backup og meta

ကလေးငယ်မှာဖြစ်တဲ့ အရေပြားပြဿနာတွေက ပြင်းထန်တဲ့ရောဂါတွေရဲ့လက္ခဏာဖြစ်နိုင်ပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်မှာဖြစ်တဲ့ အရေပြားပြဿနာတွေက ပြင်းထန်တဲ့ရောဂါတွေရဲ့လက္ခဏာဖြစ်နိုင်ပါတယ်

    ကလေးတွေရဲ့အရေပြားမှာ အဖုလေးတွေ၊ အနီစက်လေးတွေ၊ အကွက်တွေတွေ့ရတတ်တာဟာ အထူးအဆန်းမဟုတ်ပါဘူး။ ကလေးဘဝမှာတော်တော်များများဖြစ်ဖူးကြပါတယ်။ အများစုက အန္တရာယ်မရှိဘူး၊စိုးရိမ်စရာမရှိဘူး၊ တော်ရုံနဲ့သက်သာပျောက်ကင်းစေနိုင်တယ်ဆိုပေမယ့် သတိထားကုသဖို့၊ စစ်ဆေးဖို့မမေ့ပါနဲ့။ တချို့သာမန်အရေပြားပြဿနာတွေက ကလေးတွေကို အန္တရာယ်ဖြစ်စေတဲ့အထိ ပြင်းထန်တဲ့ရောဂါတွေရဲ့လက္ခဏာတွေဖြစ်နေနိုင်တယ်လေ။

    ဒါ့ကြောင့် ကလေးတွေမှာအဖြစ်များတဲ့အရေပြားပြဿနာလေးတွေကို ခဏနေပျောက်သွားမှာပဲလို့တွေးပြီး မပေါ့ဆကြပါနဲ့။ သတိထားသင့်တဲ့လက္ခဏာတွေကိုလေ့လာမှတ်သားထားပြီး ရောဂါတစ်ခုခုအတွက်သံသယဖြစ်လာရင် ဆရာဝန်အမြန်ဆုံးပြရပါမယ်။ ရင်နှစ်သည်းချာဖြစ်တဲ့ ကိုယ့်ရင်သွေးလေးတွေအတွက် အချိန်နှောင်းလို့မဖြစ်ပါဘူးနော်။

    ကလေးအထူးကုဆရာဝန်ကတော့ ကလေးကို ရောဂါရှာဖွေပြီး သင့်လျော်တဲ့ကုသစောင့်ရှောက်မှုပေးမှာပါ။ ငယ်ရွယ်လွန်းတဲ့ကလေးလေးတွေကို ကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ပြီးဘယ်တော့မှ အိမ်မှာကြိတ်မကုပါနဲ့။ ကလေးတွေမှာအဖြစ်များတဲ့ အရေပြားနဲ့ဆက်စပ်ဖြစ်တဲ့ရောဂါတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

    ဝက်သက်ရောဂါ

    ဝက်သက်ဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး အသက်ရှူလမ်းကြောင်းကတဆင့်ကူးစက်လွယ်ပါတယ်။ ကလေးရဲ့အရေပြားအနှံ့မှာ အနီစက်လေးတွေထွက်လာမယ်၊ တုပ်ကွေးလို ဖျားနာတဲ့လက္ခဏာတွေ၊ ချောင်းဆိုးမယ်၊ နှာရည်ကျမယ် စတာတွေက သူ့လက္ခဏာတွေပါ။ ရောဂါလက္ခဏာစပေါ်လာပြီး၃/၄ရက်အကြာမှာပဲ အနီစက်တွေပြန့်လာပြီး အဖျားတက်လာမှာဖြစ်လို့ရောဂါမသိဘဲ ကုသမှုနှောင့်နှေးခဲ့ရင် အန္တရာယ်ရှိနိုင်ပါတယ်။

    ရေကျောက်ရောဂါ

    ရေကျောက်ရောဂါဟာ ကလေးငယ်တွေမှာ အဖြစ်များတဲ့ရောဂါဖြစ်တယ်ဆိုပေမယ့် အခုတော့ ဝက်သက်ရော၊ ရေကျောက်ရော ကာကွယ်ဆေးတွေထိုးနှံပြီး တားဆီးနိုင်နေပြီဖြစ်ပါတယ်။ varicella လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်လာတဲ့ရေကျောက်ဟာ အဖျားရှိရာက လက္ခဏာစပြီး အအေးမိဝေဒနာလိုဖြစ်လာကာ ယားယံတဲ့အနီစက်တွေပေါ်လာတတ်ပါတယ်။ ကူးစက်နိုင်ခြေမြင့်မားပြီး သေချာမကုရင် အဖျားအရမ်းကြီးလာပြီး အန္တရာယ်ရှိနိုင်ပါတယ်။

    Impetigo အရေပြားရောဂါ

    ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ကူးစက်မြန်အရေပြားရောဂါ (impetigo)ဖြစ်လာရင် ကလေးမှာ အရည်ကြည်ဖုတွေဖြစ်လာရာကနေ အနီကွက်တွေဖြစ်ကျန်ခဲ့စေပါတယ်။ ထိတွေ့မိတဲ့နေရာမှာ ကူးစက်ဖို့လွယ်တာကြောင့် ယားလို့ ကုတ်လေ ပိုဆိုးလေပါ။ ဘက်တီးရီးယားကြောင့်ဖြစ်လာတဲ့ impetigo ဟာ ခန္ဓာကိုယ်အနှံ့နေရာမရွေးဖြစ်တတ်ပေမယ့် နှာခေါင်းနဲ့ပါးစပ်တဝိုက်မှာအဖြစ်များပါတယ်။ အရည်ကြည်ဖုတွေကို ထိမိပေါက်ပြဲစေတဲ့အခါ အနာတွေဖြစ်စေပြီး ပိုပြင်းထန်လာရင် အနာပိုရင်းပြီး ပြည်တည်တဲ့အခါ အနာပေါက်ပိုနက်လာစေနိုင်ပါတယ်။

    Eczema နှင်းခူ

    နှင်းခူဆိုတာ အရေပြားရောင်ရမ်းတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အတိအကျပြောရရင် နှင်းခူဟာ အရေပြားကို ယားယံ၊ နီရဲ၊ခြောက်သွေ့စေပြီး အက်ကွဲခြင်း၊သားရေပြားလို မာခေါက်ခေါက်ဖြစ်ခြင်းမျိုးကိုတောင် ဖြစ်စေနိုင်ပါတယ်။ နှင်းခူဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်ပါတယ်။ နှင်းခူက ကာလကြာရှည် အရေပြားယားယံ၊ ခြောက်သွေ့ပြီး မာနေ၊ထူနေတာ (အထူးသဖြင့် လက်၊လည်ပင်း၊မျက်နှာ နဲ့ ခြေထောက်တွေမှာ ဖြစ်ပွားလေ့ရှိတယ်ဆိုပေမယ့် ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်ပွားနိုင်ပါတယ်)။ ကလေးတွေမှာဆိုရင် ဒူးခေါက်ခွက်နဲ့ လက်မောင်းကွေးအခွက်တွေမှာ အဓိက ဖြစ်လေ့ရှိပါတယ်။ ယားလို့ကုတ်ရင် ခြောက်နေတဲ့ အရေပြားနေရာတွေဟာ အနာဖြစ်သွားပြီး ပိုးပါဝင်လာနိုင်ပါတယ်။

    သေချာမကုသရင် နောက်ပိုင်းမှာ ကလေးက ပန်းနာရင်ကျပ်၊ ဓာတ်မတည့်ရောဂါ၊ ကာလရှည် ယားယံတာ၊ အရေပြားမှာ အကြေးခွံလို အကွက်တွေဖြစ်တာ၊အရေပြားမှာ ပိုးဝင်ပြီး အနာတွေလို ဖြစ်တာ၊မျက်စိပြဿနာတွေ ခံစားရတာ၊လက်ချောင်းလေးတွေနဲ့ လက်ချောင်းကြားတွေထဲမှာ အနာလေးတွေ ဖြစ်တာ၊အိပ်မပျော်တာ၊အမူအကျင့်ပိုင်းဆိုင်ရာ ပြဿနာတွေ ပေါ်လာတာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

    Contact Dermatitis ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့အရေပြားရောဂါ

    Contact dermatitis ဆိုတာ သင့်အရေပြားနဲ့ မတည့်တဲ့ အရာတစ်ခုခု ဒါမှမဟုတ် ဓာတုဗေဒ ပစ္စည်းတစ်ခုခု ထိတွေ့တဲ့အခါ ဖြစ်ပေါ်လာတဲ့ အရေပြားပြဿနာ တစ်မျိုးပဲဖြစ်ပါတယ်။ အဆိုပါ အရာကြောင့် အရေပြားကိုထိခိုက်စေပြီး ဓာတ်မတည့်ခြင်းတွေကိုလည်း ဖြစ်စေပါတယ်။ ဆပ်ပြာ၊ လိုးရှင်း၊ ရေမွှေး၊ သတ္တုတစ်မျိုးမျိုး၊ latex ရာဘာ၊ အလှကုန်ပစ္စည်း ဒါမှမဟုတ် ဆေးတွေကြောင့် သင့်ကလေးမှာ Contact dermatitis ဖြစ်လာနိုင်ပါတယ်။

    ရောဂါလက္ခဏာတွေက ကလေးတစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူမှာပါ။ ဒါပေမယ့် သင့်ကလေးမှာ Contact dermatitis ဖြစ်နေပြီဆိုရင် နာကျင်တာ၊ နီရဲတာ၊ယားယံတာ၊ရောင်ရမ်းနေတာ၊အရည်လေးတွေထွက်နေတာ ဒါမှမဟုတ် သွေးထွက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အဓိက ထိတွေ့မိတဲ့ နေရာမှာ ရောဂါလက္ခဏာတွေ အဆိုးဆုံးဖြစ်နေမှာပါ။ ရောဂါအတိအကျသိနိုင်ဖို့နဲ့ ကုသမှုခံယူနိုင်ဖို့အတွက် ကလေးကို ဆေးရုံတင်ရပါမယ်။

    ကြွက်နို့

    ဗိုင်းရပ်စ်ကြောင့် ကြွက်နို့ဖြစ်တာပါ။ ကြွက်နို့က လူတစ်ယောက်နဲ့ တစ်ယောက်ထိတွေ့မှုကနေ ကူးစက်ပြန့်ပွားနိုင်လို့ ကလေးငယ်လေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်တစ်နေရာမှာဖြစ်ပြီး တခြားအစိတ်အပိုင်းတွေကိုလည်း ပြန့်ပွားစေတတ်ပါတယ်။ အန္တရာယ်မရှိဘူးဆိုပေမယ့် ပြန့်ပွားနိုင်ခြေမြင့်မားတာကြောင့် ကုသမှုခံယူပြီးဖယ်ရှားသင့်ပါတယ်။ လူကြီးတွေကတော့ အိမ်သုံးဆေးနည်းတွေနဲ့ ကိုယ့်ဘာသာဖယ်ရှားတာများပေမယ့် ကလေးငယ်တွေကျတော့ ဆရာဝန်နဲ့ပြသပြီး သင့်တော်တဲ့ကုသမှုခံယူရပါမယ်။

    ရေယုန်

    ရေယုန်ဆိုတာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တာပါ။ နှုတ်ခမ်းတဝိုက်မှာ အရည်ကြည်ဖုများပေါက်ခြင်း ဖြစ်တယ်။ တစ်ခါတရံ အစုလိုက်ပေါက်တတ်ပြီး အဖုများပေါက်သွားတဲ့အခါ အသားမာအဖြစ်၊ အနာအဖြစ်ကျန်ခဲ့တတ်ပါတယ်။ အနာကျက်ရန် ရက်သတ္တပတ်အနည်းငယ်ကြာတတ်ပေမယ့် အမာရွတ်တော့မကျန်ခဲ့တတ်ပါဘူး။ ရေယုန်အနာကို ထိတွေ့မိပါက ကူးနိုင်ပါတယ်။
    ငါးနှစ်အောက် ကလေးတွေမှာ ဖြစ်တတ်တဲ့herpes simplex gingivostomatitis (ဂျင်ဂျီဗိုစတိုမတိုင်းတစ်ဆ်) ရဲ့လက္ခဏာတွေကတော့ သွားဖုံးရောင်ရမ်းနာကျင်ခြင်း၊ ပါးစပ်တဝိုက်အနာငယ်များပေါက်ခြင်း၊ လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း၊မကြာခဏသွားရည်ကျခြင်း၊ဖျားခြင်း  ၃၈ ဒီဂရီဆဲလ်စီးယပ်စ် ဝန်းကျင်၊ရေဓာတ်ခမ်းခြောက်ခြင်း၊ပျို့ခြင်း၊ခေါင်းကိုက်ခြင်း တို့ဖြစ်ပါတယ်။
    ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ရေယုန်ဆိုရင်ပြင်းထန်လာတဲ့အခါ anaphylactic shock အခြေအနေဖြစ်လာရင် အသက်ရှူရခက်ပြီး သတိလစ်တာတွေဖြစ်လာပြီး အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေရဲ့အရေပြားမှာဖြစ်လာသမျှလက္ခဏာတွေကို မပေါ့ဆဘဲ ဂရုစိုက်ပြီးရောဂါရှာဖွေစစ်ဆေးမှုခံယူ၊ကုသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement