ကလေးဆိုတာကြောက်တတ်တယ် ဆိုပြီး စကြနောက်ကြတာလည်း လူကြီးတွေပါပဲ။ပြောလို့မနိုင်ရင် ကလေးတွေငြိမ်သွားအောင် ဟိုခြောက်ဒီခြောက်နဲ့ခြောက်လှန့်ကြတယ်။ဒေဝေါဆိုတာ ဘာကြီးမှန်းလည်းမသိဘဲ ကလေးတွေကကြောက်ကြတာပဲ။ မအိပ်ရင်တောင် ကြောင်ကြီးကိုက်လိမ့်မယ်ဆိုပဲ။ ဥပမာ ပိုးဟပ်ကြောက်တာ၊ပင့်ကူကြောက်တာဆိုလည်း ချစ်စရာ၊ရယ်စရာအဖြစ်သဘောထားတတ်ကြတယ်၊ ချစ်လို့စတတ်ကြတယ်။
ဒါတွေကို လုပ်သင့်ရဲ့လား။ ငယ်ငယ်လေးတည်းက ကလေးရဲ့စိတ်မှာအကြောက်တရားသွင်းပေးခဲ့တာ မိဘကိုယ်တိုင်ဖြစ်နေရင် ဒီကလေး နောက်ပိုင်းကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ရပ်တည်နိုင်ဖို့ ပင်ပန်းရပါလိမ့်မယ်။ ရုပ်ရှင်တွေမှာ တွေ့ရတတ်တဲ့ အနောက်တိုင်းဓလေ့ကို ကြည့်ပါဦး(သရဲကားမဟုတ်)။ ကလေးတွေကို ငယ်တည်းက သီးသန့်အခန်းနဲ့နေစေတာနော်။ ကိုယ်တိုင်ဖြေရှင်းတတ်ဖို့၊ ကိုယ်တိုင်ရပ်တည်တတ်ဖို့၊ အရာရာမှီခိုမနေဖို့ အကျင့်လေးသွင်းပေးတာပါ။ကြောက်တတ်တဲ့စိတ်ကိုဖြစ်တည်မလာအောင် ကျင့်ပေးတာပါ။ မဟုတ်ရင် အမေနဲ့အဖေအလယ်မှာအိပ်တာတောင် အခန်းထောင့်ကိုကြည့်ပြီးကြောက်နေဦးမှာ။
ဒီမှာတော့နွေးထွေးတဲ့မိသားစုမေတ္တာပေးတတ်တဲ့ယဉ်ကျေးမှုကြောင့်ဖေဖေမေမေတို့က ရင်နဲ့မကွာစောင့်ရှောက်ကြပါတယ်။ ဒါပေမယ့်ခုနပြောသလိုခြောက်လှန့်ပြီးမှ မိဘကိုအားကိုးလာ၊ပြောစကားနားထောင်လာအောင် လုပ်တဲ့နည်းကတော့ အကျိုးဆက်ရှိနိုင်ပါတယ်နော်။ အဲကစပြီးကြောက်စိတ်အခံရှိတဲ့ကလေးက လူစိမ်းကြောက်တတ်၊ အသံကြားလည်းကြောက်တတ်၊ အရိပ်မြင်လည်းကြောက်၊ မီးပျက်လည်းကြောက်၊ သရဲကြောက်တတ်လာပါတော့တယ်။
ကိုယ့်ကလေးအတွက် ဘာလုပ်ပေးရမလဲ
ကြောက်တတ်တဲ့ကလေးကို ဆက်မခြောက်ဘဲဖေးမအားပေးသင့်တယ်၊ အကြောက်တရားကနေလွတ်မြောက်အောင် ကူညီပေးသင့်ပါတယ်။ မဟုတ်ရင် အရွယ်ရောက်လာရင်တောင်မှ မလုပ်ရဲ၊မကိုင်ရဲ၊ မသွားရဲတဲ့ တွန့်ဆုတ်တွေဝေသူဖြစ်သွားနိုင်ပါတယ်။ ဖေဖေမေမေတို့အနေနဲ့ ဘယ်လိုမျိုးလုပ်သင့်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။
ကိုယ့်ကလေး ဘာကိုကြောက်လဲ သိအောင်လုပ်ပါ
မှောင်နေရင် သရဲလာမှာလား၊ ကာတွန်းထဲကလို သတ္တဝါကြီးတွေရောက်လာနိုင်လား စိတ်ကူးနဲ့ပုံဖော်ပြီးကြောက်တတ်ကြပါတယ်။ ကလေးက သရဲကြောက်တာလား၊ အင်းဆက်ပိုးကောင်တွေကြောက်တာလား၊ခွေးကြောက်တာလား၊ လူစိမ်းကြောက်တာလား၊ ဘာကိုကြောက်တတ်လဲ မိဘတွေသိထားမှာပါ။ ထပ်ပြီးသတိထားကြည့်ပါ။ ဒါမှကြောက်စိတ်ပြေအောင် မိဘက ကူညီဖြေရှင်းပေးနိုင်ပါလိမ့်မယ်။
ကလေးနဲ့ စကားပြောပါ
စကားမတတ်ခင်ကချော့မြှူခဲ့ပေမယ့် စကားတတ်တဲ့အချိန် ကလေးကိုနားငြီးတယ်လို့မထင်ပါနဲ့ဦး။ ကလေးနဲ့စကားစမြည်ပြောပေးပါ။ သူ့ရဲ့အတွေး၊ အတွေ့အကြုံ၊သူခံစားရတာတွေကို သိအောင်လုပ်ပါ။ သူစိုးကြောက်နေတဲ့အရာတွေကို ကြောက်စရာမလိုကြောင်း ကိုယ်ကရှင်းပြပါ။ ကိုယ့်ရဲ့ငယ်ဘဝတုန်းကလည်း ဒီလိုပဲကြုံခဲ့ဖူးကြောင်းပြောပြပါ။
ကလေးရဲ့ကြောက်စိတ်ကို လျစ်လျူမရှုပါနဲ့
ဒါကြောက်စရာလား နောက်တော့ သူ့ဘာသူသိသွားလိမ့်မယ် ဆိုပြီး ပစ်ထားလိုက်တာက ကလေးကိုပိုဆိုးစေနိုင်တယ်။ ယုံကြည်မှုတည်ဆောက်ပြီး ဒါတွေက ကြောက်စရာမကောင်းကြောင်း ရှင်းပြပါ။
သူကြောက်တဲ့အရာတွေကို ရယ်စရာမလုပ်ပါနဲ့
တော်တော်များများက ရယ်စရာအဖြစ်မြင်တတ်ကြတယ်၊ စနောက်တယ်။ ကလေးရဲ့ကြောက်စိတ်ကို စနောက်တာက ကိုယ့်အတွက်ရယ်စရာဖြစ်ပေမယ့် သူ့အတွက်တော့ကြောက်စိတ်ပိုများစေပါတယ်။နောက်ပိုင်းဆို တစ်စုံတစ်ခုအပေါ်ကြောက်စိတ်လွန်ကဲတဲ့ (phobia) အဆင့်ကိုရောက်သွားနိုင်ပြီး အရွယ်ရောက်ပြီးတောင်အဲဒီအရာကိုအတွင်းစိတ်က ကြောက်နေဦးမှာပါပဲ။
မှန်ကန်တဲ့အသိအမြင်ကိုပေးပါ
သူကြောက်နေတဲ့အရာက တကယ်တမ်းဘာမှမဟုတ်ကြောင်းကို နားလည်အောင် တိုတိုနဲ့ရှင်းရှင်းပြောပြပါ။ တကယ်လို့ကြောက်တဲ့အရာတွေရှိနေရင်လည်း မိဘကိုပြောပြလို့ရကြောင်း၊ အတူတူဖြေရှင်းကြမှာဖြစ်ကြောင်းပြောပြပါ။
သူကြောက်တဲ့အရာကို အတင်းမရင်ဆိုင်ခိုင်းပါနဲ့
ဒီလိုလုပ်ခြင်းက ကလေးရဲ့အခြေအနေပိုဆိုးစေနိုင်တယ်။ ပင့်ကူကြောက်တဲ့ကလေးကို ပင့်ကူအရုပ်အတင်းကိုင်ကြည့်ခိုင်းတာ(နောက်မကြောက်အောင်လို့၊ကြောက်ဖို့မကောင်းကြောင်းပြချင်လို့) မှားပါတယ်။ ခပ်လှမ်းလှမ်းကနေပဲပြပြီး ကိုယ်က ကိုင်တွယ်ပြ၊ ရှင်းပြလည်းရပါတယ်။ တွေ့လား ဘာမှမဖြစ်ဘူး ဆိုတာမျိုးပေါ့။ ကြောက်စိတ်တွေပြေနိုင်ဖို့၊ကြောက်စရာမလိုကြောင်းနားလည်လာဖို့ ကလေးကိုအချိန်ပေးသင့်ပါတယ်။
အရွှန်းဖောက်ပါ
ကလေးကကြောက်နေတဲ့ စိတ်ကူးယဉ် မွန်းစတားကြီးကိုပြောင်စပ်စပ်ပုံ လုပ်ပြီးပြတာမျိုး၊ သူကြောက်တဲ့အရာတစ်ခုခုကို ကြောက်စရာပျောက်ပြီး ရယ်စရာကောင်းအောင် ကိုယ်ကဖန်တီးပေးပါ။ တဖြည်းဖြည်းအမြင်ပြောင်းပြီးကြောက်စိတ်နည်းလာပါလိမ့်မယ်။
ဒီနည်းလေးတွေသုံးပြီး အကြောက်တရားအလယ်က ကလေးတွေကို ကယ်တင်နိုင်ပါစေနော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
[embed-health-tool-baby-poop-tool]