backup og meta

သင်္ကြန်တွင်း ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်မယ်


Aye Thi Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်္ကြန်တွင်း ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်မယ်

    သင်္ကြန်ရောက်ဖို့ တစ်ရက်လောက်ပဲလိုတော့တယ်နော်။ သင်္ကြန်အတွက် အစီအစဉ်တွေတောင်ဆွဲပြီးလောက်ရောပေါ့။ လည်မယ့်သူဆိုရင်လည်း ဘယ်လိုလည်မယ်၊ မဏ္ဍပ်ထိုင်မယ်ဆိုရင်လည်း ဘယ်မှာထိုင်မယ်ပေါ့။ ဒီဆွဲထားတဲ့အစီအစဉ်ထဲမှာ ဘယ်လို စားသောက်မလဲဆိုတာရောပါရဲ့လား။ သင်္ကြန်လည်တဲ့အခါပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အစားအသောက်နဲ့ အခြားသောသတိထားရမယ့်အချက်တွေကတော်တော်လေးများပါတယ်။

    သင်္ကြန်မှာ မသန့်ရှင်းတဲ့အရာတွေ၊ ခန္ဓါကိုယ်အတွက် ထိခိုက်စေမယ့် အရာတွေနဲ့ ကျန်းမာရေးနဲ့မသင့်တော်တဲ့အရာတွေကို စားမိနိုင်ခြေသောက်မိနိုင်ခြေတော်တော်လေးများပါတယ်။ ယင်နားစာ၊ ဝမ်းနူးစားတွေ နဲ့ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေနဲ့ အယ်လ်ကိုဟောပါဝင်နေတဲ့သောက်စရာတွေကြောင့် ကျန်းမာရေးထိခိုက်တာမျိုးတွေရှိနိုင်ပါတယ်။

    သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေရှောင်ပါ

    သင်္ကြန်မှာ အစားအစာတွေက အပြင်စာတွေစားမိဖို့ပိုများပါတယ်။ ဒါတွေတင်ပဲလားဆိုတာမဟုတ်ပါဘူး။မြန်မာလူမျိုးတွေရဲ့ ရိုးရာအတိုင်း နှစ်သစ်ကူးပွဲတော်ချိန်ခါမှာ စတုဒီသာတွေကျွေးမွေးတာကို စားဖြစ်နိုင်ပါတယ်။ သင်္ကြန်တွင်းအစားအသောက်တိုင်းကဘေးမကင်းဘူးလို့တော့မဆိုလိုပါဘူး။ ဒါပေမယ့်တော်တော်များများကတော့ သန့်ရှင်းမှုအားနည်းနိုင်ပါတယ်။ သြက်န်မဏ္ဍပ်ထိုင်တဲ့သူတွေအနေနဲ့ကလည်း မဏ္ဍပ်ကကျွေးတာနဲ့ အနီးအပါးမှာ အလွယ်တကူဝယ်လို့ရတာကို စားမိတာမျိုးဖြစ်နိုင်ပါတယ်။လျှောက်လည်မယ့် သူတွေကျပြန်တော့လည်း သွားရင်းလာရင်းတွေ့တဲ့နေရာမှာ အဆင်သင့်သလို ဝယ်စားလိုက်တာမျိုးရှိနိုင်ပါတယ်။

    တတ်နိုင်ရင်ပြင်ပအစားအသောက်တွေက အနံ့တစ်ခုခုရှိနေလား ဒါမှမဟုတ်ပုံမှန် မဟုတ်တဲ့ အရသာတစ်မျိုးမျိုးရှိနေလားဆိုတာကိုသေချာဆန်းစစ်ကြည့်ပါ။ အနံ့အရသာပုံမှန်မဟုတ်တာမျိုးဖြစ်နေရင် မစားဖို့အကြံပြုပါရစေ။ မသန့်ရှင်းတဲ့အစားအသောက်တွေကြောင့် ဝမ်းလျှောတာ၊ ဖျားနာတာ၊အော့အန်တာ၊ အစာအဆိပ်သင့်တာနဲ့ ခန္ဓါကိုယ်ထဲကိုရောဂါပိုးတွေဝင်ရောက်တာမျိုးဖြစ်နိုင်ပါတယ်။

    ဗိုက်ထဲကအောင့်နေပြီး ဝမ်းအရည်တွေသွားနေမယ်၊ ခဏခဏဝမ်းသွားနေမယ်ဆိုရင်တော့ ဝမ်းလျှောနေပါပြီ။ ဝမ်းလျှောတဲ့အခါ ခန္ဓါကိုယ်ကရေဓါတ်ဆုံးရှုံးသွားပြီဖြစ်တာကြောင့်ရေ၊ဓါတ်ဆားရည်နဲ့စွပ်ပြုတ်ပူပူလေးတို့ကိုသောက်ပေးပါ။

    ဗိုက်ထဲကရစ်ရစ်နာပြီးအော့အန်နေမယ်ဆိုရင်တော့ မသန့်ရှင်းတဲ့ အစားအစာတစ်ခုခုစားမိတာကြောင့် အစာအဆိပ်သင့်တာပါ။ ဆရာဝန်နဲ့ပြသသင့်ပါတယ်။

    သေချာကျက်အောင်ချက်မထားတဲ့အစားအစာတွေ အချဉ်ဖောက်ထားတဲ့ အစားအစာတွေက အစာခြေစနစ်ကိုပြဿနာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင်္ကြန်လည်တဲ့အခါမှာပဲဖြစ်ဖြစ် သင်္ကြန်မဏ္ဍပ်ထိုင်ရင်ပဲဖြစ်ဖြစ် ဝမ်းပျက်စေနိုင်တဲ့ အစားအစာတွေ၊ အစာကြေခဲတဲ့အစားအစာတွေနဲ့ အစာခြေစနစ်ကို ထိခိုက်စေနိုင်တဲ့အစားအစာမျိုးတွေကိုတတ်နိုင်သမျှရှောင်ပါ။

    ရေသောက်ပါ

    ခန္ဓါကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကိုရေတွေနဲ့ဖွဲ့စည်းထားတာပါ။ရေက ဦးနှောက်ကနေစလို့၊ ခန္ဓါကိုယ် ကိုယ်တွင်းအင်္ဂါနဲ့ အရေပြားအထိကောင်းမွန်စွာလည်ပတ်နိုင်အောင်လုပ်ဆောင်ပေးထားပါတယ်။ သင်္ကြန်ရေဆော့တဲ့အခါရေသောက်ဖို့မေ့နေနိုင်ပါတယ်။ သတိထားပြီးရေသောက်ပေးပါ။ရေဓါတ်နည်းတဲ့အခါ ကြွက်တက်တာ၊ မူးဝေတာနဲ့ခြေကုန်လက်ပန်းကျတာတွေဖြစ်နိုင်လို့ ဆီးအောင့်တာ ဆီးကျဉ်တာမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်။နောက်တစ်ခုက ကျောက်ကပ်ထိခိုက်စေနိုင်တာပါ။

    ဒါကြောင့်နေ့စဉ်ခန္ဓါကိုယ်အတွက် သန့်ရှင်းတဲ့ရေကို လုံလောက်တဲ့ ပမာဏရရှိစေဖို့ သတိထားပေးပါ။

    အယ်လ်ကိုဟော သတိပြုပါ

    သင်္ကြန်ကာလမှာ ပုံမှန်ထက်ပိုပြီး အယ်လ်ကိုဟောသောက်မိနိုင်ပါတယ်။ အယ်လ်ကိုဟောပမာဏက ခန္ဓါကိုယ်ထဲမှာ အရမ်းများသွားတဲ့အခါ အရက်နာကျတာမျိုးဖြစ်နိုင်ပါတယ်။ အရက်တွေ ဘီယာတွေသောက်နေရင်းက နှလုံးခုန်နှုန်းက ပုံမှန်ထက်မြန်လာမယ်၊ မျက်လုံးအဖြူသားတွေ နီလာမယ်၊ ဆူညံသံတွေကြားတဲ့အခါ စိတ်တိုလွယ်လာမယ်၊ခေါင်းထဲက ရိပ်တိပ်တိပ်မူးလာမယ်၊အော့အန်မယ်ဆိုရင်တော့သွေးတွင်း အယ်လ်ကိုဟောပမာဏတော်တော်လေးများနေပါပြီ။နောက်တစ်နေ့ အရက်နာကျဖို့ကသေချာနေပါပြီ။

    အရက်တွေကို အလွန်အကျွံသောက်တဲ့အခါ ကျန်းမာရေးကိုထိခိုက်စေနိုင်သလို ခိုက်ရန်ဖြစ်ပွားတာ၊မျှော်လင့်မထားတဲ့ အမှားတွေကျူးလွန်မိတာ၊ မလိုအပ်ဘဲ ထိခိုက်အနာတရ ရရှိတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် အပျော်လွန်ပြီး အယ်လ်ကိုဟောတွေ အများကြီးသောက်မိတာမျိုးမဖြစ်ဖို့လိုပါတယ်။လေဒီတွေဆိုရင်လည်း အယ်လ်ကိုဟောသောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းနည်းသွားနိုင်ပါတယ်။

    ကားနဲ့လည်တဲ့သူတွေအနေနဲ့လည်း အယ်လ်ကိုဟောကို မသောက်သင့်ပါဘူး။ မလိုအပ်ဘဲ ခိုက်ရန်ဖြစ်ပွားပြီး ထိခိုက်မှုတွေဖြစ်နိုင်တာကြောင့်ပါ။ ကားမောင်းမယ့်သူတွေဆိုရင် ပိုပြီး မသောက်သင့်ပါဘူး။ နောက်တစ်ချက်သတိထားရမှာက သင်္ကြန်လည်တဲ့အခါ အထူးသဖြင့် မဏ္ဍပ်ထိုင်တဲ့အခါ သူတပါးကတိုက်တဲ့ အချိုရည်နဲ့သောက်စရာတွေကို မသောက်ဖို့ပါ။

    ဆီးနဲ့ပတ်သက်တဲ့ဝေဒနာတွေ ကာကွယ်ပါ

    သင်္ကြန်လည်တဲ့အခါပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်တဲ့အခါပဲဖြစ်ဖြစ် ဆီးသွားဖို့က သိပ်တော့မလွယ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ဆီးသွားဖို့ အဆင်မပြေတာကြောင့်ရေသိပ်မသောက်ဘဲနေတာမျိုးလည်းဖြစ်နိုင်သလို ဆီးသွားချင်ရက်နဲ့ မသွားဘဲအောင့်ထားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီလိုလုပ်တဲ့အခါ ဆီးအောင့်တာ၊ ဆီးကျဉ်တာနဲ့ ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေရှိလာနိုင်ပါတယ်။

    အသားအရေ နဲ့ ဆံသားထိခိုက်ပျက်စီးမှုမဖြစ်အောင် ဂရုစိုက်ပါ

    သင်္ကြန်ကနွေရာသီအလည်ပိုင်းမှာကျရောက်တာဖြစ်တာကြောင့် အပူချိန်အမြင့်ဆုံးဖြစ်နေတဲ့အနေအထားမှာလေဒဏ်ရောရေဒဏ်ပါရောလိုက်တဲ့အခါ အသားအရေ မပျက်စီးဘဲနေဖို့ဆိုတာက ပုံမှန်တော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အသားအရေမှာနေလောင်တာ၊ရေဓါတ်နည်းတာကြောင့် အသားအရေခြောက်သွေ့ပျက်စီးတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်ရေဓါတ်ပြည့်ဝအောင်သောက်သုံးပြီး ကဖင်းနဲ့ အယ်လ်ကိုဟောပါတာတွေကိုလျော့ပြီးသောက်သုံးဖို့လိုသလို အသားအရေကိုရေဓါတ်ဖြည့်ပေးတဲ့ body lotionတွေလူးဖို့လိုပါမယ်။ မျက်နှာအသားအရေကို moisturizer လူးပေးရပါမယ်။နောက်တစ်ချက်ကလေဒီတွေရော ကိုကိုတွေရော အသားအရေကိုနေလောင်ကာခရင်မ် လူးပေးဖို့ပါ။ရေပက်ခံကပြန်လာတိုင်းနဲ့ မဏ္ဍပ်ကနေပြန်လာတိုင်းမှာရေနဲ့ဆပ်ပြာအသုံးပြုရေချိုးပါ။ အသားအရေကို အားဖြည့်ပေးနိုင်မယ့် lotion မျိုးမျိုးလူးပေးပြီး အိပ်ရေးဝအောင်အိပ်ပါ။

    ဆံသားကနေရောင်နဲ့ရေမျိုးစုံနဲ့ထိတွေ့မှုကြောင့် ထိခိုက်ပျက်စီးနိုင်သလိုကောက်တာ၊ဖြောင့်တာနဲ့ အရောင်ဆိုးတာတွေကြောင့်လည်း ပျက်စီးနိုင်ပါတယ်။ ညနေသင်္ကြန်လည်ပြီးပြန်လာတဲ့အခါခေါင်းကိုစင်နေအောင်လျှော်ပြီး အဆီတစ်မျိုးမျိုးလူးထားပေးပါ။

    သင်္ကြန်ပျော်ရင်း ကျန်းမာရေးထိခိုက်တာတွေ မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်စေဖို့ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်နေထိုင်ကြဖို့ တိုက်တွန်းပါရစေ။ပျော်စရာကောင်းတဲ့မြန်မာ့နှစ်သစ်ကူးချိန်ခါကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement