အမေကခေါ်နေရင် ရေမချိုးချင်လို့ ပတ်ပြေးခဲ့တဲ့အဖြစ်တွေ ၊ ခေါင်းလျှော်ပေးမှာကြောက်လို့အော်ငိုခဲ့ရတာတွေ ငယ်ငယ်ကကြုံဖူးခဲ့သူတွေရှိမှာပါ။ ကလေးအတော်များများက ရေချိုးရတာပျော်တယ်ဆိုရင်တောင်မှ ခေါင်းလျှော်တဲ့အခါ သူတို့ရဲ့မျက်နှာကိုရေစိုတာ၊ခေါင်းကိုရေလောင်းတာမကြိုက်ကြပါဘူး။
မွေးကင်းစအရွယ်ဆို ကလေးကငြင်းဆန်ရင်တောင် လုပ်ပေးရလွယ်ပေမယ့် နည်းနည်းကြီးလာတဲ့အခါ နှစ်နှစ်ဝန်းကျင်ကလေးတွေဆိုခေါင်းလျှော်ကာနီးတိုင်း တိုက်ပွဲဝင်ရတာမိဘတွေရဲ့အခက်အခဲတစ်ခုပါ။ တချို့က စည်းရုံးရလွယ်ပေမယ့် တချို့က အကြောက်အကန် ငိုယိုရုန်းကန်တာ၊ ပတ်ပြေးနေတာတွေရှိပါတယ်။ ဒါတွေဟာ ကလေးက –
- အရင်တခေါက်က မျက်လုံးထဲ ဒါမှမဟုတ် ပါးစပ်ထဲကို ခေါင်းလျှော်ရည်ဝင်ခဲ့ဖူးတယ်ဆိုရင်
- ရေကြောက်တတ်ရင်
- ခေါင်းလျှော်ပေးတဲ့ပုံစံအနေအထားကိုမကြိုက်ရင်
- ခေါင်းလျှော်ရမှာကို မကြိုက်တာမျိုးဖြစ်ရင် စတဲ့အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ဒီတော့ခေါင်းလျှော်ပေးရခက်တဲ့ကလေးရဲ့ မိဘတွေအနေနဲ့ အောက်မှာဖော်ပြတဲ့အထဲက နည်းလမ်းတစ်ခုခုကို သုံးလို့ရပါတယ် –
(၁) ခေါင်းခဏခဏမလျှော်ပေးပါနဲ့
ကလေးကိုရေချိုးပေးတိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး။ ကလေးဆံသားက သိပ်ညစ်ပေမှာမဟုတ်တာကြောင့် တစ်ပတ်တစ်ကြိမ်ဆို သူတို့အတွက် လုံလောက်ပါတယ်။ ရက်နည်းနည်းခြားပေးခြင်းအားဖြင့်ခေါင်းလျှော်ရတဲ့စိတ်ဒုက္ခကို ကလေးကမေ့သွားလောက်ပါတယ်။
(၂) ကလေးကို ကိုယ်တိုင်လုပ်ခွင့်ပေးပါ
ကလေးကိုခေါင်းလျှော်ပေးသင့် မပေးသင့်ဆိုတာထက် ဘယ်လိုရအောင်လျှော်ပေးမလဲဆိုတာကိုအဓိကထားပါ။ ကလေးကခေါင်းလျှော်ရည်ကို ကိုယ်တိုင်လက်နဲ့ယူပြီးလျှော်ခွင့်ရရင် ပိုပျော်လာနိုင်ပါတယ်။ရေစချိုးကတည်းကခေါင်းလျှော်ပေးပါ။ ရေချိုးရင်း၊ရေချိုးဇလုံထဲကစားရင်းပျော်နေမယ်ဆိုရင် တစ်ကိုယ်လုံးရော ဆံပင်ရောလျှော်ပြီးချိန်အထိ သူပျော်ရွှင်နေမှာပါ။
(၃) ဘာကြောင့် မလျှော်ချင်တာလဲဆိုတာ သိအောင်လုပ်ပါ
ကလေးက စကားပြောတတ်နေပြီဆိုရင် ခေါင်းလျှော်တဲ့အချိန် သူဘာကိုစိတ်အရှုပ်ဆုံးလဲဆိုတာမေးကြည့်လို့ရပါပြီ။ မျက်နှာပေါ်ရေကျတာမကြိုက်တာ ဒါမှမဟုတ်ခေါင်းလျှော်ရည်သုံးတဲ့အခါ ခေါင်းကို ပွတ်တာလျော်တာကိုမကြိုက်တာလည်းဖြစ်နိုင်ပါတယ်။ ဘာကြောင့် မလျှော်ချင်တာလဲဆိုတဲ့အကြောင်းရင်းကိုသိပြီဆိုရင်ဖြေရှင်းဖို့ကြိုးစားကြည့်နိုင်ပြီလေ။
ကလေးကခေါင်းကိုရေလောင်းချတာမကြိုက်ဘူးဆိုရင် မျက်နှာပေါ်စီးမကျအောင်ရေပိုက်လေးနဲ့ခပ်ဖြည်းဖြည်းဆံပင်ကိုဆေးပေးနိုင်ပါတယ်။ရေချိုးဇလုံထဲ ပက်လက်လေးမှီလျက်နေမယ်ဆိုရင်တော့လျှော်ရပိုလွယ်ကူစေပါတယ်။
(၄) အရုပ်ကိုလည်း လျှော်ပေးပါ
ရေချိုးတဲ့အခါ သူ့ကစားဖော်အရုပ်လေးကိုပါခေါင်းလျှော်ခိုင်းလိုက်ပါ။ အရုပ်ကို သူလျှော်ပေးနေတဲ့အချိန် ကိုယ်ကလည်း သူ့ကိုခေါင်းလျှော်ပေးပါ။ အရုပ်ကိုခေါင်းလျှော်ပေးတဲ့အချိန် သူလုပ်တဲ့အတိုင်းကိုယ်က လိုက်လျှော်ပေးရုံပါပဲ။
(၅) ပျော်စရာဖန်တီးပါ
ရေချိုးတဲ့အခါ ကလေးကို အိတ်ဆောင်မှန်အသေးလေးတစ်ခုပေးထားပြီးခေါင်းလျှော်လက်စဆံပင်မှာ အမြှုပ်ကိုပုံစံအမျိုးမျိုးလုပ်ပေးပါ။ ဥပမာ – အမြှုပ်နဲ့ဆံပင်ကို ချိုလေးတွေ၊ အလိပ်လေးတွေ၊ နားရွက်ပုံလေးတွေ စသည်ဖြင့် ကလေးကြိုက်မယ့် ပုံစံလေးတွေလုပ်ပြီး မှန်မှာပြပေးပါ။ အာရုံစိုက်ရင်း၊ ကြည့်ရင်းနဲ့ကိုခေါင်းလျှော်ပြီးသားဖြစ်သွားမှာကို သူသတိထားမိလိုက်မှာမဟုတ်ပါဘူး။
(၆) အာရုံပြောင်းပါ
ရေချိုးခန်းအပေါ်မျက်နှာကြက်မှာ ရယ်စရာကောင်းတဲ့ရုပ်ပုံ သို့မဟုတ် လှုပ်တုပ်တုပ် အရုပ်တစ်ခုခုချိတ်ဆွဲထားပါ။ခေါင်းလျှော်နေတဲ့ကိစ္စကနေ သူအာရုံပြောင်းသွားစေမယ့်အရာတစ်ခုခုပေါ့။ သီချင်းတစ်ခုခုကိုကျယ်ကျယ်ဆိုနေတာမျိုးကလည်း အာရုံပြောင်းတဲ့နေရာမှာ အထောက်အကူဖြစ်ပါတယ်။ လက်ကလေး၊ခြေထောက်လေးတွေကိုရေချိုးပေးရင်းလည်း တစ်ခုချင်းအသံထွက်ပြီးစကားပြောပေးမယ်ဆိုရင် တစ်ကိုယ်လုံးရေချိုးပြီးတဲ့အခါ သင်သာလက်မြန်ခဲ့ရင်ခေါင်းတခါတည်းလျှော်လိုက်လို့ရပါတယ်။
ခေါင်းလျှော်နေတဲ့အချိန် မျက်နှာကြက်ကအရုပ်တွေကို ကြည့်ဖို့ ကလေးကို သတိပေးပါ။ ကလေးကမော့ကြည့်နေမယ်ဆိုရင်ရေရောခေါင်းလျှော်ရည်ရော မျက်နှာပေါ်မကျတော့ဘဲ၊ မျက်လုံးထဲမဝင်တော့ဘဲအေးဆေးဖြစ်သွားပါလိမ့်မယ်။ တစ်ကြိမ်အဆင်ပြေသွားခဲ့ရင် နောက်တစ်ခါလျှော်ဖို့ ကလေးကကြောက်တော့မှာမဟုတ်ပါဘူး။ တခါတခါကျရင်ရေလောင်းချချိန်မှာ မိုးတွေရွာလာလာသလိုလို လည်းလှည့်စားနိုင်ပါတယ်။ တကယ်တော့ ဘယ်နည်းကိုပဲ သုံးသုံး ကလေးစိတ်ကျေနပ်ဖို့က အဓိကပါပဲ။ ကိုယ့်ကလေးရဲ့အကြိုက်ကိုလိုက်ပြီး အဆင်ပြေမယ့်နည်းလမ်းကို သုံးနိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-baby-poop-tool]