ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာ ချစ်စရာကောင်းတဲ့အမူအရာလို့ မိဘတွေကမြင်ကြပါတယ်။ သူတို့မျက်လုံးပွတ်နေချိန်မှာ နှာခေါင်းလေးတွေ၊ မျက်နှာလေးတွေနီလာတာကိုကြည့်ရတာလည်း ချစ်စရာကောင်းနေမှာပါ။
ဒါပေမယ့် ဘာမှမလုပ်ဘဲ ကလေးကိုပဲသေချာစောင့်ကြည့်ကြည့်ပါ။ အဲဒီအမူအရာလေးကတဆင့် သင့်ကို သူပြောပြချင်နေတဲ့ အကြောင်းတစ်ခုခုရှိနေတာသိလာရင် သင်မျက်နှာလွှဲနိုင်တော့မှာမဟုတ်ပါဘူး။ သူ အိပ်ချင်နေတာ ဒါမှမဟုတ် ပင်ပန်းနေတာ စသည်ဖြင့် အခြေအနေတစ်ခုခုကို ညွှန်ပြချင်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါဟာ ကလေးတစ်ယောက်ရဲ့ခြေဟန်လက်ဟန်တစ်ခုလောက်ပဲလို့ ယူဆမယ်ဆို မှားယွင်းနေပါတယ်။ ကလေးလေးတွေက မျက်စိကို ပွတ်နေတာဟာ သူဘာလိုချင်သလဲဆိုတာ သင့်ကို သိစေချင်နေတဲ့အကြောင်းရင်းက အများကြီးရှိနေနိုင်ပါတယ်။
ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာ ဘာကြောင့်လဲ
ကလေးလေးတွေ မျက်လုံးခဏခဏပွတ်တတ်တာ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။
မျက်စိညောင်းလာခြင်း
ကလေးတစ်ယောက်ပင်ပန်းလာပြီဆိုရင် မျက်လုံးလေးတွေ စင်းလာတတ်ပါတယ်။ သူမျက်လုံးတွေ ပွတ်နေတဲ့အခါ မျက်လုံးတစ်ဝိုက်က၊ မျက်လုံးထဲက၊ မျက်ခွံထဲမှာရှိနေတဲ့ ကြွက်သားနာကျင်တောင့်တင်းမှုကို လျော့စေဖို့ လုပ်နေတာဖြစ်ပါတယ်။
ကလေးက မျက်စိညောင်းလာတဲ့အခါ သူ့မျက်လုံးထဲမှာ မျက်သား ခြောက်သွေ့လာပါတယ်။ မျက်လုံးရှေ့ဘက်ခြမ်းက အကာအကွယ်အလွှာပါးမှာ လေနဲ့ထိတွေ့တာ ကြာလာတဲ့အခါ မျက်သားခြောက်သွေ့လာတတ်ပါတယ်။
မျက်လုံးပွတ်ခြင်းက မျက်ရည်ထွက်အောင်လှုံ့ဆော်ပေးပြီး မျက်လုံးထဲမှာ အစိုဓာတ်ပြန်လည်ထိန်းသိမ်းစေနိုင်ပါတယ်။
မျက်သားခြောက်သွေ့ခြင်း
နောက်တစ်ခုက ကလေးရဲ့ မျက်လုံးတအားခြောက်လာတာကြောင့် ဖြစ်နိုင်ပါတယ်။ မျက်လုံးခြောက်သွေ့တဲ့အခါ ကလေးမှာနေရခက်စေပြီး ဒီပြဿနာကိုဖြေရှင်းဖို့ မျက်လုံးကိုပွတ်လေ့ရှိတာဖြစ်ပါတယ်။ ပွတ်လိုက်တဲ့အခါ မျက်ရည်ထွက်လာတတ်လို့ ဖြစ်ပါတယ်။
အံ့သြ၊ သဘောကျနေခြင်း၊ စူးစမ်းလိုစိတ်
ကလေးငယ်အတွက်တော့ အရာရာတိုင်းက အသစ်အဆန်းတွေပဲဆိုတာ မမေ့ပါနဲ့။ ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်သလဲ၊ ဘယ်လိုလုပ်ဆောင်ချက်ရှိသလဲဆိုတာကို အမြဲလေ့လာနေကြပါတယ်။
မျက်လုံးကို ပွတ်လိုက်ရင် ဖြစ်လာတဲ့ခံစားချက်ကို ကလေးက သဘောကျနေတာ ဖြစ်နိုင်ပါတယ်။ သဘောကျနေပြီး ခဏခဏလုပ်ကြည့်နေနိုင်ပါတယ်။ လင်းထိန်နေတဲ့ အခန်းထဲမှာ မျက်စိမှိတ်ထားမယ်ဆိုရင် မျက်ခွံမှာ အလင်းထိုးတာ၊ အရိပ်ထိုးတာတွေ မြင်နေရပါလိမ့်မယ်။ ဒါကိုပဲ ကလေးက သဘောကျတာ ဖြစ်နိုင်ပါတယ်။
မျက်လုံးထဲ တစ်ခုခုဝင်နေခြင်း
မျက်လုံးထဲကို ဖုန်မှုန့် သို့မဟုတ် မျက်တောင်ဝင်နေတယ်ဆိုရင် မျက်စိမှာ ယားစပ်စပ်၊ ခိုးလို့ခုလု ဖြစ်စေပါတယ်။ ဒီလိုဖြစ်လို့ ကလေးက ပွတ်လိုက်ရင် ဝင်နေတဲ့အမှုန်က မျက်လုံးရဲ့မျက်နှာပြင်ကို ပွန်းမိနိုင်လို့ ထိခိုက်မှုရှိစေနိုင်ပါတယ်။
မျက်လုံးပွတ်ရင်းနဲ့ ကလေးက ငိုနေမယ်၊ မျက်လုံးတစ်ဖက်က နီလာမယ်ဆိုရင် သူ့မျက်လုံးထဲတစ်ခုခုဝင်နေတာ သေချာသလောက်ရှိပါတယ်။
မျက်စိယားယံ၊ နာကျင်ခြင်း
ကလေးတွေ မျက်လုံးပွတ်ကြတဲ့အကြောင်းရင်းနောက်တစ်ခုကတော့ မျက်စိပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ ယားယံမှု၊ နာကျင်မှုဖြစ်ပါတယ်။ မျက်စိပိုးဝင်တဲ့လက္ခဏာတွေကတော့ မျက်စိရောင်ရမ်းခြင်း၊ နီရဲခြင်း၊ မျက်ဝတ်ထွက်ခြင်း၊ အဖျားရှိခြင်းတို့ ဖြစ်ပါတယ်။
မျက်စိနာနေရင် ကလေးက စိတ်မကြည်ဘဲ ငိုနေမှာပါ။ ကလေးမှာ မျက်စိပိုးဝင်နေပြီလို့ သံသယရှိရင် ဆရာဝန်ပြတာအကောင်းဆုံးပါပဲ။
မျက်လုံးကို ဆက်တိုက်ပွတ်နေပြီဆိုရင် လက်မှာရှိနေတဲ့ ဘက်တီးရီးယားတွေက မျက်လုံးထဲဝင်ရောက်နိုင်တာကြောင့် မျက်စိစွန်တာ၊ မျက်စိပိုးဝင်တာ ဖြစ်နိုင်ခြေများပါတယ်။
ဘယ်လိုအချိန်မှာ သတိထားသင့်လဲ။
မိဘတွေဟာ ကလေးငယ်လေးတွေမှာ အမြင်အာရုံပြဿနာတွေဖြစ်နေတာကို အရင်ဆုံးသိရှိနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ သင့်ကလေးက အောက်ပါလက္ခဏာတွေရှိနေရင် မျက်စိစစ်ဆေးမှုခံယူသင့်ပါတယ်။
- ကလေးက မူပျက်နေပြီး ဘေးနားတဝိုက်က အသစ်အဆန်းတွေကို စိတ်မဝင်စားတော့တဲ့အခါ၊
- မီးဖွင့်လိုက်ရင်၊ အလင်းရောင်ကိုကြည့်ရင် မျက်မှောင်ကျုံ့တာ
- ပင်ပန်းတာ အိပ်ချင်တာမဟုတ်ဘဲ မျက်လုံးကိုပွတ်နေရင်
- ကလေးက ငိုနေတာမဟုတ်ဘဲ မျက်ရည်တွေအများကြီးထွက်နေရင်
- မျက်စိပိုးဝင်တာ၊ မျက်ခွံရောင်တာ၊ မျက်စိစွန်တာတွေမကြာခဏဖြစ်ရင်။ (Conjunctivitisမျက်ခွံအတွင်းသားရောင်ရမ်းခြင်းက ကလေးတွေမှာအဖြစ်များတဲ့ပြဿနာတွေဖြစ်ပါတယ်။
- တစ်ခုခုကို ပိုမြင်ရဖို့ ခေါင်းစောင်းပြီးကြည့်ရတာ
- နေရခက်နေတာကြောင့် မျက်လုံးတစ်ဖက်ကို မှိတ်ထားတာ၊ လက်နဲ့အုပ်ထားတာ
- သူငယ်အိမ်က ပုံမှန်အရွယ်အစားမဟုတ်တာ၊ ဒါမှမဟုတ် အနက်ရောင်ဖြစ်ရမယ့်အစား အဖြူရောင်ဖြစ်နေတာ
ကလေးကို မျက်စိမပွတ်အောင် ဘယ်လိုကာကွယ်မလဲ
- သင့်ကလေးက ဘယ်အချိန်မှာ အိပ်ငိုက်တတ်လဲဆိုတာ သိအောင်လုပ်ပါ။ အိပ်စက်ချိန်စက်ဝန်းကို ပုံမှန်သိရှိ သတ်မှတ်ပြီးတာနဲ့ ဂရုစိုက်လိုက်နာပါ။ အပြင်ရောက်နေရင်တောင်မှ ကလေးအိပ်တတ်တဲ့အချိန်ကို သတိထားပေးပါ။ သူအိပ်ချင်တတ်တဲ့အချိန်ကို ကွက်တိ သိပ်ပေးမယ်ဆိုရင် ကလေးက ပင်ပန်းငိုက်မျဉ်းမှုကို ခံစားရတော့မှာမဟုတ်ပါဘူး။ မငိုက်ရင် မျက်စိမပွတ်တော့ဘူးပေါ့။
- တော်ရုံမျက်လုံးပွတ်တာလောက်က အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် အရမ်းပွတ်လွန်းရင် ကလေးရဲ့ မျက်စိမှာ နာကျင်လာရနိုင်တာကြောင့် သူ့ကိုအာရုံပြောင်းပေးတာက အကောင်းဆုံးပါ။ သူစိတ်ဝင်စားလောက်တဲ့ အရာတစ်ခုခုကို ရှာပြီးပြပါ။ ကလေးဆိုတာ စိတ်ဝင်စားလွယ် အာရုံပြောင်းလွယ်ပါတယ်။
- ကလေးကို ဖုန်မထူတဲ့နေရာမှာပဲ ရှိပါစေ။ လေထဲမှာ ဖုန်တွေအများကြီးရှိနေရင် ကလေးမျက်လုံးထဲ ဖုန်ဝင်လွယ်လို့ပါ။ အမှုန်ဝင်သွားခဲ့ပြီဆိုရင်လည်း သူ့ရဲ့မျက်စိကို ရေအေးနဲ့ဆေးပေးပါ။
- ကလေးက ပင်ပန်းနေပြီလို့ သတိထားမိတဲ့အခါ သူအိပ်နေကျအချိန်မဟုတ်ရင်တောင် သူမျက်လုံးမပွတ်ခင် သိပ်လိုက်ပါ။
- မျက်လုံးထောင့်မှာ မျက်ဝတ်တွေထွက်နေတာတွေ့ရင် ပိုးသတ်ပြီးသား ဂွမ်းနုလေးကိုရေနွေးနွေးလေးဆွတ်ပြီး မျက်စိအတွင်းထောင့်လေးတွေကို ညင်ညင်သာသာသန့်စင်ပေးပါ။ မျက်လုံးနှစ်ဖက်ကို ဂွမ်းသပ်သပ်စီသုံးပါ။
တကယ်တော့ ကလေးက မျက်လုံးပွတ်နေတိုင်း စိုးရိမ်နေစရာမလိုပါဘူး။ ကလေးက တစ်ခုခုဖြစ်နေတယ်လို့ ထင်ရင် မျက်လုံးကို ရေနဲ့ သန့်စင်ပေးပြီး မျက်လုံးတစ်ဝိုက်မှာပါ သန့်ပေးလိုက်ပါ။ အဲဒါမှ မသက်သာဘဲ မျက်စိနီရဲတာ၊ ရောင်ရမ်းတာ ပိုဖြစ်လာတယ်ဆိုရင် ဆရာဝန်ပြတာအကောင်းဆုံးပါ။
[embed-health-tool-baby-poop-tool]