brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ကလေးတွေ အဝတ်အစားတွေထဲက သတိပြုစရာဓါတုပစ္စည်းတွေအကြောင်း

မွေးကင်းစကလေးငယ်လေး တွေရဲ့ အရေပြားက တုံ့ပြန်ထိခိုက်လွယ်ကြပါတယ်။ မွေးကင်းစကလေးတွေ ကို အသားအရေအတွက် အသုံးပြုပေးတဲ့ ပစ္စည်းတွေကစလို့ အဝတ်အစားတွေ အထိသေချာရွေးချယ်ပေးဖို့လိုပါမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ကလေးမှာ မလိုလားဘဲ အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ဖေဖေမေမေတို့ သတိထားလို့ရအောင် ကလေးတွေအဝတ်အစားတွေမှာပါတတ်တဲ့ ဓါတုပစ္စည်းတွေအကြောင်းကိုပြောပြပေးမယ်နော်။

ကလေးတွေ အဝတ်အစားတွေထဲက သတိပြုစရာဓါတုပစ္စည်းတွေအကြောင်း

အဝတ်အထည်တွေမှာ ဓါတုပစ္စည်းတွေပါတတ်လား

ပုံမှန်အတိုင်းဆိုရင်တော့ အဝတ်အထည်တွေမှာ ဓါတုပစ္စည်းတွေပါဝင်နေမယ်လို့ ထင်စရာမရှိပါဘူး။ ဒါပေမယ့် အဝတ်အထည်တစ်ခုဖြစ်လာဖို့ ကုန်ကြမ်းတွေကတည်းကစလို့နောက်ဆုံး အချောထည်ထွက်လာတဲ့ အထိအဆင့်ဆင့်မှာ ဓါတုပစ္စည်းမျိုးစုံကို အသုံးပြုကြရပါတယ်။ ဒီလိုမျိုး ဓါတုပစ္စည်းတွေ အမျိုးမျိုးအသုံးပြုထားရတဲ့ အထည်တွေက ကလေးငယ်လေးတွေရဲ့ အရေပြားနဲ့သင့်တော်ပါ့မလား။ဘေဘီနဲ့ မသင့်တော်တဲ့ဓါတုပစ္စည်းတွေက ဘာတွေများဖြစ်မလဲ။

အထည်တွေမှာ ဘယ်လိုဓါတု ပစ္စည်းတွေပါဝင်နေလဲ

နေ့စဉ်ဝတ်ဆင်နေတဲ့ အဝတ်အစားတွေကို ချုပ်လုပ်ထားတဲ့ အထည်တွေမှာဓါတုပစ္စည်းတွေ အများအပြားပါဝင်နေပါတယ်။ အထည်ကိုဆိုးထားတဲ့ အရောင်၊ အဆင်ဖော်ထားတဲ့ဆေးတွေ၊ အထည်ကို ပိုးကိုက်တာမျိုးမဖြစ်အောင်သုံးထားတဲ့ ပိုးသတ်ဆေးလိုမျိုး ဓါတုဆေးတွေပါဝင်နေပါတယ်။ အထည်တွေမှာ ပါဝင်နေတဲ့ဓါတုဆေးတွေက –

  • အမိုးနီးယား
  • Caustic soda
  • အစွန်းချွတ်ဆေး
  • Formaldehyde
  • Halogens
  • ဓါတု ဆိုးဆေးများ
  • Sulfonamides
  • Sulfuric acid
  • Urea resins
  • Volatile organic compounds (VOCs) တို့ပါဝင်ထုတ်လုပ်ထားကြတာပါ။

ဘာလို့ ဓါတုဆေးတွေကို အထည်ထုတ်လုပ်ရာမှာ အသုံးပြုတာလဲ

အထည်တွေမှာ ဓါတု ပစ္စည်းတွေအသုံးပြုရတယ်ဆိုတာကလည်း အချို့သောလိုအပ်ချက်တွေကြောင့်ပါ။ သဘာဝဆိုးဆေးတွေကို အသုံးပြုပြီးထုတ်လို့ရပေမယ့် တာရှည်ခံနိုင်စွမ်းနည်းမှာကို စိုးတာကြောင့် ဓါတုပစ္စည်းတွေကို အသုံးပြုထုတ်လုပ်နေကြတာလည်းဖြစ်ပါတယ်။ ဓါတုပစ္စည်းတွေအသုံးပြုရတာက –

  • ပိုးမွှားတွေအန္တရာယ်ကနေ ကာကွယ်ဖို့
  • ဘက်တီးရီးယားတွေကို ကာကွယ်ဖို့
  • ရေစိုခံနိုင်စေဖို့
  • ပိုးကိုက်ခံရတဲ့ ဒဏ်ကနေ ကာကွယ်နိုင်စေဖို့
  • ချည်ရုန်းတာမျိုးမဖြစ်စေဖို့
  • စွန်းထင်းမှု ကင်းစေဖို့
  • တွန့်ကြေတာမျိုး မဖြစ်စေဖို့
  • အနံ့ကင်းစေဖို့ အသုံးပြုကြတာဖြစ်ပါတယ်။

ပြည်ပကနေ တင်ပို့တဲ့အဝတ်အစားတွေမှာဆိုရင် သက်ဆိုင်ရာနိုင်ငံကိုရောက်ရှိတဲ့အခါ သစ်လွင်တောက်ပနေစေဖို့အတွက် အဝတ်အစားတွေကိုformaldehydeဖြန်းပေးလိုက်တတ်ကြပါတယ်။ ဒီလိုမျိုးဓါတုပစ္စည်းတွေက လူကြီးတွေရဲ့ အသားအရေမှာ သိပ်ပြီးထိခိုက်ပြောင်းလဲတာမျိုးမရှိပေမယ့် ကလေးငယ်တွေရဲ့ အသားအရေကိုတော့ ထိခိုက်နိုင်ပါတယ်။

ကလေးငယ်လေးတွေရဲ့ ခန္ဓါကိုယ်အရေပြားပေါ်က တစ်ရှုးတွေကဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် ဓါတုပစ္စည်းတွေနဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့် အလွယ်တကူ ထိခိုက်တုံ့ပြန်နိုင်ပါတယ်။ ကလေးငယ်လေးတွကို ဒီလိုပြဿနာတွေကနေ ကင်းဝေးစေချင်တယ်ဆိုရင်တော့ ကလေးငယ်ကို သဘာဝ ပစ္စည်းတွေကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ အဝတ်အထည်တွေကိုရွေးချယ်ပေးဖို့ပါ။

ကလေးတွေရဲ့ အဝတ်အထည်တွေမှာ အများဆုံးပါတဲ့ ဓါတုပစ္စည်းတွေက အလွယ်တကူအရောင်ပြန့် စွန်းထင်းတာမျိုး မဖြစ်အောင်အသုံးပြုထားတဲ့ဆေးတွေ၊ရေစိုခံစေဖို့နဲ့ အလွယ်တကူ မီးမလောင်စေဖို့ အသုံးပြုထားတဲ့ ဓါတုဆေးတွေပါ။ ဒီဓါတုဆေးတွေက ကလေးငယ်တွေရဲ့ နုနယ်တဲ့အရေပြားကို ယားယံတာနဲ့ မအီမသာဖြစ်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒီအဝတ်တွေမှာပါတဲ့ ဓါတုပစ္စည်းတွေကို ရှုရှိုက်မိမယ်ဆိုရင်ဘေဘီလေးတွေမှာ အသားအရေတင်မကဘဲ အခြားကျန်းမာရေးထိခိုက်မှုတွေပါရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးအတွက် အဝတ်အစားဝယ်မယ်၊ အသုံးပြုရမယ့် ပိတ်စရွေးချယ်မယ်ဆိုရင်ဖော်ပြထားတဲ့ဓါတုပစ္စည်းတွေမပါတာကို အတတ်နိုင်ဆုံးရွေးချယ်ဝယ်ယူတာကဘေးအကင်းဆုံးဖြစ်နိုင်ပါလိမ့်မယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။