backup og meta

မေမေ မသိပ်ဘဲ ကလေးအိပ်ပျော် စေဖို့

မေမေ မသိပ်ဘဲ ကလေးအိပ်ပျော် စေဖို့

ကလေးတွေကို ညဘက်ဆို လက်တစ်ညောင်းချီပြီး သိပ်နေရပြီလား။ အိပ်ရာပေါ်ချလိုက်တာနဲ့ ငိုနေလို့ တစ်ညလုံး ကလေးချီပြီး အိပ်နေရပြီလား။ ညညဆို ထထငိုနေလို့၊ မနက်ကိုယ်အိပ်တော့မယ်ဆို သူနိုးလာလို့  မေမေတို့ အိပ်ရေးပျက်နေပြီလား။ ဒါဆိုရင်တော့ မေမေတို့ ကလေးအိပ်ပျော် စေဖို့ Sleep training လုပ်ပေးလို့ ရပါတယ်။

ကလေးအိပ်ပျော် စေဖို့ Sleep training ပေးတယ်ဆိုတာ

Sleep training ဆိုတာ ကလေးကို သူ့ဟာသူ အိပ်တတ်အောင် သင်ပေးတာပါ။ ဆိုလိုတာက သူအိပ်ဖို့ တစ်ယောက်ယောက်က ချော့သိပ်နေရတာမျိုး မလိုအောင် လေ့ကျင့်ပေးတာပါ။ ညဦးပိုင်းမှာ အိပ်ပျော်စေဖို့ ဖြစ်ဖြစ်၊ ညတစ်ရေးနိုးလာရင် ဖြစ်ဖြစ် သူ့အလိုလို ပြန်အိပ်ပျော်အောင် သင်ပေးတာပဲ ဖြစ်ပါတယ်။

ဒါက ကလေးတွေမှာ ဖြစ်လာရမယ့် ဖွံ့ဖြိုးမှုတစ်ခုပါ။ အရွယ်ရောက်လာတာနဲ့အမျှ သူအိပ်ပျော်ဖို့ တစ်ယောက်ယောက်ကို မှီခိုနေရတာက နည်းလာရမှာ ဖြစ်ပါတယ်။ ဒီလိုမှပဲ မိဘတွေလည်း အနားရမှာပါ။ တစ်သက်လုံး ကလေးကို ချော့သိပ်ရမယ်ဆိုတာတော့ မဟုတ်သေးပါဘူး။

နေ့နဲ့ ညနဲ့ မှားတာနဲ့ ကလေးအိပ်ပျော်အောင် Sleep training ပေးတာ မတူပါဘူး။ နေ့နဲ့ ညနဲ့ မှားတာက အရွယ်ရောက်ရင် အလိုလို ပြန်မှန်သွားပါတယ်။ လေ့ကျင့်ပေးလို့လည်း ရပါတယ်။ Sleep training ကကျတော့ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ကလေးက သူ့အလိုလို အိပ်ပျော်အောင် လေ့ကျင့်ပေးတာပဲ ဖြစ်ပါတယ်။

ဘယ်အရွယ်ကစပြီး Sleep training ပေးလို့ရပြီလဲ။

ကလေး ၄လဆိုရင် စပြီး သင်ပေးနိုင်ပါပြီ။ ဒီအရွယ်မှာ ကလေးတွေက ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်အောင် နေနိုင်နေပါပြီ။ ညဘက်မှာ နို့ထစို့တဲ့ အကြိမ်လည်း လျော့သွားပါပြီ။ ဒါ့ပြင် အသက် ၄လလောက်ဆိုရင် နေ့နဲ့ ညနဲ့ မှားတာလည်း နည်းလာပါပြီ။ ကိုယ်တွင်းက ဇီဝနာရီကလည်း လူကြီးတွေလို ဖြစ်လာပါပြီ။

တချို့ကျတော့လည်း ၆လလောက်မှ လေ့ကျင့်ပေးတာမျိုး ရှိပါတယ်။ မေမေတို့ အနေနဲ့ မသေချာဘူးဆိုရင် ကလေးဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

ကလေးအိပ်ပျော် စေဖို့ Sleep training နည်းလမ်းများ

  • Cry it out (CIO)

အလွယ်ပြောရရင် ကလေးငိုတာကို အဖက်မလုပ်တဲ့သဘောပါပဲ။ ညဘက်မှာ ကလေးကို ဝအောင်ကျွေး၊ သေးခံတွေ သေချာလဲပေးပြီးရင် အိပ်ရာထဲမှာ ထားလိုက်တာပါ။ ကလေးငိုလည်း သွားမကြည့်တော့ပါဘူး။ ဒါက ကလေးထက်စာရင် မိဘတွေအတွက် ပိုခက်ခဲပါတယ်။ မိဘတွေက ကလေးငိုတာကို မခံနိုင်လို့ပါ။ ဒါကြောင့် မနေနိုင်ဘဲ သွားသွားချီမိတတ်ပါတယ်။

သူ့ရဲ့ သဘောတရားက ကလေးကို အစာဝပြီး စိတ်ချရတဲ့ အနေအထားတစ်ခုမှာ ထားထားလိုက်တာပါ။ ငိုနေပေမယ့် ခဏနေရင် ကလေးက အိပ်ပျော်သွားပါတယ်။ ၃-၄ရက် လောက်နေရင် ကလေးက သူ့ဟာသူ အိပ်တတ်သွားပါပြီ။ ဒီနည်းက အမြန်ဆုံးပါပဲ။ ဒါပေမယ့် မိဘတွေ သည်းခံနိုင်ဖို့တော့ လိုပါတယ်။

  • Feber method

ဒါကတော့ ခုနကလို ကလေးငိုတာကို သည်းမခံနိုင်ဘူးဆိုတဲ့ မိဘတွေအတွက်ပါ။ ကလေးငိုရင် ချက်ချင်း သွားမကြည့်ဘဲ ခဏလောက် နေမှ သွားကြည့်တဲ့ နည်းလမ်းပါ။ ခဏဆိုတာကို အချိန်တိုးတိုးသွားတာပါ။ ဒီည ၅မိနစ်နေမှ သွားကြည့်ရင်၊ နောက်ည ၁၀မိနစ် ဒီလိုနဲ့ တိုးတိုးသွားလိုက်ရင် နောက်ကျရင် ကလေးက သူ့အလိုလို အိပ်ပျော်သွားပါတယ်။

  • Pick up, put down

ဒါကတော့ မိဘတွေ လုပ်နေကျပါ။ ကလေးကို ချော့သိပ်မယ်။ နည်းနည်းလေး ငိုက်လာပြီဆို အိပ်ရာပေါ်ချလိုက်မယ်။ ကလေးကတော့ ထုံးစံအတိုင်း ငိုမှာပါပဲ။ ဒါဆိုရင် အချိန်တစ်ခုစောင့်ကြည့်ပြီး အငိုမရပ်ဘူးဆိုရင် ကောက်ချီပြီး ပြန်သိပ်တာပါ။ တစ်ခါ အိပ်ပျော်ခါနီးရင် ပြန်ချပါတယ်။ ငိုရင် ထပ်စောင့်ကြည့် ပြန်ချီ ဒါမျိုးပါ။ ပြန်မချီခင်မှာ စောင့်ကြည့်တဲ့ အချိန်ကို တိုးတိုးသွားတာပါ။

ဒါက စိတ်ရှည်ရပါတယ်။ အချိန်လည်း အတော်ယူပါတယ်။

  • Chair method

ဒါကတော့ ဒီကလူတွေနဲ့ သိပ်အဆင်ပြေမယ် မထင်ပါဘူး။ နိုင်ငံခြားက လူတွေကတော့ ကလေးငယ်ပေမယ့် အခန်းခွဲပြီး သိပ်ကြတာကိုး။ ဒီမှာက မိသားစုတွေက တစ်ခန်းထဲ နေကြတာ များတယ်လေ။ ကလေးကြီးတွေအတွက် ပိုသင့်တော်ပါတယ်။

နည်းလမ်းက ကလေးကို အိပ်ရာမှာ ချပြီး အနားမှာ ခုံနဲ့ ထိုင်ကြည့်တာပါ။ ကလေးအိပ်ပျော်ခါနီးပြီဆိုရင် အိပ်ရာထဲမှာချပြီး အနားမှာ ထိုင်နေတာမျိုးပါ။ တချို့က အမေကို မြင်နေမှ အိပ်ပျော်တာပါ။ ငိုနေတော့လည်း ချီပြီး ချော့ပေါ့။ ဒီလိုကနေ ခုံကို ကလေးအိပ်ရာနဲ့ တဖြည်းဖြည်း ဝေးသွားအောင် ညတိုင်း ရွေ့တာပါ။ နောက်ဆုံး ကလေးက ကိုယ့်ကို မမြင်လည်း အိပ်နိုင်သွားတဲ့အထိပေါ့။

  • Bedtime fading

ဒါကတော့ အိပ်ပျော်အောင် ကျင့်ပေးတာထက် အိပ်ချိန်သတ်မှတ်ပေးတာနဲ့ ပိုတူပါတယ်။ တခြား Sleep training နည်းတွေနဲ့ တွဲပြီး လေ့ကျင့်ပေးရပါတယ်။ ကလေးကို ၇နာရီမှာ သိပ်ပြီး အိပ်ရာပေါ်ချလိုက်ရင် ကလေးက ဆူပူအော်ဟစ်နေတာနဲ့ ၇နာရီခွဲလောက်မှ အိပ်ပျော်သွားတယ်ဆိုပါစို့။ ဒါဆို သူ့အိပ်ချိန်က ၇ခွဲ ဖြစ်သွားပါပြီ။ ဒီတော့ နောက်ရက်ကျရင် ၇နာရီဆိုတာနဲ့ အိပ်ပျော်အောင် ရှေ့ကို ၁၀မိနစ် ၁၅မိနစ် ဆီတိုးပြီး သိပ်ရပါတယ်။

ကလေးအိပ်ပျော် ဖို့ Sleep training ပေးရာမှာ သိထားရမယ့် အချက်များ

  • တစ်ခါတလေ Sleep training ပေးပေမယ့် ကလေးက မအိပ်တာတွေ ရှိပါတယ်။ စိတ်မပူပါနဲ့။ ဒီလိုလည်း ဖြစ်တတ်ပါတယ်။ အနည်းဆုံး နည်းလမ်း တစ်ခုကို တစ်ပတ်လောက် ကြိုးစားကြည့်ပါ။ စိတ်ရှည်ပါ။
  • ကလေးအတွက် အိပ်ချိန်တစ်ခု သတ်မှတ်ပေးပါ။ အိပ်ပျော်ခါနီးမှ Sleep trainingကို လုပ်ပေးပါ။ လန်းနေချိန်ဆို အိပ်မှာ မဟုတ်ပါဘူး။ အိပ်ငိုက်နေပြီဆို Sleep training စလို့ရပါပြီ။
  • ကလေးကို မအိပ်ခင်မှာ ပြင်စရာရှိတာ ပြင်ထားပေးပါ။ မအိပ်ခင် နို့တိုက်ထားတာ၊ သေးခံတွေ လဲထားပေးတာ၊ အိပ်ရာကို သက်သောင့်သက်သာဖြစ်အောင် ပြင်ပေးထားတာမျိုးပါ။
  • သည်းခံပါ။ ကလေးငိုတိုင်း ထမကြည့်မိအောင်၊ အင့်ခနဲ အသံကြားတာနဲ့ သွားမကြည့်မိအောင် သည်းခံပါ။
  • ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ မိဘတွေ အနေနဲ့ ကလေးတွေကို Sleep training ပေးတာက စိန်ခေါ်မှု တစ်ခုပါပဲ။ မေမေတို့အနေနဲ့ စိတ်ဓာတ်မကျပါနဲ့။ ကလေးနဲ့ အတူတူ စိတ်ရှည်ပြီး ကြိုးစားကြည့်ကြပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://health.clevelandclinic.org/when-and-how-to-sleep-train-your-baby/

https://www.whattoexpect.com/first-year/sleep/sleep-training-baby/

ယခုပုံစံ

23/01/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအရွယ်မှာ အိပ်ချိန်ပြည့်ဝဖို့ အရေးကြီးပါတယ်

ဘေဘီလေးတို့ ဘေးကင်းကင်းအိပ်ပျော်စေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 23/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement