backup og meta

ကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ

ကလေးတွေမှာဖြစ်တဲ့ လေနာဝေဒနာ

ကလေးတွေ ငိုတယ်ဆိုတာ မဆန်းပါဘူး။ စကားမပြောတတ်သေးတဲ့သူတို့လေးတွေအတွက် ငိုတယ်ဆိုတာက သူတို့ဆာလောင်နေတယ်ဆိုတာ၊ သူတို့လေးတွေရဲ့အဝတ်တွေစိုနေတယ်ဆိုတာနဲ့ သူတို့မအီမသြာဖစ်နေတယ်ဆိုတာတွေကိုဖော်ပြပေးနေတဲ့အချက်ပြမှုပဲဖြစ်ပါတယ်။ ဒါ့အပြင်ငိုကြွေးခြင်းက သူတို့အနေနဲ့ဝေဒနာတစ်ခုခုကို ခံစားနေရတယ်ဆိုတာကိုလည်းဖော်ပြခြင်းဖြစ်ပါတယ်။ ဒီထဲမှာ အဖြစ်အများဆုံးကတော့လေနာဝေဒနာပါ။ အရမ်းကြီးပြင်းထန်ဆိုးရွားတဲ့ရောဂါတစ်မျိုးမဟုတ်ပေမယ့် ညတိုင်းငိုယိုနေတဲ့ ကိုယ့်ရဲ့ ကလေးကို ကြည့်ရတာ ဘယ်မိဘအတွက်မှ စိတ်ချမ်းသာစရာမကောင်းပါဘူး။ ဒီဆောင်းပါးမှာတော့လေနာဝေဒနာအကြောင်းနဲ့ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ်လို့မရလဲဆိုတာတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

လေနာဖြစ်နေတယ်ဆိုတဲ့ လက္ခဏာများ

ကလေးဆိုတာကတော့ ငိုမှာပါပဲ။မွေးကင်းစကလေးငိုတာကရောဂါကြောင့်မဟုတ်ပါဘူး။ ကလေးသဘာဝအတိုင်း ငိုတာပါ။မွေးကင်းစကလေးငယ်တွေဟာ တစ်နေ့ကို ၂ နာရီလောက်ကို ငိုတတ်ကြပါတယ်။

ဒီအချက်လေးတွေရှိနေရင် ကလေးမှာလေနာဖြစ်နေတာဖြစ်နိုင်ပါတယ်။

  • အကြောင်းအရင်းမရှိဘဲ ငိုနေတာ။ ဆာတာလည်းမဟုတ်၊သေးခံညစ်ပေနေတာမျိုးလည်းမဟုတ်ဘဲ ငိုနေရင်
  • ညနေတိုင်းအချိန်မှန်ငိုနေတာကနေ့တိုင်းဖြစ်နေခဲ့ရင်
  • တစ်နေ့ကို ၃နာရီလောက်ငိုတာက တစ်ပတ်ကို ၃ ရက် ဒါမှမဟုတ် ၃ ရက်ကျော်လောက်အထိငိုနေမယ်ဆိုရင်
  • အသံက ပုံမှန်မဟုတ်ဘဲ အာခေါင်ခြစ်ပြီးအော်ငိုနေရင်
  • ဘယ်လိုမှချော့လို့မရဘဲဖြစ်နေရင်

အခြားလက္ခဏာများ

  • လက်သီးကို ဆုပ်ရင်းငိုနေရင်
  • သူရဲ့လက်ရောခြေထောက်ရောကို ဗိုက်ဆီကိုကွေးညွတ်ထားရင် ခပ်ကွေးကွေးပုံသဏ္ဍာန်နဲ့ ငိုနေရင်
  • ဗိုက်ထဲကလေပွနေတာမျိုးဖြစ်နေရင်
  • မျက်နှာနီရဲပြီးငိုနေရင်
  • ဗိုက်ကြွက်သားလေးတွေတင်းနေရင်

ဘာကြောင့်လေနာဖြစ်ရတာလဲ

ကလေးတွေမှာလေနာဖြစ်ရတဲ့အကြောင်းအရင်းကိုဘယ်သူမှတိတိကျကမသိသေးပါဘူး။ ကလေးတွေရဲ့ အူတွေကသေသေချာချာမဖွံ့ဖြိုးသေးတာကြောင့်ဖြစ်နိုင်သလို မိခင်နို့အပြင် ကလေးတွေကို တိုက်ကျွေးတဲ့ အာဟာရမှုန့်တွေထဲမှာ ကလေးနဲ့ ဓါတ်မတည့်တဲ့အရာတွေပါဝင်နေတာကြောင့်ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ နို့နဲ့ဓါတ်မတည့်တဲ့အခါမျိုးမှာလည်း ကလေးတွေမှာ လေနာဖြစ်သလို လက္ခဏာတွေပြတတ်ပါသေးတယ်။

ကိုယ်ဝန်ဆောင်ကာလအတွင်းဆေးလိပ်ေသာက်သုံးတဲ့မိခင်တွေရဲ့ ကလေးငယ်တွေမှာလေနာဖြစ်နိုင်ခြေက ပုံမှန်ထက် နှစ်ဆလောက်ပိုနေတတ်ပါတယ်။ မိခင်နို့ပဲတိုက်တိုက် နို့မှုန့်ပဲတိုက်တိုက်လေနာဖြစ်နိုင်ခြေက အတူတူပါပဲ။

ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

လေနာဝေဒနာက ကလေး ၃ လအရွယ်လောကမှာ သူ့ဘာသာအလိုလိုဖြစ်လာတတ်တဲ့ဝေဒနာပါ။ ကလေးလေနာကိုစောင့်ရှောက်ပေးနိုင်မယ့် နည်းလမ်းအချို့တော့ရှိပါတယ်။ ဒါတွေကတော့ –

လေထိုးလေအောင့်သက်သာစေမယ့်ဆေးတစ်မျိုးမျိုးတိုက်ရပါမယ်။ဆရာဝန်နဲ့တိုင်ပင်ပြီး လေအောင့်ပျောက်စေနိုင်တဲ့ဆေးတိုက်ကျွေးပေးလို့ရပါတယ်။

Probiotics-Probiotics ဆိုတာက အစာခြေလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို ထိန်းညှိရာမှာကူညီပေးတဲ့ အရာတစ် ခုပါ။ ကလေးတွေမှာလေနာဖြစ်ရတဲ့အကြောင်းအရင်းက သူတို့ရဲ့အစာခြေလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ မျှမျှတတ မရှိတာကြောင့်ဖြစ်ပါတယ်။ကလေးငယ်ကို ဝေဒနာကင်းဝေးစေဖို့ဆိုရင်တော့ အစာခြေလမ်းကြောင်းကို အထောက်အကူပြုပေးပြီးခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အကျိုးပြုဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့Lactobacillus reuteri bacteriaကို ထည့်သွင်းထုတ်လုပ်ထားတဲ့ အစာခြေစနစ်ကျန်းမာစေတဲ့ဆေးတစ်မျိုးမျိုးကိုတိုက်ကျွေးပေးလိုက်ပါနော်။

ကလေးကို သက်သာစေအောင်ဆေးတစ်ခုခုတိုက်မယ်ဆိုရင် ဆရာဝန်နဲ့အရင်တိုင်ပင်တာအကောင်းဆုံးဖြစ်ပါမယ်။

ကလေးကိုလေနာသက်သာစေနိုင်မယ့် အခြားနည်းလမ်းများ

ကလေးငိုနေတာကိုထိုင်ကြည့်နေဖို့ဆိုတာက မိဘတွေအတွက်တော့ တော်တော်လေးမလွယ်တာပါ။ တချို့မိဘတွေကျတော့လည်း ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ အခုပြောပြမယ့်နည်းလမ်းတွေက ကလေးငယ်ကိုလေနာမဖြစ်အောင် အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်ပါလိမ့်မယ်။

  • ကလေးကို အစားအစာတွေကျွေးတဲ့အချိန်မှာ မတ်မတ်လေးထားပေးပါ။
  • ကလေးကို တစ်ခါကျွေးရင်နည်းနည်းနဲ့ အကြိမ်ရေများများကျွေးပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးငယ်မှာလေနာဝေဒနာဖြစ်ပေါ်နိုင်ခြေကိုလျော့ပါးစေနိုင်ပါတယ်။
  • ကလေးငယ်ကိုကျွေးမွေးနေတဲ့ အာဟာရမှုန့်တွေနဲ့နို့မှုန့်တွေကို စမ်းပြီးပြောင်းကျွေးကြည့်ပါ။
  • ကလေးကိုနို့တိုက်ရာမှာ အသုံးပြုနေတဲ့ နို့ဗူးတွေ၊နို့သီးခေါင်းတွေကိုပြောင်းသုံးကြည့်ပေးပါ။ ဒီနည်းလမ်းလေးတွေကလည်းကလေးငယ်ကိုလေနာသက်သာအောင်လုပ်ဆောင်ပေးပါလိမ့်မယ်။
  • ကလးကိုလေနာသက်သာစေဖို့က စိတ်အေးလက်အေးဖြစ်အောင်လုပ်ပေးဖို့လည်းလိုအပ်ပါလိမ့်မယ်။
  • ကလေးကို တိတ်ဆိတ်ငြိမ်သက်တဲ့အခန်းထဲမှာ လှဲလျောင်းစေတာမျိုး
  • စောင်လေးနဲ့ထွေးပေးထားတာမျိုး
  • ပေါင်ပေါ်မှာမှောက်လျက်သားလေးထားပြီးလေထုတ်ပေးတာမျိုး
  • ကလေးကို နှိပ်နယ်ပေးတာမျိုး ဗိုက်ကိုရေနွေးပုလင်းခပ်နွေးနွေးလေးနဲ့ကပ်ပေးတာမျိုး
  • ရေနွေးနဲ့ရေချိုးပေးတာမျိုးတွေလုပ်ပေးလို့လည်းရပါသေးတယ်။

ဒီလိုအခြေအနေမျိုးတွေဖြစ်ရင် ဆရာဝန်နဲ့ပြသပေးဖို့လိုပါမယ်

  • ကလေးကဝမ်းပျက်နေပြီး ဝမ်းထဲမှာသွေးပါလာရင်
  • အစားမှန်မှန်စားနေပေမယ့် ကိုယ်အလေးချိန်တိုးမလာရင်
  • အဖျားက ၁၀၀.၄ ထက်ကျော်နေရင်
  • အန်နေရင်
  • ဖျားပြီးအီနေရင်
  • တက်တက်ကြွကြွမရှိဘဲ ကလေးကပုံမှန်ထက်ငြိမ်နေရင် ဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/parenting/baby/what-is-colic#1

https://www.webmd.com/parenting/baby/colic-symptoms

https://www.webmd.com/parenting/baby/colic-treatments#2

https://www.mayoclinic.org/diseases-conditions/colic/basics/causes/con-20019091?p=1

https://www.medicalnewstoday.com/articles/162806.php

ယခုပုံစံ

05/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေ အစာခြေစနစ်ကျန်းမာစေမယ့် Prebiotic တွေဘယ်ကရနိုင်လဲ

မြန်မာနိုင်ငံက ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement