backup og meta

နေမကောင်းဖြစ်လွယ်တဲ့ ကလေးကို ဘယ်လိုအာဟာရကျွေးသင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 10/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေမကောင်းဖြစ်လွယ်တဲ့ ကလေးကို ဘယ်လိုအာဟာရကျွေးသင့်လဲ

    မိဘရယ်လို့ ဖြစ်လာရင် ကိုယ့်ကလေးရဲ့ ကျန်းမာရေးကိုပဲ တွေးပူပြီး အမြဲတမ်းစောင့်ကြည့်လေ့လာနေရတတ်တာ သဘာဝပါပဲ။ ကလေးဆိုတာက လူကြီးတွေလိုမဟုတ်ဘဲ ကိုယ်ခံအားစနစ်၊ အစာခြေစနစ်ကလည်း နုသေးတယ်။ ပြီးတော့ ဟိုဟာမစား ဒီဟာမစားနဲ့ ကြေးများတတ်တော့ ပိုဆိုးတာပေါ့။ အထူးသဖြင့် ဒီလိုမျိုး အစားရွေးတတ်တဲ့ကလေးတွေက တခြားကလေးတွေထက် ပိုပြီးပိန်ညှက်တတ်တယ်၊ ဖျားနာဖို့လည်း ပိုလွယ်ပါတယ်။ ဒီတစ်ခေါက်တော့ နေမကောင်းဖြစ်လွယ်တဲ့ ကလေးကို ဘယ်လိုအာဟာရကျွေးသင့်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    သင့်ကလေးက ခဏခဏဖျားနေတတ်လား။

    ပုံမှန်ဆိုရင်တော့ ကလေးတွေက တစ်နှစ်ကို အနည်းဆုံး ၃-၄ကြိမ်ထိ ဖျားနာတတ်ပါတယ်။ လူကြီးတွေလည်း အဲ့ဒီအတိုင်းပါပဲ။ ခဏခဏဖျားပြီဆိုရင်တော့ ကလေးက ကိုယ်ခံအားနည်းနေလား၊ သူ့ကြည့်ရတာ အားမရှိသလို ပျော့ခွေနေလား၊ အစားရော ကောင်းကောင်းစားနိုင်ရဲ့လား စတာတွေကို လေ့လာဖို့လိုတဲ့အပြင် ကလေးအထူးကုဆရာဝန်နဲ့လည်း သေချာပြသပြီး စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။

    နေမကောင်းဖြစ်လွယ်တဲ့ ကလေးကို ဘယ်လိုအာဟာရကျွေးသင့်လဲ

    အမြဲတမ်းလိုလို ဖျားနေတတ်တဲ့ ကလေးတစ်ယောက်က ကိုယ်ခံအားသိပ်မရှိဘဲ ပျော့ခွေပြီး နုံးနေသလို၊ လန်းလန်းဆန်းဆန်း မဖြစ်ဘဲ လေးလံထိုင်းမှိုင်းနေသလို၊ နာလန်ထပြီးကာစ အားမရှိတဲ့အချိန်မှာပဲ နောက်တစ်ခါ ထပ်ဖျားတော့ ကလေးက ပိန်နေသလို ဖြစ်တတ်တာကြောင့် အဓိက ဒီပြဿနာအတွက် နေထိုင်စားသောက်မှုပုံစံတွေကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။

    နေမကောင်းဖြစ်လွယ်တဲ့ ကလေးကို ဘယ်လိုအာဟာရကျွေးသင့်လဲ ဆိုတော့ အဓိက ကျွေးသင့်တာကတော့

    ၁။ ချင်း

    ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။ ကိုယ်ခန္ဓာထဲ ဝင်လာတဲ့ ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အာနိသင်ရှိတယ်။ ကိုယ်တွင်းကလီစာထဲမှာ အောင်းနေတဲ့ မကောင်းတဲ့ ပိုးမွှားတွေကို ရှင်းထုတ်ပေးဖို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ထုတ်လုပ်ပေးနိုင်တယ်။

    ၂။ အစိမ်းရောင် ဟင်းသီးဟင်းရွက်

    ကိုယ်ခန္ဓာကို ကျန်းမာစေတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်မျိုးစုံ ပါဝင်တယ်။ အမျှင်ဓာတ်က အစာခြေစနစ်ကို အားကောင်းစေပြီး ဝမ်းမှန်စေတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ဓာတ်တိုးဆန့််ကျင်ပစ္စည်းတွေရဲ့ ထုတ်လုပ်နှုန်းကို မြှင့်တင်ပေးတယ်။

    ၃။ အသီးအနှံတွေ

    အသီးအနှံထဲမှာ ချဉ်တဲ့အရသာရှိတဲ့ အသီးတွေ၊ အရည်ရွှမ်းတဲ့ အသီးတွေကို အများဆုံး ကျွေးသင့်ပါတယ်။ အချဉ်ဓာတ် တစ်နည်းအားဖြင့် ဗီတာမင် စီက ကိုယ်ခံအားကောင်းစေပြီး ကလေးတွေကို ကျန်းမာစေတယ်။ ရေဓာတ်က အားမရှိတဲ့အချိန်၊ နုံးချိနေတဲ့အချိန်မှာ ကလေးကို လန်းလန်းဆန်းဆန်းဖြစ်စေတယ်။ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုနှုန်းကိုလည်း ကောင်းစေပါတယ်။

    ၄။ အသား

    အသားဆိုတာလည်း တကယ်တော့ လူတစ်ယောက်ရဲ့ တစ်နေ့တာလိုအပ်တဲ့ အစာအာဟာရအုပ်စုထဲမှာ ပါဝင်ပါတယ်။ အမြဲလိုလို ဖျားနေတတ်တဲ့ ကလေးတွေကို ကြည့်လိုက်ရင် ပိန်နေတတ်တာကြောင့် ကြွက်သားထုတွေကို တက်စေဖို့၊ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ အသားက မရှိမဖြစ်လိုအပ်ပါတယ်။ အသားထဲမှာဆိုရင် ကြက်သား၊ ငါးတွေက နာလန်ထကာစ ကလေးအတွက် အကောင်းဆုံးပါပဲ။ အကယ်လို့ အသားမကျွေးချင်ဘူးဆိုရင်လည်း ပဲအမျိုးမျိုးကို ကျွေးလို့ရပါတယ်။

    ၅။ နွားနို့

    နွားနို့မှာ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ အရိုးနဲ့ သွားကို သန်စွမ်းစေတဲ့ ကယ်လ်စီယမ်ဓာတ်နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ အစာစားချင်စိတ်ကိုလည်း ဖြစ်စေပြီး ကောင်းစွာအိပ်ပျော်နိုင်စေတယ်။ ဒါကြောင့် ကလေးကို မနက်အိပ်ရာထရင် နွားနို့တစ်ခွက်၊ ညအိပ်ချိန်ဆိုရင် နွားနို့ပူပူလေးတစ်ခွက် တိုက်ပေးသင့်ပါတယ်။

    တခြားဘာတွေ ဂရုစိုက်ဖို့လိုမလဲ။

    • ကလေးကို တစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးခိုင်းတဲ့ အကျင့်လုပ်ပေးပါ။ အိမ်သာတက်ပြီး၊ အစာမစားခင်၊ စားပြီးတိုင်း လက်ဆေးခိုင်းပါ။

      • အပြင်သွားတဲ့အချိန် လက်ဆေးစရာနေရာ မရှိတဲ့အခါမျိုးမှာ အလွယ်တကူ သန့်စင်ဖို့ လက်သန့်စင်ဆေးရည် ဆောင်ထားပေးပါ။

      • လက်မဆေးဘဲ မျက်လုံး၊ နှာခေါင်းပွတ်တာ၊ ပါးစပ်ထဲ လက်ထည့်တာ လုံးဝမလုပ်ခိုင်းပါနဲ့။

      • ဖုန်ထူ၊ လူများတဲ့ နေရာတွေ သိပ်မသွားခိုင်းပါနဲ့။ သွားမယ်ဆိုရင်လည်း နှာခေါင်းစည်းကို မှန်ကန်စွာ တပ်ဆင်ပေးပါ။

    • ကလေးအိပ်ချိန်ကို အနည်းဆုံး ၈နာရီရအောင် အိပ်ခိုင်းပါ။ ပိတ်ရက်တွေမှာ ဒီထက်အိပ်ချိန်ပိုရအောင် အိပ်ခိုင်းပါ။

    • ကိုယ်လက်လှုပ်ရှားမှု၊ လေ့ကျင့်ခန်းတစ်ခုခု လုပ်ခိုင်းပါ။ ကလေးက အပြင်ထွက်ဆော့ကစားချင်တယ်ဆိုရင်လည်း အချိန်အပိုင်းအခြားတစ်ခု သတ်မှတ်ပြီး ဆော့ခွင့်ပေးပါ။

    • အစားကို တစ်ခါတည်း အများကြီးမစားခိုင်းပါနဲ့။ ခဏခဏဖျားတတ်တဲ့ ကလေးတွေက ခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ် နည်းတတ်တာကြောင့် ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ ခွဲကျွေးဖို့လိုပါတယ်။

    • ရေများများသောက်ခိုင်းပါ။

    ဒါဆို အမြဲလိုလိုဖျားနေတတ်တဲ့ ကလေးကြောင့် ရတက်မအေးဖြစ်နေတဲ့ မေမေတွေအတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်နော်။ ကလေးရဲ့ နေထိုင်စားသောက်မှုပုံစံဟာ သူတို့တွေရဲ့ ကျန်းမာရေးကို အများကြီးသက်ရောက်မှုရှိစေတဲ့အတွက် မပေါ့ဆဘဲ သေချာလေး ဂရုစိုက်ပေးဖို့ မေမေတို့ကို ထပ်မံအကြံပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 10/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement