backup og meta

မွေးကင်းစကလေး တွေကို မေမေတို့ ဒါတွေ မလုပ်ရဘူးနော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးကင်းစကလေး တွေကို မေမေတို့ ဒါတွေ မလုပ်ရဘူးနော်

    မွေးကင်းစကလေး ကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ မေမေတို့အနေနဲ့ ဆောင်ရန် ရှောင်ရန်တွေ အများကြီးပါပဲ။ အထူးသဖြင့် မေမေတို့က ကောင်းစေချင်လို့ လုပ်လိုက်ပေမယ့် ကလေးအတွက် ဆိုးကျိုးဖြစ်သွားတာလေးတွေ ရှိပါတယ်။ နောက် ဘာမှမဖြစ်လောက်ဘူးလို့ ထင်ထားပေမယ့် ကြီးကြီးမားမားထိခိုက်သွားနိုင်တာလေးတွေပေါ့။ အောက်မှာ ဆက်ပြောမှာကတော့ မေမေတို့ ကလေးလေးတွေကို မလုပ်သင့်တဲ့ အရာလေးတွေပါ။

    မွေးကင်းစကလေး တွေကို မေမေတို့ ဒါတွေ မလုပ်ရဘူးနော်

    • ခေါင်းရိတ်တာ

    မေမေတို့ရေ ကလေးလေးက ခေါင်းရိတ်မှ ဆံပင်သန်မယ်ဆိုတာ မဟုတ်ပါဘူးနော်။ သိပ်ရိတ်ပေးချင်ရင်လည်း နောက်မှရိတ်ပါ၊ ခုတော့ မရိတ်ပါနဲ့ဦး။ ဆံပင်တွေက ကလေးရဲ့ ခေါင်းအတွက် အကာအကွယ်ပါ။ ခေါင်းမအေးအောင် ကာပေးထားတာပါ။

    မေမေတို့ ရိတ်လိုက်ရင် ကလေးက ကတုံးပြောင်ပြောင်နဲ့ အေးနေမှာပေါ့။ ပြီးတော့ မတော်တဆများ ဓားရှမိရင် ဒဏ်ရာကနေတဆင့် ဦးနှောက်ထဲကို ပိုးဝင်တတ်တယ်နော် မေမေတို့။

    • ကလေးငိုတာကို မချော့တာ

    ကလေးငိုရင် ဗိုက်ဆာလို့လား၊ ရှူးစိုနေလို့လား တစ်ချက်တော့ ထကြည့်လိုက်ပါ မေမေတို့ရေ။ ကလေးလေးက တစ်ခါတလေ မေမေတို့ ဂရုစိုက်တာ ခံချင်လို့လည်း ငိုတတ်ပါတယ်။ ဒါကြောင့် ကလေးကို ပစ်မထားဘဲ ချော့မြှူပေးပါ။

    • ကလေး နားကို မကလော်ပါနဲ့။

    မွေးစကလေးရဲ့ နားတွေ၊ နှာခေါင်းတွေက ထင်သလောက် မညစ်ပတ်ပါဘူး။ ဒါကြောင့် နားကြပ်တံတွေနဲ့ အတင်းမကလော်ပါနဲ့။ ဂွမ်းစတွေ နားထဲမှာ ကျန်တတ်တာ၊ ကလေး ရုန်းလိုက်လို့ ထိုးမိတာတွေ ဖြစ်တတ်ပါတယ်။ ရေစိုဝတ်လေးနဲ့ အပြင်ပိုင်းကို သန့်ရှင်းရေး လုပ်ရုံနဲ့တင် လုံလောက်ပါတယ်။

    • သွားဖုံးတွေကို သန့်ရှင်းရေး မလုပ်ဘဲ မနေပါနဲ့။

    သွားမပေါက်သေးဘူးဆိုပေမယ့် ကလေးသွားဖုံးနဲ့ လျှာကိုတော့ သန့်ရှင်းရေးလုပ်ပေးပါ။ အဝတ်နုနုလေးကို ရေနွေးလေး စွတ်ပြီး ဖြစ်ဖြစ်၊ ကလေးသုံး သွားဖုံးတိုက်တံလေးနဲ့ ဖြစ်ဖြစ် သန့်ရှင်းရေး လုပ်ပေးပါ။

    • ကလေးကို မနမ်းပါနဲ့။

    ဖေဖေ မေမေတို့ နမ်းချင်ရင်တောင် တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်ပေးမှ နမ်းပါ။ အပြင်လူတွေကို ပေးမနမ်းပါနဲ့။ အထူးသဖြင့် နေမကောင်းတဲ့ သူတွေပေါ့။ ကလေးရဲ့ ခုခံအားက ကောင်းကောင်း မဖွံ့ဖြိုးသေးတော့ လူကြီးဆီကပိုးတွေ ကလေးဆီကို ရောက်ပြီး နေမကောင်းဖြစ်တတ်ပါတယ်။

    • ခဏခဏ ရေမချိုးပေးပါနဲ့။

    ကလေး အသက် ၁နှစ် ပြည့်တဲ့အထိ တစ်ပတ်ကို ၂ခေါက် ၃ခေါက် ချိုးရင် လုံလောက်ပါပြီ။ ရေစိမ်ချိုးတာထက် ရေပတ်ဝတ်တိုက်တာ ပိုသင့်တော်ပါတယ်။ ကလေးဆပ်ပြာ အပျော့စားပဲ သုံးပါ။ ကလေးအရေပြားက အဖြူဖတ်တွေကို အတင်းမခွာပါနဲ့။ အဲ့တာလေးတွေက ကလေးအရေပြားကတဆင့် ပိုးမဝင်အောင် ကာကွယ်ပေးပါတယ်။

    •  အဝတ်ထူထူ မဝတ်ပေးပါနဲ့။

    အနှီးကတစ်ထပ်၊ အနွေးထည်က တစ်ထပ်၊ စောင်ကတစ်ထပ်၊ လက်အိတ်၊ ခြေအိတ်တွေ၊ ဦးထုပ်တွေနဲ့ ထွေးမထားပါနဲ့။ အေးလွန်းတဲ့ နေရာဆိုရင်တော့ တစ်မျိုးပေါ့။ မဟုတ်ရင် ကလေးက ပူပြီး ချွေးတွေပဲ ထွက်လာမှာပါ။

    • မှောက်လျက်မသိပ်ပါနဲ့။

    တချို့တွေက ကလေး ချက်စူလို့၊ အိပ်နေရင် လန့်နိုးတတ်လို့ဆိုပြီး မှောက်လျက် သိပ်ပါတယ်။ မှောက်လျက်သိပ်တာက ကလေးကို အသက်ရှူကျပ်ပြီး သေတတ်လို့ ပက်လက်ပဲ သိပ်ပေးနော်။

    • ကလေး အိပ်ရာထဲမှာ ခေါင်းအုံးတွေ၊ စောင်တွေ၊ အရုပ်တွေ မထားပါနဲ့။

    ကလေးက အိပ်နေရင်း ရုန်းလိုက်တဲ့အခါ ခေါင်းအုံးတွေ စောင်တွေက ကလေးမျက်နှာပေါ် ပိပြီး ပြန်မဖယ်နိုင်တော့ အသက်ရှူလို့မရဘဲ သေတတ်ပါတယ်။

    ဒါကြောင့် မေမေတို့ ကလေး အိပ်ရာထဲမှာ ဘာမှ မထားပါနဲ့။ ကလေးကို အေးမှာစိုးရင် အိပ်ခါနီးမှ အနှီးထူထူလေး ထုပ်ပြီး ခြေအိတ်၊ လက်အိတ်၊ ဦးထုပ်ဆောင်းပေးလိုက်ပါ။ ဒီလောက်ဆို လုံလောက်ပါတယ်။

    • ကလေးချက်ထဲကို ဘာမှမထည့်ပါနဲ့။

    ကလေးချက်ကို မြန်မြန်ကြွေအောင် ဆိုပြီး အရက်ပြန်တို့၊ ဆေးတို့ဖတ်တို့၊ သနပ်ခါးတို့ ဘာမှ မထည့်ပါနဲ့။ ရေနွေးဝတ်လေးနဲ့ပဲ သန့်ရှင်းရေး လုပ်ပေးပါ။ ဘာမှမထည့်တာက အန္တရာယ်ပိုကင်းပါတယ်။

    • ကလေးကို ကာကွယ်ဆေး မထိုးဘဲ မနေပါနဲ့။

    ကာကွယ်ဆေးထိုးရင် ကလေးဖျားမှာစိုးလို့ ဆိုပြီး မထိုးဘဲ မနေပါနဲ့။ ကာကွယ်ဆေးထိုးတဲ့ ကလေးတိုင်း မဖျားပါဘူး။ ဖျားတာက ကုလို့ရပါတယ်။ ရောဂါပိုးတွေ ဝင်လာမှ ကလေး ဒုက္ခရောက်မှာပါ။

    • ကလေးကို သေးခံ ညစ်ညစ်ပတ်ပတ်ကြီးနဲ့ အကြာကြီး မထားပါနဲ့။

    သေးခံကို မကြာခဏ စစ်ပြီး ညစ်ပတ်နေရင် လဲပေးပါ။ ကလေး သေးခံလောင်နာ ဖြစ်တတ်ပါတယ်။

    ကလေးက မေမေ့ဗိုက်ထဲမှာ ကွေးကွေးလေးနေရလို့ ခြေထောက်လေးက ကွေးနေတာပါ။ အတင်းမဆန့်ပါနဲ့။ နောက်ပိုင်း သူ့ဟာသူ ဆန့်လာပါလိမ့်မယ်။ မေမေတို့ စိုးရိမ်ပြီး အတင်းဆန့်မှ ကလေးအရိုး ထိခိုက်သွားမှာပါ။

    • ကလေးကို နို့မညှစ်ပါနဲ့။

    ကလေးက မွေးစမှာ မေမေ့ဆီက အီစထရိုဂျင်ကြောင့် နို့လေးတွေ ဆူတတ်ပါတယ်။ ညှစ်လိုက်ရင် အရည်လေးတွေ ထွက်ပါတယ်။ ဒါက ရက်ပိုင်းလောက်ဆို ပျောက်သွားမှာပါ။ မေမေတို့ သွားညှစ်ရင် ကလေးလည်း နာတယ်။ လက်ကမသန့်ရင် ပိုးလည်း ဝင်ဦးမယ်။

    • ချိုလိမ်တွေ ပေးမစို့ပါနဲ့။

    မွေးစကလေးကို အငိုတိတ်အောင်ဆိုပြီး ချိုလိမ်တွေ ပေးမစို့ပါနဲ့။ တချို့ကလေးတွေက ပြဿနာ မရှိပေမယ့် တချို့ကလေးတွေက ချိုလိမ်နဲ့ အမေနို့ကို မခွဲတတ်တော့ ချိုလိမ်ပဲ စွဲပြီး အမေနို့ကို ကောင်းကောင်း မစို့တာတွေ ဖြစ်နိုင်ပါတယ်။

    • ကလေးကို ဖြစ်နိုင်ရင် အမေနို့ပဲ တိုက်ပါ။

    ဆရာဝန်က အမေနို့တိုက်ဖို့ အဆင်မပြေဘူး (ဥပမာ ရောဂါတစ်မျိုးမျိုးကြောင့်၊ သောက်နေတဲ့ ဆေးတွေကြောင့်)လို့ မတားရင် အမေနို့ပဲ တိုက်တာ အကောင်းဆုံးပါ။ အသက်၆လအထိ အမေနို့ပဲ တိုက်ပါ။ ရေလည်း တိုက်စရာ မလိုပါဘူး။

    • ကလေး အသားဝါရင် ရေမတိုက်ပါနဲ့။

    ကလေးအသားဝါရင် ရှူးများများပေါက်အောင် ရေတိုက်လေ့ရှိကြပါတယ်။ ရှူးက အမေနို့တိုက်လည်း ပေါက်ပါတယ်။ ရေတိုက်မှ မဟုတ်ပါဘူး။ ရေတိုက်ရင် ကလေးက ရေပဲရမှာပါ။ အာဟာရ ရမှာ မဟုတ်ပါဘူး။ အသားဝါတာကို ဆရာဝန်တွေ ကုပါလိမ့်မယ်။ မေမေကသာ ကလေးကို အားရှိအောင် ကလေးကို နို့တိုက်ပေးပါ။

    ကဲ မေမေတို့ရေ ဒီအချက်တွေထဲက ဘယ်နှချက်များ ကလေးကို လုပ်နေမိပြီလဲ။ သိသွားရင် မလုပ်နဲ့တော့နော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement