backup og meta

လက်တို့စ်မချေဖျက်နိုင်ခြင်း (Lactose Intolerance) ၏ လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်တို့စ်မချေဖျက်နိုင်ခြင်း (Lactose Intolerance) ၏ လက္ခဏာများ

    လက်တို့စ် ဆိုတာ နို့တိုက်တိရစ္ဆာန်တွေဆီက ထွက်လာတဲ့ နို့ထဲမှာ သဘာဝအလျောက်ပါဝင်တဲ့ သကြားဓာတ် ဖြစ်ပါတယ်။ အဆိုပါ သကြားဓာတ်ကို လက်တေ့စ်လို့ခေါ်တဲ့ အင်ဇိုင်းကနေ ချေဖျက်ပါတယ်။ အဆိုပါအင်ဇိုင်းချို့တဲ့ရင် လက်တို့စ်ကို မချေဖျက်နိုင်တော့တဲ့အခါ အစာအိမ်အူလမ်းကြောင်းကနေ ကောင်းစွာစုပ်ယူနိုင်ခြင်း မရှိတော့တဲ့အတွက် ဝမ်းပျက်ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။

    ပုံမှန်အားဖြင့် လူသားတွေဆီမှာ လက်တို့စ်ကို ချေဖျက်နိုင်ဖို့ လက်တော့စ်အင်ဇိုင်းပါဝင်ပါတယ်။ အဆိုပါ အင်ဇိုင်းချို့တဲ့သူတွေကတော့ လက်တို့စ်မချေဖျက်နိုင်လို့ ဖြစ်ပေါ်လာရတဲ့ ဝေဒနာတွေကို ခံစားရတတ်ပါတယ်။

    လက်တို့စ်မချေဖျက်နိုင်ခြင်း (Lactose Intolerance) ၏ လက္ခဏာများ

    ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ လက်တို့စ် မချေဖျက်နိုင်ခြင်းကြောင့် တွေ့ရတတ်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

    ၁။ အစာအိမ်အောင့်ခြင်း

    လက်တို့စ်ကို မချေဖျက်နိုင်တဲ့အခါ လက်တို့စ်ဟာ အူလမ်းကြောင်းတစ်လျှောက်ဖြတ်သွားပြီး အူမကြီးထိ ရောက်သွားပါတယ်။ အူမကြီးရောက်တဲ့အထိ လက်တို့စ်ကို အူလမ်းကြောင်းကနေ မစုပ်ယူနိုင်တဲ့အခါ အချဉ်ပေါက်သွားပြီး ဘက်တီးရီးယားတွေနဲ့ ဓာတ်ပြုပါတယ်။ အဆိုပါဓာတ်ပြုမှုကြောင့် ဟိုက်ဒရိုဂျင်၊ မီသိန်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် စတဲ့ဓာတ်ငွေ့တွေ ထွက်လာပါတယ်။ အဆိုပါဓာတ်ငွေ့များဟာ အစာအိမ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွလေထခြင်း စတာတွေ ဖြစ်စေပါတယ်။

    ၂။ ဝမ်းပျက်ခြင်း

    ၂၄ နာရီအတွင်း ၇ အောင်စ (၂၀၀ ဂရမ်) ထက် ပိုပြီး ဝမ်းသွားရင် ဝမ်းပျက်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ လက်တို့စ် မချေဖျက်နိုင်ခြင်းကြောင့် အူမကြီးထဲမှာ ရေပမာဏများလာပါတယ်။ အကျိုးဆက်အနေနဲ့ အရည်ဝမ်းသွားနိုင်ပါတယ်။ ဒီပြဿနာကို ကလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။

    ယေဘုယျအားဖြင့် အူမကြီးထဲမှာ ကာဘိုဟိုက်ဒရိတ် ၁.၆ အောင်စ (၄၅ ဂရမ်) ထက် ပိုမိုပါဝင်ရင် ဝမ်းပျက်တတ်ပါတယ်။ လက်တို့စ်အတွက်ဆိုရင် ဒီပမာဏဟာ နွားနို့ ၇၅၀ မီလီလီတာကနေ တလီတာထိနဲ့ ညီမျှပါတယ်။

    ၃။ လေပွလာခြင်း

    အူမကြီးထဲရောက်သွားတဲ့ လက်တို့စ်များ အချဉ်ပေါက်သွားတဲ့အခါ ဟိုက်ဒရိုဂျင်၊ မီသိန်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ ထွက်လာပါတယ်။

    အဆိုပါ ဓာတ်ငွေ့တွေ ထွက်ပေါ်လာတဲ့ပမာဏဟာ လူတစ်ဦးနဲ့ တစ်ဦး ကွာခြားပါတယ်။ အူမကြီးထဲက ဘက်တီးရီးယားပမာဏ၊ အူမကြီးကနေ ဓာတ်ငွေ့များကို ပြန်လည်စုပ်ယူနိုင်တဲ့ပမာဏ စတာတွေအပေါ် မူတည်ပါတယ်။ အဆိုပါဓာတ်ငွေ့များကြောင့် ဝမ်းဗိုက်ဟာ ဖောင်းတင်းနေတတ်ပါတယ်။ လေလည်ရင်တော့ အနံ့မထွက်တတ်ပါဘူး။ လေလည်ရင်ထွက်တဲ့အနံ့ဟာ ပရိုတိန်းကို ဖြိုခွဲရာကနေ ထွက်ပေါ်ခြင်း ဖြစ်ပါတယ်။

    ၄။ ဝမ်းချုပ်ခြင်း

    လက်တို့စ်မချေဖျက်နိုင်ခြင်းကြောင့် ဝမ်းပျက်တတ်သလို ဝမ်းချုပ်ခြင်းလည်း ဖြစ်နိုင်ပါသေးတယ်။ ရှားတော့ရှားပါတယ်။ အူမကြီးထဲမှာ လက်တို့စ်အချဉ်ပေါက်တဲ့အခါ မီသိန်းဓာတ်ငွေ့ ထွက်လာတတ်ပါတယ်။ မီသိန်းဟာ စားလိုက်တဲ့အစာတွေကို အူလမ်းကြောင်းထဲမှာ ရွေ့လျားမှု နှေးစေတာကြောင့် လူတချို့မှာ ဝမ်းချုပ်စေပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်း၊ အမျှင်ဓာတ် စားသုံးမှုနည်းပါးခြင်း စတာတွေကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။

    ၅။ အခြား လက္ခဏာများ

    လက်တို့စ်မချေဖျက်နိုင်ခြင်းကြောင့် အောက်ပါပြဿနာများလည်း ကြုံနိုင်ပါသေးတယ်။

    – ခေါင်းကိုက်ခြင်း

    – ပင်ပန်းနွမ်းနယ်ခြင်း

    – အာရုံစူးစိုက်မှုမပြုနိုင်ခြင်း

    – ကြွက်သားများ၊ အဆစ်များ ကိုက်ခဲနာကျင်ခြင်း

    – ပါးစပ်အနာဖြစ်ခြင်း

    – ဆီးသွားရခက်ခြင်း

    နှင်းခူ စတာတွေ ဖြစ်ပါတယ်။

    ဘာလုပ်သင့်သလဲ

    မိမိမှာ လက်တို့စ်မချေဖျက်နိုင်တဲ့ လက္ခဏာတွေပြနေရင် နွားနို့အပါအဝင် နို့အမျိုးမျိုးကို ရှောင်သင့်ပါတယ်။ အဲဒီအစား လက်တို့စ်မပါအောင် ထုတ်လုပ်ထားတဲ့ နွားနို့ကို သောက်သုံးနိုင်ပါတယ်။ တခါတရံမှာ နွားနို့နဲ့ ဓာတ်မတည့်ခြင်းလည်း ဖြစ်တတ်လို့ ဆရာဝန်ပြသသင့်ပါတယ်။ နို့ကိုဓာတ်မတည့်ခြင်းနဲ့ လက်တို့စ်မချေဖျက်နိုင်ခြင်း မတူပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement