ကလေးတွေအတွက် ရိုးရှင်းပြီးပျော်စရာကောင်းတဲ့ နည်းတွေနဲ့ကစားရင်းသင်ပေးတာက သူတို့ရဲ့ လေ့လာသင်ယူနိုင်စွမ်းနဲ့ ဖွံ့ဖြိုးမှုကို တိုးတက်စေပါတယ်။
ကျန်းမာပြီးပျော်ရွှင်တဲ့ကလေးတွေအဖြစ်တင်မကဘဲ ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေဖြစ်လာဖို့လည်း မိဘတွေက လိုလားကြပါတယ်။ ဒီတော့ ကလေးတွေကို အကောင်းမြင်စိတ်နဲ့ပဲ ဆက်ဆံပြီး စကားတတ်မြောက်မှု၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ အိုင်ကျူစွမ်းရည်တိုးတက်စေဖို့ နေ့စဉ်လုပ်ဆောင်နေကျကိစ္စတွေမှာပဲ ကူညီသင်ပြ ပေးနိုင်ပါတယ်။ ကိုယ်က အသံ၊အနံ့၊ အထိအတွေ့၊ အရသာတွေသင်ပြပေးချိန်မှာ ကလေးကပျော်ပျော်ရွှင်ရွှင် လေ့လာနေဖို့ ၊ပတ်ဝန်းကျင်မှာရှိသမျှတွေကို စိတ်ဝင်တစားရှိနေဖို့ က အဓိကသော့ချက်ပါ။
ကလေးကိုစကားပြောပေးပါ
ကိုယ့်ရဲ့တစ်နေ့တာအကြောင်း ကလေးကိုပြန်ပြောပြတာက ကလေးမှာ သူမြင်နေရတာတွေနဲ့ တွဲဖက်နားလည်နိုင်စွမ်းတိုးတက်စေပါတယ်။ စကားကိုဖြည်းဖြည်းနဲ့ ကလေးမြူသလိုပုံစံနဲ့ ပြောပေးတာက ကလေးရဲ့လေ့လာနိုင်စွမ်းကိုတိုးတက်စေတယ်လို့ သုတေသနကဖော်ပြပါတယ်။
ကလေးကိုယ်တိုင်ပါဝင်ခံစားစေပါ
လမ်းလျှောက်ထွက်ရင်း ခွေးသံကြားတဲ့အခါ “ဘာသံလဲ”လို့ကလေးကိုမေးပြီး ဒါဟာခွေးဟောင်သံ(ဝုတ်ဝုတ်) ဖြစ်တဲ့အကြောင်း ကိုယ်ကပြန်ဖြေပြပေးပါ။ နောက်ကြုံတိုင်း ပြောတဲ့အခါ ကလေးက မှတ်မိပြီး ဝုဝုလို့ ကိုယ်တိုင်ဖြေနိုင်လာပါလိမ့်မယ်။ နောက်ဆုံးမှာ ခွေး ဆိုတဲ့ဝေါဟာရကို ကိုယ်တိုင်သိသွားစေမှာပါ။ အပြင်ထွက်တဲ့အချိန်မိုးဖွဲကျလာတဲ့အခါ အမိုးမကာခင် ကလေးကိုအရင်ထိတွေ့စေလိုက်ပါ။ “မိုးရွာတာတွေ့လား၊ စိုနေပြီ” စတာတွေပြောပြပါ။
ပတ်ဝန်းကျင်အနေအထားမပြောင်းလဲအောင်ထားပါ
ကလေးတွေရဲ့ဦးနှောက်က သူတို့ရင်းနှီးကျွမ်းဝင်တဲ့ပတ်ဝန်းကျင်တွေမှာဆိုရင် အကြောင်းအရာသစ်တွေကို သိရှိမှတ်သားနိုင်စွမ်းအကောင်းဆုံးဖြစ်ပါတယ်။
စကားပြောတဲ့အခါ လက်ဟန်အမူအရာပါသုံးပါ
မျက်နှာနဲ့ပါးစပ်မှာ စကားမပြောနိုင်ခင် ဖွံ့ဖြိုးနိုင်ဖို့လိုအပ်တဲ့ ကြွက်သားပေါင်း ၈၀ ခန့်ရှိပါတယ်။ ဒီကြွက်သားတွေ ဖွံ့ဖြိုးလာဖို့အနည်းဆုံးတစ်နှစ်လောက်ကြာတတ်တာကြောင့် ဟန်အမူအရာနဲ့ပြောဆိုမှုက ကြွက်သားဖွံ့ဖြိုးမှုကို ပိုမြန်စေပါတယ်။
ဖိအားမပေးပါနဲ့
ဦးနှောက်ဖွံ့ဖြိုးဖို့ဆိုရင် တချို့မိဘတွေက သင်ကြားရေးကစားနည်းဘက်ကို ဦးစားပေးတတ်ကြပါတယ်။ ဒီလိုဆိုရင် ပန်းတိုင်တစ်ခုအတွက် အရမ်းကိုတွန်းအားပေးတတ်တာကြောင့် ကလေးတွေမပျော်ပါဘူး။ ကစားချိန်မှာလည်း ကလေးကိုယ်တိုင်ဦးဆောင်ပါစေ။
ရေတွက်တတ်အောင်သင်ပေးပါ
နေ့စဉ်အသုံးပြုနေတဲ့ပစ္စည်းတွေမှာပဲ ကလေးကို ရေတွက်တတ်အောင်သင်ပေးပါ။ ဥပမာ – ပေတံကိုပြပြီး သင်တာလည်း ရသလို သူ့ရဲ့ဘေးမှာ ပန်းသီးတွေတန်းစီပြီး ရေတွက်ပြတာမျိုး။ တခြားမတူညီတဲ့အရာတွေကို လည်း အမြဲရေတွက်ပြပါ။
အိမ်သုံးပစ္စည်းတွေကို နာမည်ရေးထားပါ
ရေခဲသေတ္တာ၊ ပြတင်းပေါက်၊ထိုင်ခုံတို့လို အိမ်ထဲက ပစ္စည်းတွေကို နာမည်ရေးပြီးကပ်ထားပါ။ ကလေးမှတ်မိလွယ်စေဖို့ စာလုံးတွေကို အရောင်တူ၊ အရွယ်အစားတူအောင်ထားပါ။
ပစ္စည်းပြန်စီတာတွေလုပ်ခိုင်းပါ
ကလေးတွေကို အိမ်မှာ ပစ္စည်းနေရာချခိုင်းတာမျိုးခိုင်းပေးပြီး ကူညီတတ်တဲ့အကျင့်လေးကိုမွေးမြူပေးပါ။ ကလေးကစားစရာတွေ၊အဝတ်အထည်တွေ၊ အိုးခွက်ပန်းကန်တွေနဲ့ အိမ်သုံးပစ္စည်းတွေကို နေရာသတ်သတ်မှတ်မှတ်ထားပြီး နာမည်တံဆိပ်ချိတ်ထားပါ။ သားသားရေ ကစားစရာတွေဘယ်ရောက် ကုန်ပြီလဲ ဆိုတာမျိုး၊ ဖိနပ်ဘယ်မှာထားလိုက်လဲ ဆိုတာမျိုး မေးပေးပါ။ ကလေးတွေက မိဘနဲ့အတူ ပစ္စည်းသိမ်းဖို့ ပျော်ရွှင်လာပါလိမ့်မယ်။
မြို့ထဲခေါ်သွားပါ
စူပါမားကတ်တွေ၊ မီးသတ်ဌာန၊ ဓါတ်ဆီဆိုင်၊နဲ့တခြားစိတ်ဝင်စားစရာတွေကို လက်ညှိုးထိုးညွှန်ပြရင်း ကလေးကို ကိုယ်နေထိုင်တဲ့မြို့နဲ့ရင်းနှီးအောင်လုပ်ပါ။ တစ်နေရာကိုဖြတ်သွားတိုင်း အနီးတဝိုက်ကအကြောင်းအရာတွေ အသေးစိတ်ရှင်းပြပါ။ ဥပမာ- ဒီမှာ ဘယ်သူအလုပ်လုပ်နေတာ၊ ဒီကိုဘာ့ကြောင့်လာတာ၊ အထဲမှာ ဘာတွေရှိသလဲ ဆိုတာမျိုးတွေပါ။
ကလေးတွေဟာ အသက် ၁ နှစ်ကနေ ၃ နှစ်ကြားအရွယ်မှာ အရင်ထက်ကြီးထွားဖွံ့ဖြိုးမှုနှုန်းပိုမြန်ဆန်ပြီး လူကြီးဦးနှောက်ထက် နှစ်ဆနီးပါးပိုပြီး တက်ကြွလှုပ်ရှားမှုရှိပါတယ်။ မိဘတွေအနေနဲ့ မှန်ကန်တဲ့အာဟာရ ပေးခြင်း၊လှုံ့ဆော်လှုပ်ရှားစေခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးခြင်းတွေနဲ့ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့အားဖြည့်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။
ဒါပေမယ့် လိုအပ်တဲ့အကျိုးအာနိသင်အားလုံးအတွက် အာဟာရတစ်မျိုးတည်းကစွမ်းဆောင်မပေးနိုင်ပါဘူး။ ဒါ့ကြောင့် ကလေးရဲ့သင်ယူလေ့လာနိုင်စွမ်းနဲ့ စူးစမ်းနိုင်စွမ်းပိုကောင်းစေမယ့် အာဟာရဓါတ်ပေါင်းစုထားတဲ့ ဖြည့်စွက်အစာကို ရွေးချယ်ဖို့အရေးကြီးပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-baby-poop-tool]