backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်ကလေးကို စကျွေးသင့်တဲ့အသီး (၅) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်ကလေးကို စကျွေးသင့်တဲ့အသီး (၅) မျိုး

ကလေးကို အစားစကျွေးတဲ့အချိန်( နို့ဖြတ်တဲ့အချိန်၊ ထမင်းစကျွေးတဲ့အချိန်)ဟာ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ အရမ်းအရေးပါတဲ့ကာလဖြစ်ပါတယ်။ ဒါပေမယ့် နို့စို့အရွယ်ကနေ အစားစစားချိန်မှာ ကလေးကို ဘာတွေကျွေးသင့်သလဲ၊ ဘာတွေမကျွေးသင့်ဘူးလဲဆိုတာမေမေတို့အတော်များများမှာခေါင်းစားရတဲ့ပြဿနာပါ။ အထူးသဖြင့် အသီးအနှံကျွေးတဲ့အခါပေါ့။ ဒီအတွက် မေမေတို့ စိတ်မရှုပ်ရအောင် ကလေးငယ်တွေအတွက် အာဟာရဓါတ်အပြည့်ဝဆုံးနဲ့ အသင့်တော်ဆုံး အသီး (၅) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

(၁)ထောပတ်သီး

ကလေးကို အဆီဓါတ်ပါဝင်မှုများတဲ့စားစရာတွေ မကျွေးသင့်ဘူးလို့ မိဘတော်တော်များများက ယုံကြည်တတ်ကြပါတယ်။ တကယ်တော့ အဆီဓါတ်ဟာ ဗီတာမင် A၊ C၊ D နဲ့ E တို့လို အဆီမှာပျော်ဝင်တဲ့ အာဟာရဓါတ်တွေကို စုပ်ယူပေးနိုင်တာကြောင့် ကလေးငယ်ရဲ့စားသုံးမှုအာဟာရထဲမှာမဖြစ်မနေပါဝင်သင့်တဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ကလေးရဲ့အရေပြားကျန်းမာရေးနဲ့ ဦးနှောက်လုပ်ဆောင်ချက်တွေကိုလည်း အထောက်အကူပေးနိုင်ပါတယ်။ထောပတ်သီးမှာ monounsaturated fats တွေနဲ့ ဗီတာမင် E လို အကျိုးပြုအဆီဓါတ်တွေအပြင်folate ၊ ပိုတက်စီယမ်နဲ့ဗီတာမင်ဘီအုပ်စုတွေ ကြွယ်ဝတာကြောင့် ကလေးတွေအတွက် အကောင်းဆုံးအသီးတစ်မျိုးဖြစ်ပါတယ်။

ကြိတ်ချေလိုက်ရင် နုညက်တဲ့အနှစ်၊ ဆိမ့်တဲ့အရသာကြောင့်လည်း အစားစားတတ်ခါစ ကလေးငယ်တွေက ထောပတ်သီးကို လက်ခံလွယ်ကြပါတယ်။ စားရတာအရသာပိုရှိစေဖို့ တခြားအသီးတွေနဲ့ရောတာမျိုး၊ ကလေးအကြိုက် အရသာသစ်ဖန်တီးတာမျိုးလုပ်ကျွေးလို့ရပါတယ်။

(၂) ငှက်ပျောသီး

ငှက်ပျောသီးကို အာဟာရပြည့်ပြီးအရသာရှိတဲ့အသီးတစ်မျိုးဖြစ်တဲ့အပြင် နို့ဖြတ်ခါစ ကလေးငယ်လေးတွေအတွက် အသင့်တော်ဆုံးအဖြစ် ရွေးချယ်ကြပါတယ်။ အစာကြေညက်လွယ်တဲ့အမျှင်ဓါတ်၊ ဗီတာမင်ဘီအုပ်စုနဲ့ အကျိုးပြုကာဗိုဟိုက်ဒရိတ်တွေကြွယ်ဝလို့ ကလေးကိုလေပွခြင်း၊ မအီမသာဖြစ်ခြင်းတွေ မဖြစ်စေဘဲ ခွန်အားပြည့်စေပါတယ်။ ကလေးဝမ်းချုပ်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့အတွက်လည်း ငှက်ပျောသီးက ကြိုတင်ကာကွယ်ပေးနိုင်၊ ကုသပေးနိုင်ပါတယ်။

(၃) ပန်းသီး

ကျန်းမာရေးအကျိုးကျေးဇူးများလှတဲ့ပန်းသီးက တခြားအစားအစာတွေမစားခင်မှာ အစာခြေစနစ်ကိုလှုံ့ဆော်ပေးနိုင်ပါတယ်။ရေဓါတ်ပါဝင်မှုမများပေမယ့် အမျှင်ဓါတ်ကကြွယ်ဝပါတယ်။ ပန်းသီးမှာပါတဲ့အာဟာရဓါတ်တွေကြောင့် ဆီးချိုသွေးချိုဖြစ်နိုင်ခြေကိုလျော့နည်းစေတယ်၊ ကိုလက်စထရောပမာဏကိုလျော့ကျစေတယ်၊ မျက်စိအတွင်းတိမ်မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် ကင်ဆာဖြစ်စေနိုင်တဲ့free radicalsတွေရဲ့ဆိုးကျိုးသက်ရောက်မှုတွေကနေကာကွယ်ပေးနိုင်တဲ့အတွက် ကလေးကို စကျွေးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

(၄) စပျစ်သီး

စပျစ်သီးလေးတွေကလည်း ပန်းသီးလိုပဲ အစာခြေစနစ်အတွက် အထောက်အကူပေးတဲ့အပြင်ရေဓါတ်နဲ့အမျှင်ဓါတ်ပါဝင်မှုမြင့်မားလို့ ကလေးကိုဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ ပိုတက်စီယမ်ပါဝင်မှုကြောင့်သွေးတိုးမဖြစ်အောင်ကာကွယ်နိုင်ပြီး ဓါတ်မတည့်မှုအန္တရာယ်ကိုလည်းလျော့နည်းစေပါတယ်။ polyphenols လို့ခေါ်တဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြောင့် အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့အူမကြီးကင်ဆာတို့ဖြစ်နိုင်ခြေကိုနည်းပါးစေပါတယ်။

(၅) ဘယ်ရီသီးများ

စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ချယ်ရီ၊ ဘလက်ဘယ်ရီအပါအဝင် ဘယ်ရီသီးနွယ်ဝင်တွေက ကလေးအတွက်ရော၊ လူကြီးအတွက်ပါ သင့်တော်ပါတယ်။ အရောင်ရင့်လေ အာဟာရဓါတ်ကြွယ်ဝလေဖြစ်တဲ့ ဘယ်ရီသီးတွေက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပြည့်ဝပါတယ်။ ဘယ်ရီသီးတွေက ဦးနှောက်လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးပြီး မှတ်ဉာဏ်ပိုကောင်းစေတယ်လို့ သုတေသနတွေကဖော်ပြကြပါတယ်။ ဒါ့ကြောင့် ကလေးလေးတွေကို သရေစာအဖြစ်နဲ့ ဘယ်ရီသီးတွေကျွေးတာ၊ ကြိတ်ပြီးဖျော်ရည်လုပ်ပေးတာ ဒါမှမဟုတ် အပေါ်မှာဖော်ပြခဲ့တဲ့တခြားအသီးတွေနဲ့ရောကျွေးနိုင်ပါတယ်။

ဘယ်ရီသီးတွေမှာ DHA အပါအဝင် Omega-3 fatty acidsတွေလည်းကြွယ်ဝတဲ့အတွက် ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ အထောက်အကူပိုဖြစ်စေမှာပါ။ DHA (docosahexaenoic acid) ဆိုတာomega-3 fatty acid တစ်မျိုးဖြစ်ပြီး အမြင်အာရုံနဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ အရိုးကျန်းမာရေးအတွက် ကယ်လ်စီယမ်လိုအပ်သလို ဦးနှောက်အတွက် DHA လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement