ကလေး သေးခံ၊ အနှီးကို ကြည့်ပြီး သင့်ကလေး ကျန်းမာရေး ကောင်းတယ် မကောင်းဘူးဆိုတာကို ခန့်မှန်းလို့ရတာ သင်သိပါသလား။ ။ ဝမ်းအရောင် ၊ ဝမ်း အပျော့အမာ စတာတွေကို ကြည့်ပြီး ကလေးရဲ့ ကျန်းမာရေးကို ခန့်မှန်းလို့ရပါတယ်။ ဘယ်လိုလဲဆိုတာ ဆက်ကြည့်ရအောင်။ ။
- ကလေးဝမ်းက အရည်တွေပဲသွားနေပြီး အစိမ်းရောင်၊ အဝါရောင်၊ အညိုရောင်တွေဖြစ်နေမယ်ဆို အူလမ်းကြောင်းကို ပိုးဝင်တာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီ အမြန်ဆုံးသွားပြဖိုလိုပါတယ်။ ပေါ့ပေါဆဆ နေလိုက်မိတယ်ဆိုရင် ဝမ်းအသွားများပြီး ကလေးမှာ ရေဓာတ်ခမ်းခြောက်တာတွေ ဖြစ်သွားနိုင်လို့ပါ။
- ကျောက်စရစ်ခဲလိုမျိုး ဝမ်းမာမာလေးတွေ တစ်လုံးချင်း သင့်ကလေးသွားနေပြီဆိုရင် ဒါ ဝမ်းချုပ်တာဖြစ်နေနိုင်ပါတယ်။ ဖြည့်စွက်စာ စစားတဲ့အချိန်မှာ အသီးအရွက်သိပ်မစားတဲ့ ကလေးတွေဆို ဝမ်းချုပ်တတ်ကြပါတယ်၊ ဝမ်းချုပ်တာများသွားရင်လည်း စအိုကွဲတာ၊ လိပ်ခေါင်းထွက်လာတာမျိုးတွေ ဆက်ဖြစ်နိုင်တဲ့အတွက် ကလေးဝမ်းမချုပ်အောင် အမျှင်ဓာတ်များများ ကျွေးစေချင်ပါတယ်။ အသီးအရွက်တွေကျွေးတာတောင် ကလေးက ဆက်ဝမ်းချုပ်နေတုန်းဆိုရင် ကလေးဆရာဝန်ဆီသွားပြီးမှ ကလေးသောက်သင့်တဲ့ ဝမ်းနှုတ်ဆေးကို တိုက်ပါ။
- ကလေးဝမ်းထဲသွေးပါနေပြီဆိုရင် ကလေးကဝမ်းချုပ်တတ်တဲ့သူဆို လိပ်ခေါင်းကို အရင်စဉ်းစားပါ။ ဝမ်းကလည်း လျှောတယ်၊ ဝမ်းထဲသွေးလည်းပါတယ်ဆိုရင် ဝမ်းကိုက်ပိုးကြောင့်ဖြစ်နိုင်ပါတယ်။ ကလေးဝမ်းကပုံမှန်ပဲ။ ဒါပေမယ့် သွေးရောင်လိုမျိုး နီနီလေးတွေ ပါနေတယ်ဆိုရင် နို့နဲ့ ဓာတ်မတည့်တာ၊ စားလိုက်တဲ့ အစားအစာတွေထဲမှာ အနီရောင်အစားအစာတွေ ပါသွားလို့ ဖြစ်နိုင်ပါတယ်။ ဒါတွေသေချာသိဖို့ ကလေးဆရာဝန်တွေကသာ အကောင်းဆုံး အကြံဉာဏ်ကို ပေးနိုင်မှာပါ။ ။
ကဲ ဒီလောက်ဆို ကိုယ့်ကလေးဝမ်းအရောင်နဲ့ ပက်သက်ပြီး ဘယ်ဟာကတော့ ပုံမှန် ၊ ဘယ်ဟာကတော့ စိုးရိမ်ရလဲဆိုတာ မေမေတို့ သိသွားလောက်ပြီလို့ထင်ပါတယ်။ ။
ရေးသားသူ− Dr Thin Yadanar @ Frances