backup og meta

ကလေးကို သန်ချပေးဖို့လိုနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို သန်ချပေးဖို့လိုနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ

    သန်ကောင် တုပ်ကောင်ဆိုတာ ခန္ဓာကိုယ်မှာ တွယ်ကပ်ပြီး အာဟာရတွေ လုယူနေတဲ့ ကပ်ပါးပိုးတွေပါ။ သန်လုံးကောင်၊ တုပ်ကောင်၊ ချိတ်ပြားသန်ကောင်၊ ကြာပွတ်နဲ့တူတဲ့ သန်ကောင် အစရှိသဖြင့် သန်ကောင်တုပ်ကောင်အမျိုးအစားတွေ အများကြီးရှိပါတယ်။ ဒီလိုသန်ကောင်တွေ ရှိနေရင် ကိုယ့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ရင်သွေးလေးတွေကို မှန်မှန်သန်ချပေးဖို့ လိုအပ်ပါတယ်။ ဒီမှာတော့ ဘယ်အချိန်တွေမှာဆိုရင် သန်ချဖို့လိုအပ်နေပြီလဲဆိုတာကို ဖော်ပြပေးထားပါတယ်။ ကလေးကို သန်ချပေးဖို့လိုနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ က ဘာတွေဖြစ်မလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။

    ကလေးကို သန်ချပေးဖို့လိုနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ

    သန်ကောင်တွေရှိနေတယ်ဆိုတာ အများအားဖြင့်တော့ လက္ခဏာမပြတတ်ပါဘူး။ ပြခဲ့ရင်လည်း သိပ်မသိသာတာကြောင့် အမှုမဲ့အမှတ်မဲ့နေတတ်ကြပါတယ်။ သန်ချဖို့ဆိုတာ လူကြီးတွေတောင်မေ့လျော့နေတတ်တဲ့ အရာဖြစ်နေတော့ ကလေးတွေမှာဆို သတိထားမိကြပါ့မလား။

    ကူးစက်ခံထားရတဲ့ သန်ကောင်ရဲ့ အမျိုးအစားနဲ့ အခြေအနေပြင်းထန်မှုတို့အပေါ် မူတည်ပြီး ကလေးမှာ သန်ထတဲ့လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေရှိနေပြီဆိုရင် သန်ချဆေးတိုက်ဖို့ မဖြစ်မနေ လိုအပ်နေပြီလို့ သတိရပါ ။

    ကလေးမှာ –

    • ဗိုက်အောင့်၊ဗိုက်နာဖြစ်တာ
    • ကိုယ်အလေးချိန်ကျတာ
    • မအီမသာဖြစ်ပြီး ပျို့အန်တာ
    • ဝမ်းအနံ့ပြင်းတာ
    • အသားယားတာ
    • ကောင်းကောင်းအိပ်မပျော်တာ( စအိုဝယားယံမှုကြောင့်)
    • ချောင်းဆိုးတာ၊ အန်တာ (သန်ကောင်ပါလာတတ်တယ်)
    • သွေးအားနည်းလာတာ၊ အမောမခံနိုင်တာ (ချိတ်သန်ကောင်ကြောင့် ပြင်းထန်တဲ့ အခြေအနေမှာဖြစ်တတ်ပါတယ်)
    • အစာစားချင်စိတ်မရှိတာ
    • ဝမ်းလျှောတာ၊ ဝမ်းထဲမှာ သန်ကောင်ပါလာတာ
    • အာဟာရချို့တဲ့တာ
    • ကလေးရဲ့စအိုဝ တဝိုက် ယားယံတာက တုပ်ကောင်ကြောင့်အဖြစ်များပါတယ်။ ညဘက်မှာ တုပ်ထတတ်ပြီး စအိုနားမှာ ဥဥတာကြောင့် ယားယံမှုကိုခံစားရတာဖြစ်ပါတယ်။
    • ဆီးအောင့်တာ၊ ခဏခဏဆီးသွားတာ (သန်ကောင်ကူးစက်မှုကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း)
    • ကိုယ်ပူပြီးချောင်းခြောက်ဆိုးတာ (သန်လုံးကောင်ဥတွေနဲ့ ထိတွေ့ကူးစက်ပြီး ၄ ရက်မှ ၁၆ ရက်အတွင်းဖြစ်လာတတ်ပါတယ်)
    • ချောင်းဆိုး၊ တရွှီရွှီသံမြည်နေတာ (ချိတ်သန်ကောင်က အဆုတ်ကိုထိခိုက်စေတဲ့အခါ အသက်ရှူလမ်းကြောင်းပြဿနာဖြစ်တတ်ပါတယ်)
    • ဖြစ်ခဲတယ်ဆိုပေမယ့် သန်ကောင်အရမ်းများနေရင် အူထဲမှာ ပိတ်ဆို့မှုဖြစ်လာနိုင်ပါတယ်။

    ကလေးရဲ့ဖွံ့ဖြိုးမှုမှာ သန်ကောင်ကြောင့် ဘယ်လိုသက်ရောက်မှုတွေဖြစ်လာနိုင်လဲ

    ခဏတာဆိုရင်တော့ စိတ်ရှုပ်စရာ လက္ခဏာတွေကလွဲပြီး သိပ်မဆိုးပေမယ့် မကုသဘဲ၊ မရှင်းပစ်ဘဲ ကြာလာရင်တော့ သန်ထတဲ့လက္ခဏာတွေ ပိုဆိုးလာနိုင်ပြီး အူလမ်းကြောင်း သွေးယိုခြင်း၊ အူလမ်းကြောင်း ပိတ်ခြင်းတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒီလိုနဲ့ အာဟာရချို့တဲ့ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးအားနည်းခြင်းတို့လိုနောက်ဆက်တွဲတွေရှိလာနိုင်ပါတယ်။

    သန်ရှိနေတဲ့ကလေးတွေမှာ ကိုယ်ခံအားစနစ်က ထိခိုက်ထားတာကြောင့် နာမကျန်း ဖြစ်လွယ်ပါတယ်။ သန်ကောင်တွေက ဦးနှောက်ထဲထိ ဝင်ရောက် ပိတ်ဆို့ပြီဆိုရင်တော့ အခြေအနေ ပြင်းထန်လာနိုင်ပါတယ်။

    သန်မချတာ တာရှည်လာရင် ကလေးရဲ့ ဖွံ့ဖြိုးမှုကို နှေးကွေးစေနိုင်တဲ့အပြင် အာဟာရ မပြည့်ဝမှုကြောင့် ဦးနှောက်နဲ့ ဉာဏ်ရည်ပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အသက် တစ်နှစ်ပြည့်ပြီးတဲ့ ကလေးတွေကို ခြောက်လ တစ်ကြိမ် သန်ချပေးဖို့ မမေ့ပါနဲ့။
    ကလေးကို သန်ထမှ သန်ချပေးတာထက် ၆ လ တစ်ကြိမ် မှန်မှန် သန်ချပေးတာက ပိုပြီး သင့်တော်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို သန့်ရှင်းရေး အားနည်းတဲ့ နိုင်ငံတွေမှာ ကလေးတွေကို ပုံမှန် သန်ချဖို့ လိုကို လိုပါတယ်။ သန်ထတဲ့ လက္ခဏာ ပြင်းထန်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement