ဘေဘီလေး က ၇ လလောက်ရောက်လာပြီဆိုရင် မေမေ့နို့အပြင် နို့ဘူးသောက်တာ၊ အစားစားတာတွေကို စလုပ်လာပါပြီ။ ချစ်စရာအမူအရာလေးတွေလည်းပိုလုပ်တတ်လာပါပြီ။ ဒီကာလမှာ ဘေဘီလေး က
ကိုယ်အလေးချိန် – တစ်လကို ၁ ပေါင်စီလောက်တက်လာမယ်။ သားသားလေးတွေက မီးမီးလေးတွေထက် ပေါင်ချိန် ၀.၅ လောက်ပိုများနေမှာပါ။
အရပ်အမြင့် – တစ်လကို ၀.၅ လက်မတက်လာပါမယ်။
ဦးခေါင်းအရွယ်အစား -တစ်လကို ၀.၂၅ လက်မစီ တိုးလာပါမယ်။
ဒီအရွယ်မှာ ဘေဘီလေးက ဘာတွေလုပ်တတ်ပြီလဲ…………
ဒီအသက်အပိုင်းအခြားကိုရောက်လာတဲ့ ဘေဘီလေးက ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေ ပိုများလာပြီဖြစ်သလို လုပ်ဆောင်နိုင်စွမ်းတွေကလည်း ပိုများလာပါပြီ။ ပထမဆုံးအကြိမ် လှုပ်ရှားမှုတွေစလုပ်နေပါပြီ။ ဒီအရွယ်မှာ ဘေဘီလေးက
- ပက်လက်ထားလည်း မှောက်နိုင်ပြီ။ မှောက်ရက်ထားလည်း ပက်လက်နေနိုင်ပါပြီ။
- လက်ထောက်ထားရင်း ထိုင်တတ်ပြီ
- လူကြီးလက်ကို ကိုင်ပြီး ခုန်ဆွခုန်ဆွလုပ်တတ်ပြီ
- လကတွေခြေတွေ စလွှဲနိုင်ပြီ
- လေးဖက်စသွားပြီ
- အမှီတစ်ခုခုကို ကိုင်ပြီး မတ်တတ်စရပ်ဖို့ ကြိုးစားပြီ
- လက်လှမ်းမီတဲ့နေရာက ပစ္စည်းတွေကို လှမ်းဆွဲယူတတ်ပြီ
- အရုပ်တွေနဲ့ သေသေချာချာဆော့တတ်ပြီ
- လက်နှစ်ဖက်စလုံးနဲ့ ပစ္စည်းတွေကို ဆုပ်ကိုင်တတ်ပြီ
- နို့ဘူးလေးကို သူ့ဘာသာကိုင်တတ်ပြီ
- တူဝါး ကစားတတ်ပြီ
- ရှေ့သွားလေး ၂ ချောင်းလောက်စထွက်လာပြီ
- ရေခွက်နဲ့ ရေသောက်ဖို့ စကြိုးစားပြီ
- ပစ္စည်းတွေကို ပါးစပ်ထဲကောက်ထည့်တတ်ပြီ
- တစ်နေ့ကို ၂ ကြိမ် ၃ ကြိမ်လောက်အိပ်မယ် (တစ်ခါအိပ်ရင် ၂၁ နာရီ ကနေ ၂နာရီလောက်ကြာမယ်)
- ညဘက်တွေမှာ နိုးပြီး စငိုတတ်ပြီ။
ဘေဘီလေးက ဘာတွေပြောနိုင်ပြီလဲ………..
ဘေဘီလေးက ဘယ်သူ့ကိုများ စခေါ်မလို့ စိတ်လှုပ်ရှားရတဲ့ အချိန်ပေါ့။ ဘေဘီလေးရဲ့ မပီကလာပီကလာအသံလေးကို စကြားရမယ့်အချိန်ပေါ့။
- နှစ်လုံးတွဲ စကားလုံးတွေကို စခေါ်တတ်ပြီ (မေ-မေ၊ ဖေ-ဖေ)
- အို၊ အာ စတဲ့စကားလုံးလေးတွေကို စပြောနိုင်လာပြီ
- အခြားသူတွေပြောတဲ့ အသံတွေကို လိုက်ပြောတတ်ပြီ။
ဘေဘီလေးတွေက ဘာတွေနားလည်နေပြီလဲ…………
ပတ်ဝန်းကျင်ကို သတိထားနိုင်စွမ်းပိုတိုးလာပြီ။ လူတွေကို ပိုမှတ်မိလာပြီ။ ဒီကာလအပိုင်းအခြားမှာ ဘေဘီလေးက
- သူ့နာမည်သူသိပြီ
- သူ့နာမည်မဟုတ်ရင် လှည့်မကြည့်ဘူး
- စကားလုံးတွေကို အာရုံစိုက် နားထောင်တတ်ပြီ
- အချို့စကားလုံးတွေကို နားလည်နေပြီ
- သူ့ကိုယ်သူ မှန်ထဲမှာ ကြည့်တတ်နေပြီ
- အခြားသူတွေရဲ့ စိတ်အခြေအနေကို အလိုက်သင့်တုံ့ပြန်တတ်ပြီ
- သူစိမ်းတွေကို ကြောက်ရကောင်းမှန်းသိလာပြီ
- အစားအသောက်တွေကို ကြိုက်တယ်၊ မကြိုက်ဘူး တုံ့ပြန်တတ်ပြီ
- ချောင်းဟန့်တာလိုမျိုး အာရုံစိုက်ခံရအောင် အသံတွေလုပ်တတ်ပြီ
- စာအုပ်တွေလှန် ကြည့်တတ်ပြီ
- အရုပ်တွေကို ကိုယ်တိုင်ထုတ်ဆော့တတ်ပြီ
- ပြောစကားအတိုင်း လိုက်လုပ်တတ်ပြီ။
မေမေနဲ့ဖေဖေတို့က ဘာတွေလုပ်ပေးဖို့လိုမလဲ……..
ဒီအရွယ်မှာ ဘေဘီလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးစေဖို့ မေမေဖေဖေတို့အနေနဲ့
- ညှစ်တဲ့အခါ ဒါမှမဟုတ် လှုပ်တဲ့အခါ အသံထွက်တဲ့ အရုပ်တွေပေးဆော့ပါ
- မှန်ရှေ့မှာ သူ့နာမည်လေးခေါ်ရင်း မှန်ထဲမှာ သူ့ရုပ်ပုံလေးပေါ်နေတယ်ဆိုတာကို သိအောင်ပြပေးပါ
- စကားပြောတဲ့အခါ သူ့ရဲ့ တုံ့ပြန်မှုကို စောင့်ပေးပါ
- တူဝါးဆော့ပါ
- သူက လက်ညှိုးထိုးတဲ့ အရုပ်လေးတွေ အရာဝတ္ထုလေးတွေရဲ့ အမည်ကို ပြောပြပေးပါ
- အသံတုလေးတွေလုပ်ပြပေးပါ
- မေမေလို့ ပါးစပ်ကပြောရင်း ဘေဘီလေးကို လိုက်ခေါ်ခိုင်းပါ
- နေ့တိုင်း ရုပ်ပုံပါတဲ့ စာအုပ်တွေဖတ်ပြပါ။ ပုံပြင်ဖတ်ပြပါ
- ထုလို့၊ ညှစ်လို့ရတဲ့ အရုပ်တွေနဲ့ ပေးဆော့ပါ
- အတုံးလေးတွေစီပြီး တူတူဆော့ပါ
- ရေချိုးချိန် သတ်မှတ်ပေးပါ
- အိပ်ချိန်သတ်မှတ်ပေးပါ
- ခွက်ကို ကိုင်တတ်အောင် သင်ပေးပါ။
အခုပြောပြခဲ့တာကတော့ ဘေဘီလေးရဲ့ ၇ လ ကနေ ၉ လအတွင်းမှာတွေ့ရမယ့် ကြီးထွားဖွံ့ဖြိုးမှု နဲ့ ဖေဖေမေမေတို့အနေနဲ့ လုပ်ပေးရမယ့်အချက်တွေပါ။ နောက်လတွေမှာရော ဘေဘီလေးက ဘယ်လိုများဆက်ဖွံဖြိုးဦးမှာလဲ………..
[embed-health-tool-baby-poop-tool]