိကျန်းမာသန်စွမ်းကောင်းမွန်စေဖို့ ကလေးရဲ့အိပ်ခန်းထဲမှာ ညမီးထွန်းပေးတာ မျိုးလုပ်ဆောင်သင့်ပါတယ်။

    ကလေးရဲ့ပုခက်ကို မကြာခဏပုံစံပြောင်းပေးသင့်သလို ကလေးရဲ့အနေအထားကို ပြောင်းပေးတာမျိုးနဲ့ ကလေးအာရုံစိုက်နိုင်တဲ့အကွာအဝေးလောက်မှာ အရုပ်လေးတွေချိတ်ဆွဲပေးထားတာမျိုး၊ ကလေးနဲ့စကားပြောပေးပြီး အခန်းတဝိုက်ကိုလမ်းပတ်လျှောက်ပေးတာမျိုးတွေလုပ်ဆောင်ပေးပြီး ကလေးရဲ့ အမြင်အာရုံနဲ့ မျက်စိကျန်းမာသန်စွမ်းအောင်လုပ်ဆောင်နိုင်ပါတယ်။

    အသက် ၅ လကနေ ၈ လသားအရွယ်

    အသက် ၅ လကနေ ၈လအရွယ်မှာ ကလေးရဲ့မျက်လုံးလှုပ်ရှားမှုနဲ့ ကိုယ်ခန္ဓာဟန်ချက်ညီအောင် ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်က ဆက်လက်တိုးတက်လာနေပါတယ်။ အသက် ၅ လလောက်မရခင်အရွယ်ကတည်းက ကလေးတွေဟာ အရာတစ်ခုတည်းမကကို ကြည့်ရှုနိုင်နေပြီဖြစ်ပါတယ်။

    ကလေးတွေက အရွယ်ရောက်နေတဲ့ ကလေးတွေလောက် အရောင်တွေကို မခွဲခြားနိုင်ဘူးဆိုပေမယ့်လည်း အသက် ၅ လ အရွယ်မှာအရောင်တွေကိုသေသေချာချာမြင်တတ်ပြီလို့ယူဆကြပါတယ်။ ကလေးတွေက အသက် ၈ လအရွယ်မှာ လေးဘက်စသွားပြီး မျက်လုံး၊ လက်၊ ခြေထောက်နဲ့ ကိုယ်ခန္ဓာတို့ရဲ့ဟန်ချက်ညီအောင်ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် အထောက်အကူပေးပါတယ်။

    ဒီအရွယ်မှာ ကလေးကို ကစားချိန်များများပေးပြီး ကြမ်းပြင်ကို ထိတွေ့စူးစမ်းခွင့် များများပေးတာမျိုး၊ လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်တဲ့ ပလပ်စတစ် ဒါမှမဟုတ် သစ်သားတုံးလေးတွေနဲ့ ပေးကစားတာမျိုး၊ ကလေးအနားမှာ စကားကို ပီပီသသရှင်းရှင်းလင်းလင်းပြောဆိုရင်း ကလေးရဲ့လက်လေးတွေကိုအလိုက်သင့်လှုပ်ရှားပေးတာမျိုး တွေကိုလုပ်ဆောင်ပေးခြင်းဖြင့် ကလေးရဲ့အမြင်အာရုံကို သန်စွမ်းလာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

    အသက် ၉ လကနေ ၁၂ လသားအရွယ်

    ၉ လကနေ ၁၁ သားအရွယ်မှာ ကလေးက အနီးနားကပစ္စည်းတွေကိုအားပြုပြီး မတ်တတ်ရပ်ဖို့ကြိုးစားလာပါပြီ။ အသက် ၁၂ လအရွယ်မှာ ကလေးတွေက လေးဘက်သွားနေဆဲဖြစ်ပေမယ့်လည်း လမ်းလျှောက်နိုင်ဖို့ကြိုးစားကြပြီဖြစ်ပါတယ်။

    မိဘတွေအနေနဲ့ကလေးကိုလမ်းလျှောက်ဖို့မတိုက်တွန်းဘဲနဲ့ လေးဘက်သွားခိုင်းတာက ကလေးရဲ့ မျက်လုံးနဲ့လက်ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်မှုကို အထောက် အကူပြုနိုင်ပါတယ်။၁၂ လသားအရွယ်မှာကလေးက အကွာအဝေးတွေကိုကောင်းကောင်းမှန်းတတ်ပြီဖြစ်ပြီး အရာဝတ္ထုတွေကို တိတိကျကျပစ်နိုင်ပြီဖြစ်ပါတယ်။

    ကလေးအသက် ၉ လကနေ ၁၂ လအရွယ်မှာ မိဘတွေအနေနဲ့ ကလေးနဲ့ တူဝါးကစားပေးတာ၊ အရုပ်တွေနဲ့ကစားပေးတာတွေက ကလေးရဲ့အမြင်အာရုံဆိုင်ရာ မှတ်ဉာဏ်ကို ဖွံ့ဖြိုးအောင် အထောက်အပံ့ ပေးပါတယ်။ ကလေးတွေကိုစကားလုံးတွေတွဲစပ်ပုံနဲ့ စကားလုံးစွမ်းရည်တွေတိုးတက်လာစေဖို့အတွက် ပစ္စည်းလေးတွေရဲ့အမည်တွေကိုပြောပြပေးပါ။ လေးဘက်သွားတာကိုအားပေးခြင်းဖြင့်မိဘတွေအနေနဲ့ ကလေးတွေရဲ့အမြင်အာရုံကို တိုးတက်လာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

    အသက် ၁ နှစ်ကနေ ၂ နှစ်ကြားအရွယ်

    တစ်နှစ်သားကနေ နှစ်နှစ်သားအရွယ်မှာ ကလေးရဲ့မျက်လုံးနဲ့လက်ဟန်ချက်ညီလှုပ်ရှားမှုက ကောင်းကောင်းဖွံ့ဖြိုး လာပြီဖြစ်ပါတယ်။ ဒီအရွယ်မှာကလေးတွေရဲ့ ပတ်ဝန်းကျင်ကိုစူးစမ်းနိုင်စွမ်းနဲ့စိတ်ဝင်မှုနှုန်းကအမြင့်ဆုံးမှာ ရောက်ရှိလို့နေပါတယ်။ ဒီအရွယ်မှာကလေးတွေဟာ ရင်းနှီးကျွမ်းတဝင်ရှိတဲ့ ပစ္စည်းတွေ၊ စာအုပ်ထဲကရုပ်ပုံတွေ ကို ခွဲခြားနိုင်ပြီဖြစ်သလို ရောင်စုံခဲတံတွေ၊ ခဲတံတွေနဲ့ ရေးခြစ်နိုင်ပြီဖြစ်ပါတယ်။

    ကလေး တစ်နှစ်ကနေ နှစ်နှစ်သားအရွယ်မှာ မိဘတွေအနေနဲ့ ကလေးရဲ့အမြင်အာရုံကိုကောင်းမွန်စေဖို့ ဘောလုံးလေးကိုလှိမ့်ပြီးကစားပေးတာမျိုး၊ ကလေးရဲ့ motor skills နဲ့အသေးစားကြွက်သားဖွံ့ဖြိုးမှုတွေ ကောင်းမွန်စေဖို့အတွက် သစ်တုံးလေးတွေနဲ့တည်ဆောက်ပြီးကစားတာနဲ့ ဘောလုံးအရွယ်အစားပုံစံအမျိုးမျိုးနဲ့ ကစားပေးတာမျိုး၊ ကလေးရဲ့ အမြင်အာရုံစွမ်းရည်ကိုလှုံ့ဆော်ပေးဖို့နဲ့ သင်ယူမှုနဲ့စာဖတ်စွမ်းရည်တွေကို တိုးတက်စေဖို့ ပုံပြင်တွေဖတ်ပြပြောပြပြီးတော့လည်း ကလေးရဲ့အမြင်အာရုံကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ပါ တယ်။

    မျက်လုံးနဲ့အမြင်အာရုံဆိုင်ရာ ချို့ယွင်းမှုလက္ခဏာရပ်များ

    ကလေးတွေမှာ မျက်လုံးနဲ့အမြင်အာရုံဆိုင်ရာ ချို့ယွင်းမှုတွေခံစားရတာမျိုးက ဖြစ်ခဲတယ်ဆိုပေမယ့် တစ်ခါတလေမှာ ကလေးမှာ မျက်လုံးကျန်းမာရေးနဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်ခံစားလာရ တတ်ပါတယ်။ မိဘတွေအနေနဲ့အောက်ပါအချက်တွေကိုသတိထားစောင့်ကြည့်ကာကွယ်ပေးသင့်ပါတယ်။

    • မျက်ရည်ပြွန်ကို ပိတ်ဆို့နေတာမျိုးကြောင့် မျက်ရည်အလွန်အကျွံကျတာမျိုး
    • မျက်လုံးပိုးဝင်ကူးစက်မှုကြောင့် မျက်ခွံတွေနီပြီးရောင်ရမ်းတာမျိုး
    • မျက်လုံးကြွက်သားတွေထိန်းချုပ်ရာမှာ ပြဿနာရှိနေတဲ့လက္ခဏာရပ်တစ်မျိုးဖြစ်တဲ့ Constant eye turning ဖြစ်နေတာ
    • မျက်လုံးပေါ်မှာဖိအားများနေတယ်ဆိုတာကိုဖော်ပြနေတဲ့လက္ခဏာတစ်မျိုးဖြစ်တဲ့အလင်းဒဏ်ကိုမခံနိုင်ဖြစ်နေခြင်း
    • မျက်လုံးကင်ဆာရောဂါလက္ခဏာတစ်မျိုးဖြစ်တဲ့ Appearance of a white pupil ဖြစ်နေတာမျိုးတွေ ကလေးမှာခံစားနေရသလား ဆိုတာကိုလေ့လာသင့်ပါတယ်။

    ကလေးကိုအမြင်အာရုံကောင်းမွန်စွာနဲ့ ကြီးပြင်းလာနိုင်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေပြည့်ဝစွာ ကျွေးမွေးစောင့်ရှောက်သင့်သလို အခါမလပ်စောင့်ကြည့်ပြီးစောင့်ရှောက်မှုတွေပေးသင့်ပါတယ်။ ကလေးနေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ မျက်လုံးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ DHA နဲ့ အခြားလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်အောင်ကျွေးမွေးဖို့ကိုလည်းမေ့ထားလို့မရပါဘူး။ ဒါကြောင့် ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက ကျန်းမာတဲ့ ကလေးတွေဖြစ်အောင် ဂရုစိုက်ပြုစုပျိုးထောင်နိုင်ကြပါစေကြောင်း။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement